သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ရံပုံငွေ ကြောင့် နိုင်ငံရေး ဖြေရှင်းမှု ဘေးဖယ် ခံရဖွယ် စိုးရိမ်


ကချင်ထိန်းချုပ်နယ်မြေအတွင်း လိုင်ဇာဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ကစားနေကြပုံ ( ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂)
ကချင်ထိန်းချုပ်နယ်မြေအတွင်း လိုင်ဇာဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ကစားနေကြပုံ ( ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂)
တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေ အတွက် နိုင်ငံတကာ ငြိမ်းချမ်းရေးရံပုံငွေ ချထားပေးတာတွေဟာ ငြိမ်းချမ်းရေး အတွက် တကယ်လိုအပ်တဲ့ နိုင်ငံရေးအဖြေရှာမှုတွေထက်၊ ဖွံ့ဖြိုးရေး အတွက်ပဲ အဓိက ဆောင်ရွက်တာမို့ ဦးတည်ချက်လွဲမှာ စိုးရိမ်ကြောင်း မြန်မာ့အရေး ဆောင်ရွက်နေသူ တချို့ကပြောပါတယ်။

နော်ဝေ၊ ကမ္ဘာ့ဘဏ်၊ EU ဥရောပသမဂ္ဂ၊ ဗြိတိန်၊ Australia နဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းပြီး ဇွန်လထဲမှာ စတင်ဖွဲ့စည်းခဲ့တဲ့ နော်ဝေနိုင်ငံ အခြေစိုက် Peace Donor Support Group လို့ခေါ်တဲ့ ငြိမ်းချမ်းရေးရံပုံငွေအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင် နေမှုတွေ ကြောင့် ဒီဒေသတွေအတွက် ကနဦး ရံပုံငွေ ဒေါ်လာသန်း ၃၀ ချထားပေးဖို့ပါ အဖွဲ့က ကတိပေးခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း CDDP လို့ခေါ်တဲ့ လူထုဦးဆောင်လှုပ်ရှားတဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေ အတွက် ဒေါ်လာ ၈၅သန်း ချထားပေးပြီး စာသင်ကျောင်းတွေ၊ ရေရရှိရေးနဲ့ လမ်းပမ်းဆိုင်ရာ အပြင် တခြား ဒေသခံတွေရဲ့ လိုအပ်ချက်နဲ့ အညီလုပ်ဆောင်မယ့် လုပ်ငန်းတွေကို ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရရဲ့ လုပ်ဆောင်မှုမှာ တိုင်းရင်းသား အဖွဲ့အစည်း အားလုံး မပါဝင်နိုင် သေးသလို သူတို့ရဲ့ လုပ်ဆောင်မှုတွေကနေ ပြည်တွင်း ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေး တဲ့ အတွက် ဖွံ့ဖြိုးရေး ကိစ္စတွေမှာ လုံးပမ်းရင်း၊ ရေရှည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး အရဖြေရှင်းမှုတွေနဲ့ အလှမ်းဝေးသွား နိုင်တယ်လို့ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေက ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာပြောကြပါတယ်။

မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး ကတော့ သူတို့ လုပ်နေတာတွေဟာ ထာဝစဉ် တည်တံ့မယ့် ငြိမ်းချမ်းရေး အတွက်ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ နီးနီးကပ်ကပ် ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်ရေးရအောင် နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်လာစေဖို့ အတွက်အားပေးတဲ့ အနေနဲ့ ဒီငြိမ်းချမ်းရေး ရံပုံငွေကို ချထားပေးတာလို့ လည်း VOA ကိုပြောပါတယ်။

နော်ဝေနိုင်ငံရဲ့ Myanmar Peace Support Initiative လို့ခေါ်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးတဲ့ အဖွဲ့ဟာ မြန်မာအာဏာပိုင်တွေ၊ ဒေသခံတွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာစေဖို့ January လကတည်းက ပါဝင်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
XS
SM
MD
LG