သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်မှ ဘာသာရေး ပဋိပက္ခ ပြေလည်မည်


Burma’s Peace Potential:Portraits of Diversity မှတ်တမ်းရုပ်ရှင်ပြပွဲ ။
Burma’s Peace Potential:Portraits of Diversity မှတ်တမ်းရုပ်ရှင်ပြပွဲ ။

မြန်မာနိုင်ငံက ဘာသာရေး ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မတူကွဲပြားတဲ့ ဘာသာရေးခေါင်းဆောင်တွေကြား အစဉ်မပြတ် ထိတွေ့ ဆက်ဆံပြီး နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ပြဿ နာတွေ ကို လျှော့ချနိုင်မှာ ဖြစ်တယ် လို့ ရွှေဘိုမြို့ ရွှေခြင်္သေ့ကျောင်း ဆရာတော် ဦးတေဇာဓိပတိက အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့ကိုရောက်ရှိခိုက် ပြောဆို လိုက်ပါတယ်။ မြန်မာပြည်လူထုကြားမှာ ဒေသ အလိုက် ဦးဆောင် ပါဝင်နေသူတွေရဲ့ အမြင်တွေကို စုစည်းရိုက်ကူးထားတဲ့ Portraits of Diversity မှတ်တမ်းရုပ်ရှင်ပြပွဲ အတွင်း ပြောဆိုလိုက် တာလဲ ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်ပြပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဉာဏ်ဝင်းအောင် က တင်ပြပါမယ်။

ဒါရိုက်တာ Kannan Arunasalam ရိုက်ကူးတဲ့ Portraits of Diversity မှတ်တမ်း ရုပ်ရှင်ပြပွဲကို ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု USIP ရုံးရဲ့ ခန်းမဆောင် တခုမှာ ကြာသာပတေး နေ့ခင်းပိုင်းက ပြသခဲ့တာပါ။ ဒီမှတ်တမ်း ရုပ်ရှင်ကို ၂၀၁၄ ခုနှစ် အတွင်း မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိကြတဲ့ ဘာသာရေး လူမှုရေး ဦးဆောင်နေသူတွေ ၅ဦးရဲ့ သဘောထားအမြင်တွေကို ရိုက်ကူးထား တာလည်း ဖြစ်ပါတယ်။

ရွှေဘိုမြို့က ဆရာတော် ဦးတေဇာဓိပတိရဲ့ ရွှေခြင်္သေ့ ဘုန်းတော်ကြီးကျောင်းဟာ HIV ဝေဒနာရှင်တွေ ဆေးဝါးကုသနိုင်ရေးအတွက် သူ့ကျောင်း မှာ စောင့်ရှောက် ထားသလို၊ လမ်းဘေးလေလွင့်နေတဲ့ ကလေးငယ်တွေကိုခေါ်ယူပြီး အခြေခံပညာ တတ်မြောက်အောင် စာသင်ပေးနေတဲ့ ဆရာတော်လည်း ဖြစ်ပါတယ်။ မိတ္ထီလာမြို့က မူဆလင်နဲ့ ဗုဒ္ဓဘာသာကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခြေနေတွေ ပို မဆိုးအောင် ဘာသာရေးခေါင်းဆောင်တွေကြား ထိတွေ့ဆက်ဆံ ထိန်းသိမ်းခဲ့ရတယ်လို့ ဆရာတော် ဦးတေဇာဓိပတိက မိန့်ပါတယ်။

"အဲ့ဒီ့ မိထ္ထီလာဖြစ်ပြီးတဲ့နောက်မှာ ဒီဘက်မှာလည်း ကောလဟာလတွေလည်း ဝင်နေတယ်။ မဖြစ်နိုင်ဘူးဆိုတာရယ်၊ သေသေချာချာ စုံစမ်းဖို့၊ တခြားကို လျှောက် မပြောဖို့၊ အဓိကကတော့ ကောလဟာလ ဖြစ်သွားတဲ့နေရာမှာ လူအုပ်ဖြစ်မသွားဖို့ အဓိက ပြောပါတယ်။ လူအုပ်ဖြစ်သွားရင်တော့ ပြဿ နာဖြစ်သွားမှာပေါ့။ အဲ့သလို ဘာသာရေးပုဂ္ဂိုလ်တွေ ထိန်းကြရင်းနဲ့ ထိန်းနိုင်သွားတာလေးတွေလည်း ရှိတယ်။"

Portraits of Diversity မှတ်တမ်းရုပ်ရှင်မှာ ပါဝင်သူနောက်တဦးကတော့ အစ္စလာမ် ဘာသာဝင် ကျောင်းဆရာ ဦးအေးလွင်ဖြစ်ပါတယ်။

" မြန်မာစကားပုံမှာ ရှိတယ်မဟုတ်လား။ လက်ခုပ်ဆိုတာ တစ်ဖက်တည်း တီးလို့မရဘူး။ နှစ်ဖက်တီးမှ လက်ခုပ်ဆိုတာ မြည်တယ်။ အဲ့ဒီ့တော့ ပြုပြင်ပြောင်းလဲမှု ဆိုတာ နှစ်ဖက်စလုံးက လုပ်ရမယ်။ ဒါမှ ပဋိပက္ခဆိုတာ ပြေလည်မှုရမယ်။ မွတ်ဆလင်တွေ ဘာလုပ်တယ် ဆိုတာ ဖိတ်ခေါ်ပြီးတော့ ဗလီကျောင်းတွေမှာ ဘာသာရေးပွဲတွေမှာ တရားစခန်းတွေမှာ သူတို့ကို ဖိတ်ခေါ်ပြီးတော့ ပူးပေါင်းပါဝင်ဖို့ အတွက် ပြမယ်။ သူတို့ ပါဝင်လိုက်တယ်ဆိုရင် ကျနော့် အတွေ့အကြုံအရ ဟာ တို့က သိပ်မကွဲပြားပါလား။ တို့မှာလည်း ဒီလိုရှိတယ်။ တို့လုပ်တဲ့ဟာတွေလည်း သူတို့လုပ်ပါလားဆိုတဲ့ အသိဝင်လာရင် အခုန ပြောတဲ့ သံသယတွေက ပြေပျောက်သွားမယ်။"

မန္တလေးမြို့က YMCA ခရစ်ယာန်လူငယ်အသင်း ဦးဆောင်သူ ဦးနေဝင်း ကတော့ မြန်မာပြည်က ဘာသာရေး ပဋိပက္ခတွေနဲ့ပတ်သက်လို့ ရုပ်ရှင်ဇာတ်လမ်းထဲမှာ ခုလို သုံးသပ်ပါတယ်။

"အခုပြဿ နာကို ကျနော်တို့ ကြည့်လိုက်မယ်ဆိုရင် တဖက်က ဗုဒ္ဓဘာသာ၊ တဖက်က မွတ်စလင် နှစ်ဖွဲ့ဖြစ်နေတယ်။ ဆိုတဲ့အခါကျတော့ ကျနော့် ခရစ်ယာန် တစ်ယောက်အနေနဲ့ ဆိုလို့ရှိရင် ဒီနှစ်ဖွဲ့ ညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်းလေး သင့်မြတ်သွားဖို့အတွက် ကျနော်တို့မှာ လုပ်ရမယ့် တာဝန် မဖြစ်မနေရှိတယ်လို့ ကျနော်တို့ ခံစားရတယ်။ ဒီဘာသာပေါင်းစုံ လှုပ်ရှားမှုသည် မဖြစ်မနေ ဆက်ရှိနေရမယ်။ ငြိမ်းချမ်းရေးအတွက် ဆက်လုပ်သွားရမယ် ဆိုပြီးတော့မှ ခံစားနေရတဲ့အတွက် ကျနော် ငြိမ်းချမ်းရေးကို ဒီဘာသာပေါင်းစုံနဲ့ ဆက်ပြီး လုပ်နေတယ်။"

ပဋိပက္ခနဲ့ငြိမ်းချမ်းရေးလေ့လာရေးစင်တာရဲ့ အမှုဆောင်အရာရှိ မစ္စ Emma Leslie ကတော့ ဒီ Portraits of Diversity ရုပ်ရှင်ကို ထုတ်လုပ်ပြီး နိုင်ငံတကာ ပရိသတ်တွေကို ဖြန့်ဝေရတဲ့ အကြောင်းအရင်းကို ရှင်းပြပါတယ်။

"မြန်မာနိုင်ငံမှာ လက်ရှိဘာတွေဖြစ်နေတယ်ဆိုတာရယ် ၊ ဘာသာရေးပဋိပက္ခတွေ ဟိုနားဒီနားမှာ ကွက်ကြားကွက်ကြားဖြစ်နေတာကို သိစေဖို့ ရည်ရွယ် တာဖြစ်ပါတယ်။ နိုင်ငံတလွှားမှာ ဘာသာရေးနဲ့ ပတ်သက်လို့ သည်းခံနိုင်စွမ်း ကျဆင်းနေတာ တွေကိုလည်း သိစေချင်တာပါ။"

ပရိသတ်ပေါင်း ၁၀၀နီးပါး တက်ရောက်တဲ့ Portraits of Diversity မှတ်တမ်း ရုပ်ရှင်ပြပွဲကို လာမယ့်ရက်ပိုင်းအတွင်း နယူးရောက်မြို့မှာ ပြပွဲတခု လုပ်သွားဖို့စီစဉ်ထားပါတယ်။

XS
SM
MD
LG