သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးရန်ပုံငွေ နဲ့ ပွင့်လင်းမြင်သာမှု


 ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း (Myanmar State Counsellor Office)
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း (Myanmar State Counsellor Office)

လက်ရှိဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) အနေနဲ့ ရရှိတဲ့ ငြိမ်းချမ်းရေးအတွက် ရန်ပုံငွေသုံးစွဲရာမှာ ပွင့်လင်းမြင်သာမှုရှိရှိ နဲ့ ပြည်သူကို အသိပေးဖို့ လိုအပ်သလို ထွက်ပေါ်လာတဲ့ ရလဒ်တွေကလည်း ပြည်သူ့ဆန္ဒနဲ့ ထပ်တူကျဖို့ လိုအပ်ကြောင်း သုံးသပ်တွေရှိနေပါတယ်။ တချိန်တည်းမှာပဲ စီမံခန့်ခွဲမှုအပိုင်းမှာ ပိုမိုနှောင့်နှေးတာတွေဖြစ်ပေါ်လာမှာကို စိုးရိမ်တာတွေလည်း ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB)ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူပြီး အစိုးရကိုယ်စားလှယ် ၈ဦး နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်၈ဦးတို့နဲ့ ဒီလ ၂၀ရက်နေ့က နေပြည်တော်မှာ ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီအဖွဲ့က ငြိမ်းချမ်းရေးရန်ပုံငွေခွဲဝေသုံးစွဲရာမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်းရေးအထောက်အကူပြုဖွံ့ဖြိုးရေးကဏ္ဍ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကဏ္ဍဆိုပြီး ဦးစားပေးကဏ္ဍ ၄ရပ်သတ်မှတ်ဆောင်ရွက်ဖို့လည်း သဘောတူခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) အဖွဲ့ရဲ့ ရန်ပုံငွေသုံးစွဲမှုဟာ ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူကို အသိပေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

“အရင်အစိုးရလက်ထက်မှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏဟာ နည်းတာမဟုတ်ဘူး အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများပြည်သူလူထုက မသိရှိခဲ့ရဘူး။ အဲဒီတော့ လက်ရှိအစိုးရလက်ထက်မှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘဏ္ဍာငွေသုံးစွဲမှုအပေါ်မှာ ပြည်သူလူထုအနေနဲ့ သုံးစွဲမှုအပေါ်မှာ ပြည်သူလူထုအနေနဲ့ပွင့်လင်းမြင်သာမှုရှိရှိ သိနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ အဲဒီရန်ပုံငွေတွေကို သုံးစွဲပြီးတော့ ထွက်ပေါ်လာတဲ့ ရလဒ်တွေပေါ့လေ ၊ အဲဒီ ရလဒ်တွေကလည်း ပြည်သူလူထုဆန္ဒနဲ့ တထပ်တည်းကျဖို့ လိုအပ်တယ်။ နောက်ပြည်သူလူထုကိုလည်း တကယ်ထိထိရောက်ရောက် အကျိုးပြုနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။”

အထူးသဖြင့် စစ်ရှောင်စခန်းက ပြည်သူတွေအတွက် ဘယ်လို သုံးစွဲတယ်ဆိုတာကို တင်ပြသင့်ကြောင်းလည်း ဆက်ပြောပါတယ်။

“အထူးသဖြင့်အခုလက်ရှိပေါ့လေ စစ်ဘေးရှောင်စခန်းတွေမှာရောက်နေတဲ့ ကျနော်တို့ ပြည်သူလူထုအများစုရဲ့ စားရေးဝတ်ရေးနေရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ထိထိရောက်ရောက် ဒီရန်ပုံငွေထဲကနေ ခွဲဝေသုံးစွဲမယ်ဆိုတာမျိုးကို ပွင့်လင်းမြင်သာမှုရှိရှိအသိပေးနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။”

ISP ခေါ် မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့က ဒါရိုက်တာတဦးဖြစ်တဲ့ ဦးအောင်သူငြိမ်း ကတော့ သူ့အမြင်နဲ့ စိုးရိမ်မှုကို အခုလို ပြောပါတယ်။

“နိုင်ငံ ၉ ခုကပေါင်းထားတဲ့ Joint Peace Fund လို့ခေါ်တဲ့ မြန်မာငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပူးတွဲပြီးတော့ ရန်ပုံငွေတခုရှိပါတယ်။ ဒေါ်လာသန်း ၁၀၀ ကျော်လောက်ရှိတယ်ပေါ့နော်။ ဆိုတော့ သူတို့ကနေပြီးတော့ ကျနော်တို့ တိုင်းပြည်ကို အကူအညီပေးတဲ့အခါမှာ အစိုးရဘက်ကတော့ မလိုအပ်ပဲ သုံးတဲ့ ကိစ္စမျိုးကို စိုးရိမ်တယ်၊ နောက် ဒီငွေတွေနဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲမှုလုပ်ချင်တဲ့ သဘောရှိတယ်။ ရှိတဲ့အခါကျတော့ ခုနပေးမယ့် နိုင်ငံတွေနဲ့ ဒီအစိုးရနဲ့ အပြန်အလှန်ညှိနှိုင်းပြီးတော့ ဘယ်ကိစ္စတွေတော့ သုံးမယ်၊ ဘယ်ကိစ္စတွေကတော့ မသုံးဘူးပေါ့နော်၊ စသဖြင့် ဒီလိုညှိနှိုင်းမှုတွေနဲ့ သွားတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ စိုးရိမ်တာပေါ့နော်၊ အစိုးရဘက်မှာ ဒါကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရင်ကောင်းပါတယ်၊ အဲလိုမှမဟုတ်ပဲနဲ့ ထပ်ပြီးတော့ စောင့်ရတာတွေ၊ အချိန်ကြာတာတွေဖြစ်လာရင်တော့ ကြားထဲမှာ အဖုအထစ်တွေရှိနိုင်မယ်လို့ထင်ပါတယ်။”

NCA ခေါ် တနိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူညီချက်အရ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအကောင်အထည်ဖော်ရာမှာ ကြန့်ကြာမှုတွေရှိနေတာကြောင့် လက်ရှိမှာ ပိုမိုမြန်ဆန်ဖို့လိုကြောင်း လည်း ထောက်ပြပါတယ်။

“ကျနော်တို့ NCA လို့ ခေါ်တဲ့ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးပြီးတဲ့အချိန်ကစလို့ တိုင်းရင်းသား ဒေသတွရဲ့ဖွံဖြိုးရေးလုပ်ပေးပါမယ်ဆိုတဲ့ ကတိက ရှိထားတယ်ခင်ဗျ။ အဲဒါတွေတောင်မှ ပြန်ပြီးတော့ကြည့်ရင် တော်တော်လေးနှေးနေသေးတယ်ပေါ့နော် ဖွံဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ပေးတဲ့ အပိုင်းတွေဆိုတော့ ကျနော်မြင်တာကတော့ ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာဖို့လည်းလိုတယ်၊ ပိုပြီးတော့ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လည်းလိုတယ်လို့ ထင်ပါတယ်။”

JCB ဖွဲ့စည်းရေးဆိုင်ရာအစည်းအဝေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာရန်ပုံငွေနဲ့ပတ်သက်ပြီး ကန့်သတ်ထိန်းချုပ်မှာမဟုတ်ကြောင်း၊ စီမံကိန်းတွေကို မျှမျှတတနဲ့ ထိထိရောက်ရောက်ဖြစ်အောင် ဦးတည်ဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာထောက်ပံမှုတွေကို ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှုအပြည့်နဲ့ဆောင်ရွက်ဖို့ကို ထည့်သွင်းပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG