သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းလက်နက်ကိုင် ညှိနှိုင်းရေးအဖွဲ့ အပစ်ရပ်ရေး ဆက်လက်ဆွေးနွေးမည်


နိုင်ဟံသာ (လယ်)
နိုင်ဟံသာ (လယ်)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး NCCT ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့နဲ့ ဆက်လက်ဆွေးနွေးဖို့ မကြာခင် ရန်ကုန်ကို သွားရောက်ဖို့ရှိပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ဖို့ နှစ်ဘက်အဆိုပြုထားတဲ့ မူကြမ်းတွေကို မူတခုတည်းဖြစ်ပေါ်လာရေး ဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ သွားရောက်မှာဖြစ်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး NCCT ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ပထမပတ်မှာ ရန်ကုန်ကိုသွားရောက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတိုနဲ့ ထပ်မံတွေ့ဆုံ ဆွေးနွေးကြဖို့ရှိပါတယ်။ အဓိကအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲနိုင်ရေး အစိုးရနဲ့ တိုင်းရင်းသားတွေဘက်က တင်သွင်းထားတဲ့ မူကြမ်း ၂ ရပ်ကို ဆက်လက် ညှိနှိုင်းကြဖို့ ဖြစ်တယ်လို့ NCCT ပြောခွင့်ရပုဂ္ဂိုလ် နိုင်ဟံသာ က ပြောပါတယ်။

“မူတခုတည်းဖြစ်ပေါ်လာဖို့အတွက်က အန်ကယ်လ်တို့ဘက်က လောခီးလာမူကို အခြေပြုပြီးတော့ တင်ပြဆွေးနွေးမယ် - ဟိုဘက်ကတော့ ဘယ်မူကို ကိုင်ပြီးတော့ ဆွေးနွေးမလဲဆိုတာ လောလောဆယ် မပြောနိုင်သေးဘူး။ အဲဒီတော့ သဘောတူညီနိုင်တဲ့အချက်အလက်တွေကို စုပြီးတော့ရေးမယ်၊ တချို့အနိမ့်အမြင့်ကွာနေတဲ့ဟာတွေကို နည်းနည်းညှိပြီးတော့ ညှိလို့ရရင်လည်း ထည့်သွားမယ်။ တချို့သဘောမတူညီနိုင်တဲ့ဟာတွေကို ဒါကတော့ နည်းနည်းအချိန်ယူပြီးတော့ ဆက်လက်ဆွေးနွေးသွားဖို့ ရှိတယ်။”

လက်ရှိ တိုင်းရင်းသားအဖွဲ့တွေရဲ့ လက်ထဲမှာတော့ အစိုးရဘက်ကပေးလာတဲ့ မူကြမ်းကြီးပဲ ၃ ခု ရှိနေတာပါ။ ဒီမူကြမ်း ၃ ခုထဲက ဘယ်အခုဟာ တရားဝင် အစိုးရဘက်က ကိုင်စွဲထားတဲ့ မူကြမ်းလဲဆိုတာတော့ မသိသေးဘူးလို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။ ဒါပေမဲ့ ဒီမူကြမ်း ၃ ခုထဲကမှ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပေးအပ်ခဲ့တဲ့ ဒုတိယမူကြမ်းက တိုင်းရင်းသားတွေရဲ့ဆန္ဒနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးတဲ့နေရာမှာ နီးစပ်မှု ရှိတယ်လို့လည်း နိုင်ဟံသာက ပြောဆိုခဲ့ပါတယ်။

တတိယမူကြမ်းကတော့ တပ်မတော်က ရေးဆွဲထားတဲ့ မူကြမ်းဖြစ်ပြီး မကြာသေးခင်က ရန်ကုန်မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးစဉ် တပ်မတော်ကိုယ်စားလှယ် အရာရှိတစ်ဦးက ပေးအပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီမူကြမ်းမှာ အဓိကပါဝင်တဲ့ အချက်တွေနဲ့ တိုင်းရင်းသားတွေရဲ့ အမြင်ကို မေးကြည့်တဲ့အခါမှာတော့-
“ တပ်မတော် ရပ်တည်ချက် ၆ ချက်ပေါ့။ အဲဒါ အဓိကပါလာတယ်။ နောက် တို့တာဝန်အရေးသုံးပါးဆိုတဲ့ဟာတွေ ပါလာတာပေါ့လေ။ နောက် ဖဒရယ်ပြည်ထောင်စုလို့ မသုံးဘဲနဲ့ ပြည်ထောင်စုလို့ပဲ သုံးတယ်၊ ပင်လုံစာမူ၊ ပင်လုံစာချုပ် မဟုတ်ဘဲနဲ့ ပင်လုံစိတ်ဓာတ်ဆိုတဲ့ဟာ အဲလိုမျိုးတွေပါလာတာ၊ တချို့အများကြီးပါပဲ၊ ပြန်ပြင်ရမယ်။ တပ်ပိုင်းဆိုင်ရာမှာလည်း ကျနော်တို့က လက်မခံနိုင်တဲ့ဟာတွေ ညှိဖို့ တော်တော်လေး အခက်အခဲရှိမယ့်ဟာတွေ အများကြီးတွေ့ရတယ်။ ဆိုလိုတာကတော့ တိုင်းရင်းသားတွေကို ဘယ်လိုထိန်းချုပ်မလဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ ပုံစံ ပိုပြီးတော့ များလာတာပဲ။ တိုင်းရင်းသားတွေနဲ့တန်းတူ ဆွေးနွေးညှိနှိုင်းချင်တဲ့ဟာမျိုး မတွေ့ရဘူး။”

UNFC အဖွဲ့ဝင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဦး ဥက္ကဋ္ဌ မိုင်းအိုက်ပုန်း ဖြစ်ပါတယ်။ လောလောဆယ် အခြေအနေထိကတော့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့က NCCT ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရပြည်ထောင်စုဝန်ကြီးတွေ၊ တပ်မတော် ကိုယ်စားလှယ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရှေ့နေချုပ်ပါ တွေ့ဆုံခဲ့ကြပြီး အခန်း ၇ ခန်းပါတဲ့ မူကြမ်းတခုကို တဘက် ၉ ဦးပါ စာကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းပြီး မူတခုတည်း ဖြစ်ပေါ်လာရေး ဆွေးနွေး သဘောတူညီထားကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနောက်ပိုင်းမှာလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို နောက်လထဲမှာ လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေကို မြန်မာငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေကို မေးကြည့်ခဲ့ပါတယ်။

“ကျနော်တို့တွေ့ဖို့ကိုတော့ ၅၊ ၆ မှာလုပ်ဖို့ မျှော်လင့်ထားတယ်။ ၅၊ ၆ ဖြစ်တော့ ကျနော်တို့ဗမာသင်္ကြန်က ဒီမှာ ဆယ်ရက်နေ့ဆို စပိတ်ပြီ။ အဲဒီတော့ ၅ ရက်၊ ၆ ရက်မှာ (100%) ပြေလည်ဖို့ ဆိုတာတော့ ကျနော်တော့ မထင်ဘူး။ ဒါပေမယ့် ၁၀၀% ပြေလည်ရင်လည်း NCCT က ဒါကို မူကြမ်းအနေနဲ့ သူတို့ခေါင်းဆောင်တွေဆီ ယူသွားရမယ်၊ ယူပြီးတော့မှ သူတို့ခေါင်းဆောင်တွေနဲ့ ညှိရအုံးမယ်။ သူတို့ခေါင်းဆောင်တွေက ၁၀၀ % သဘောတူပြီဆိုရင်တောင်မှ ဖားအံပွဲလိုတစ်ခု ရှိချင်လည်းရှိအုံးမယ်။ အဲဒီဟာ နောက်ဆုံး နေပြည်တော်မှာ ဘယ်နေ့လုပ်မယ်တို့ ဘာတို့ ရက်ချိန်းတွေ၊ ဘာလို့လဲဆိုတော့ နိုင်ငံတကာက လူတွေဖိတ်ဖို့ဆိုတော့ အနည်းဆုံးသုံးပတ်ကြိုလိုတယ်ဗျ။ လက်မှတ်ထိုးဖို့က။ ကျနော် ရိုးရိုးသားသားပြောရရင်တော့ ဒီဘက်လမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒေါက်တာမြတ်မိုးတို့ကတော့ မေလလောက်ထိုးချင်တယ်လို့ ပြောတယ်။

တပ်မတော်ခေါင်းဆောင်တွေကတော့ သြဂုတ်လ(၁) ရက်နောက်ဆုံးထားပြီး ထိုးလိုပါတယ်၊ ဒါကိုလည်း ဝိုင်းပြီးတော့စဉ်းစားပေးဖို့ ပြောထားတော့ အားလုံးအစစအရာရာအဆင်ပြေရင်တော့ ဇွန်လလောက် ဒါမှမဟုတ်လည်း ဇူလိုင်လလောက်တော့ ဖြစ်လိမ့်မယ်။ အခုက ကျနော်မြင်တာကတော့ KIO တဖွဲ့ကလွဲရင် ကျန်တာ အတော်များများက နီးစပ်နေပြီ”

NCCT တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဟာ လာမယ့် ဧပြီလ ၂ ရက်နေ့မှာတော့ ရန်ကုန်ကို မထွက်ခွာခင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့လည်း ရှိပါတယ်ရှင်။
XS
SM
MD
LG