သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးတွေ့ဆုံမှု တဖွဲ့ချင်းသီးခြားဆွေးနွေးမှာ မဟုတ်ဟု FPNCC ဆို


၂၀၁၇ မေလတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် မြောက်ပိုင်းဒေသတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့တွေ့ဆုံစဉ် (myanmar state counsellor office)
၂၀၁၇ မေလတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် မြောက်ပိုင်းဒေသတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့တွေ့ဆုံစဉ် (myanmar state counsellor office)

မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာမှာ သီးခြား တဖွဲခြင်းတွေ့ဆုံဆွေးနွေး မှာမဟုတ်ဘဲ ကော်မီတီအစုအဖွဲ့အလိုက် ဆွေးနွေးသွားမယ်လို့ မြောက်ပိုင်းဒေသ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCC တာဝန်ရှိသူတွေ ကနေ ပြောဆိုခဲ့ ပါတယ်။ FPNCC အဖွဲ့အနေနဲ့ NCA လမ်းကြောင်းကို အယုံအကြည်မရှိသလို သုံးပွင့်ဆိုင် အခြေခံပုံစံမျိုးနဲ့ တွေ့ဆုံဆွေးနွေး ဖို့လိုလားတယ်လို့လဲဆိုပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြောက်ပိုင်းဒေသတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ကနေ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ သီးခြားတဖွဲခြင်းတွေ့ဆုံဆွေးနွေးမှာမဟုတ်ဘူးလို့ PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး အတွင်းရေးမှူး ဗိုလ်မှူးကြီးတာ့ဘုန်းကျော်ကပြောပါတယ်။

"မြန်မာ့တပ်မတော်ရယ်၊ မြန်မာအစိုးရရယ် ကျွန်တော်တို့ကိုခွဲပြီးတွေ့မယ်။ တဖွဲ့ချင်းတွေ့မယ် စသည်ဖြင့်ပြောတဲ့ဟာကို ကျွန်တော် တို့ ကမတွေ့နိုင်ဘူး။ ကော်မတီအနေနဲ့ပဲတွေ့မယ်။ ဒီလိုဘဲဆက်လက်ရပ်တည်ထားပါတယ်။"

ပြီးခဲ့တဲ့သြဂုတ်(၁၈)ရက်ကနေ (၂၄)ရက်နေ့အထိ UWSA ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ ထိန်းချုပ်ရာ ပန်ခမ်းဒေသမှာ တိုင်း ရင်းသားလက်နက်ကိုင်(၇)ဖွဲ့ကနေ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီအစည်းအဝေးကိုကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးကနေ နိုင်ငံရေးပြဿနာကို လက်တွေ့ကျကျဆွေးနွေး နိုင်တဲ့ အခင်းကျင်းမျိုးကိုဆွေးနွေး ခဲ့ကြတယ်လို့ ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ဆက်ပြောပါတယ်။

"ကျွန်တော်တို့မြောက်ပိုင်းဦးတည်ချက်က မြန်မာအစိုးရရဲ့NCAကို ဘယ်လိုမှ အယုံကြည်မရှိဘူး။ တကယ်လက်တွေ့ကျနိုင်တဲ့ အပစ် ခတ်ရပ်စဲရေးစာချုပ် ကျွန်တော်တို့ လုပ်ဖို့လိုတယ်။ ပြီးတော့နိုင်ငံရေးဆွေးနွေးနေတာလဲ အခုလို ၂၁ရာစုပင်လုံအခင်းအကျင်းနဲ့ NCA က ထွက်လာတဲ့ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးမူဘောင်နဲ့ ဆွေးနွေးတာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ ပါဝင်သင့်ပါဝင် ထိုက်တဲ့ ကျွန်တော်တို့ သုံးပွင့်ဆိုင်အခြေခံပုံစံမျိုး။ နိုင်ငံရေးပြဿနာကို လက်တွေ့ကျကျဆွေးနွေးနိုင်တဲ့အခင်းကျင်းမျိုး ကျွန်တော် တို့ ဆွေးနွေးထားတယ်။"

FPNCC အနေနဲ့ အစိုးရ တပ်မတော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း သုံးပွင့်ဆိုင်ပုံစံနဲ့ဆွေးနွေးဖို့လိုလားတယ်လို့သူက ဆိုပါတယ်။

အဖွဲ့အနေနဲ့လာမယ့် တတိယအကြိမ် ၂၁ ရာ စုပင်လုံညီလာခံအစည်းအဝေးကို အစိုးရဘက်က တက်ရောက်ဖို့ တရားဝင် ဖိတ်ကြားလာမယ်ဆိုရင် FPNCC အနေနဲ့ တစ်စုတစ်စည်းတည်း တက်ရောက်သွားမယ်လို့လဲ ဆုံးဖြတ်ထားပါတယ်။

ဒီအစည်းဝေးကနေ FPNCC ခေါင်းဆောင်အဖြစ် UWSP ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းကို ကော်မတီ ဥက္ကဋ္ဌအဖြစ်ရွေးချယ်ပြီး ကချင်အဖွဲ့ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို ကေ်ာမတီ ဒုဥက္ကဋ္ဌအဖြစ်ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။

ပန်ခမ်းမှာကျင်းပတဲ့FPNCC အဖွဲ့ဝင်အစည်းအဝေးကို ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)(ကိုးကန့်အဖွဲ့)၊ ရခိုင်တပ်မတော် (AA) နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA)(မိုင်းလားအဖွဲ့) တို့မှ ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် FPNCC အဖွဲ့နဲ့ နိုင်ဟံသာဦးဆောင်တဲ့UNFC ညီညွှတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီကိုယ်စားလှယ် အဖွဲ့နဲ့ သြဂုတ်(၂၅)ရက်နေ့မှာတွေ့ ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပက်သက်လို့ ဗိုလ်မှူးကြီး တာ့ဘုန်းကျော်ကအခုလိုဆက်ပြောပါတယ်။

"UNFC အဖွဲ့နဲ့ကျွန်တော်တို့တွေ့ဆုံတာ အဓိကကတော့ UNFCကတော့ ရွေးချယ်နိုင်ဖို့ အခွင့်အလမ်းကသိပ်နည်းတယ်။ နယ်မြေအကန့် အသတ်တွေသိပ်များတဲ့ အတွက်ကြောင့် အခုNCAထဲမှာလိုက်ပါပြီးဆွေးနွေးရတဲ့ အပိုင်းတွေဖြစ်တယ်။ ဥပမာ NCAကို ပြုပြင်ပြောင်း လဲပြီးတော့မှ ပြောင်းလဲတဲ့အချက်(၈)ချက်ကို တင်ထားပါတယ်။ အဲဒီအပေါ်မှာ ရပ်တည်ပြီးမှဆောင်ရွက်သွားမယ် အနေအထားမှာ ဒါ UNFC ဆောင်ရွက်နေတဲ့ဟာ။ ဆိုတော့ အဲဒီရပ်တည်ချက်တွေUNFCခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ အပြန်အလှန်ဆွေးနွေး ကြတယ်။ ရေရှည်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက် နိုင်မလဲကျွန်တော်တို့ဆွေးနွေးကြတယ်။ UNFCရဲ့ လက်ရှိ ရပ်တည်ချက်ကိုလဲ နိုင်ငံရေးအရစာနာနားလည်တယ်။ ဆက်လက်တောင့်ခံထားဖို့ကျွန်တော်တို့ အပြန်အလှန်ဆွေးနွေးညှိနှိုင်း ကြ တာမျိုးရှိပါတယ်။"

တောင်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့ UNFCအဖွဲ့ကနေနုတ်ထွက်ဖို့ နှုတ်ထွက်စာပေးပို့ထားတဲ့ အတွက်ကြောင့် လက်ရှိUNFC အတွင်းမှာ မွန်ပြည်သစ်ပါတီ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ရခိုင်အမျိုးသားကောင်စီ ANC လားဟူဒီမိုကရက်တစ် အစည်းအရုံးLDU စတဲ့(၄)ဖွဲ့သာကျန်ရှိနေပါတယ်။

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အနေနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာလုပ်ငန်းတွေ ဆွေးနွေးနိုင်ဖို့ အစိုးရကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပေးဖို့ ကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ သြဂုတ်လ(၂၄)ရက်နေ့ရက်စွဲနဲ့ မြန်မာအစိုးရ ကိုတောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်နိုင်ဖို့ တရုတ်နိုင်ငံဘက်က သွားလာရေး၊ လုံခြုံရေးပိုင်းတွေအပြင် ကြား ဝင်ညှိနှိုင်းမှုတွေပါ လုပ်ဆောင်ပေးဖို့ ကိုလည်း FPNCC ဘက်ကနေ တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုချက်တွေအပေါ် မြန်မာအစိုးရဘက်ကနေ အကြောင်းပြန်လာတာ မရှိသေးသလို ဘယ်ရက်နေ့မှာတွေ့ဆုံနိုင် မလဲဆို တာ သိရှိဖို့ မြန်မာငြိမ်းချမ်းရေးကော်မရှင် အဖွဲ့တာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။

လက်ရှိကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဒေသအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ စစ်ရေးတင်းမာနေဆဲအခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG