သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းကော်မရှင် မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့တွေနဲ့ တရုတ်မှာတွေ့မည်


 NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ ဒီလအကုန် တရုတ်နိုင်ငံမှာ တွေ့ဆုံဖို့ ရှိနေပြီး အဓိက တိုက်ပွဲတွေ လျှော့ချရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် ဆွေးနွေးဖွယ်ရှိနေပါတယ်။ NCA ကို လက်မှတ်မထိုးသေးတဲ့ ဝ၊ မိုင်းလား၊ ကချင်၊ ရှမ်းမြောက်နဲ့ ကရင်နီ စတဲ့အဖွဲ့တွေကို ရန်ကုန်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကော်မတီအစည်းအဝေးကို လာမယ် နိုဝင်ဘာလ ၁ ရက်နေ့မှာ တက်ရောက်ဖို့ ဖိတ်ကြားထားပေမဲ့ ဝတပ်ဖွဲ့ကတော့ တက်ရောက်မှာ မဟုတ်ကြောင်း ပြောဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ် အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုအရ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် PC နဲ့ PSLF/TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွ့ဲနဲ့ AAခေါ် ရခိုင်တပ်ဖွဲ့တို့နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံကြမှာဖြစ်ပါတယ်။

MNDAA ခေါ် ကိုးကန့်တပ်ဖွ့ဲရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဖုန်းဝင်းနိုင်က တွေ့ဆုံမယ့် အစီအစီအစဉ်ကို အခုလို ပြောပါတယ်။

“အားလုံးတွေ့ဖို့ ရှိတယ်။ ၃၁ရက်နေ့ ကူးမင်းမှာ။ ဝကိုယ်စားလှယ်ရှိမယ်။ KIA ရဲ့ ကိုယ်စားလှယ်ရှိမယ်။ လောလောဆည်ကတော့ ကျနော်တို့ တွေ့ဖို့ပဲ။ အစိုးရတွေပဲ အရင်ကြည့်မယ်။ သူတို့ ဘယ်လို လာမလဲလို့။ လောလောဆည်ကတော့ သူတို့ ဘယ်လို လာမလဲ မသိသေးဘူး။ ”

ဒီဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှုး ဦးခင်ဇော်ဦးတို့ ဦးဆောင်တက်ရောက်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီ ၃ဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာပဲ တွေ့ဆုံခဲ့ကြပါတယ်။ တိုက်ပွဲတွေ လျှော့ချဖု့ိနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ရေးတွေ ဆွေးနွေးခဲ့ကြောင်း TNLA အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးတာ့အိုက်ကျော်က ပြောပါတယ်။

ဒီလို ဆွေးနွေးခဲ့ကြပေမယ့်လည်း TNLA တအန်း(ပလောင်)နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေဟာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ မကြာခန ဆိုသလို ဆက်လက်ဖြစ်ပွားနေပါတယ်။ ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သူတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ FPNCC ခေါ် ပြည်ထော်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီနဲ့ ဆွေးနွေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

ဒီအတောအတွင်းမှာပဲ UWSA ဝတပ်ဖွဲ့၊ NDAA ခေါ် မိုင်းလားတပ်ဖွဲ့၊ KIA ကချင်တပ်ဖွဲ့၊ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ KNPP ကရင်နီတပ်ဖွဲ့တွေကို လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ ရန်ကုန်မှာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်ရေး ဗဟိုဌာနက ဖိတ်ကြားထားပါတယ်။

UWSA ဝတပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကတော့ သူတို့သဘောထားကို အခုလို ပြောပါတယ်။

“ ဌာနချုပ်က အကြောင်းပြန်တာကတော့ မတက်ဖြစ်ဘူးလို့တော့ ပြောတယ်နော်။ ”

SSPP ခေါ် ရှမ်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီးစိုင်းဆုက - “ အခုက ကျနော်တို့ အပြန်အလှန်ညှိနှိုင်းနေကြပါတယ်ခင်ဗျ။ FPNCC ထဲမှာ ညှိနေတာပါ။ သူ့အမြင် ကိုယ့်အမြင် အားလုံးဖလှယ်ပြီးမှ သွားရင် အတူသွားတာပေါ့။ တစ်ဖွဲ့တည်းသွားရင် ဘာမှလည်း အထမမြောက်နိုင်ဘူးလေ။ အားလုံးပါမှပဲ ကောင်းတာပေါ့။ အချိန်က တအားကပ်လွန်းတယ်။ အချိန်က သိပ်မရတဲ့အခါကျ နည်းနည်း အလုပ်လုပ်ရခက်တာပေါ့။”

FPNCC အဖွဲ့ဝင် မဟုတ်သလို NCA ကို လက်မှတ်မရေးထိုးသေးတဲ့ KNPP ခေါ် ကရင်နီတပ်ဖွဲ့ရဲ့ သဘောထားကိုတော့ အတွင်းရေးမှုး ၁ ဦးပလူးရယ်က အခုလို ပြောပါတယ်။

“ မနက်ဖန် ဗဟိုကော်မတီ အစည်းအဝေးထိုင်ပြီးတော့ အကြောင်း ပြန်ကြားပါမယ်။ ကျနော်တို့ကတော့ NCA မထိုးထားသေးဘူးပေါ့နော်။ ကျနော်တို့ UPDJC မှာလည်း ထဲထဲဝင်ဝင် ပါဝင်ခဲ့တာလည်း သိပ်မရှိဘူးလေ။ ဆိုတော့ KNU က ရွှေ့ဆိုင်းမယ်ဆိုတော့ ကျနော်တို့လည်း အဲဒီသဘောထားအတိုင်း ရွှေ့ဆိုင်းဖို့ပေါ့။ မတက်ဖြစ်ဖို့ များမယ် ထင်ပါတယ်။”

NCAစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက လတ်တလောကျင်းပမယ့် အစည်းအဝေးတွေကို တက်ရောက်ဖို့တွက် ယာယီဆိုင်းငံထားကြောင်း ဒီလ ၂၇ရက်နေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီကို စာပေးပို့ထားပါတယ်။ ဒီအချိန်မှာပဲ မြန်မာအစိုးရဖွဲ့စည်းထားတဲ့ NRPC က ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ မသေခြာသေးတဲ့အကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တုန့်ပြန်ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

NCA တနိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးထားပေမယ့်လည်း၊ NCA မူဘောင် ပြန်လည်သုံးသပ်မှုတွေမှာ သူတို့ သဘောထားအမြင်တွေ ပါဝင်စေချင်တာမို့လို့ NCA မှာ မပါတဲ့ တိုင်းရင်းသားအဖွဲ့ ၅ ဖွဲ့ကို ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ သမတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက အခုမွန်းလွဲပိုင်းလုပ်တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ဒီ ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ မိုင်းလားအဖွဲ့ဖက်က တရားဝင်တုန့်ပြန်စာရခဲ့ပြီး၊ SSPP ရှမ်းမြောက်အဖွဲ့လည်း တတ်ရောက်နိုင်ချေရှိတယ်လို့ ပြောသွားပါတယ်။ UWSA ဖက်ကတော့ မတတ်နိုင်ဘူးဆိုတဲ့ တုန့်ပြန်ချက်ရပြီး၊ KIA ဖက်ကတော့ တရားဝင်တုန်ပြန်မှုမရသေးဘူးလို့ ဦးဇော်ဌေးက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG