သုံးရလွယ်ကူစေသည့် Link များ

တပ်မတော် ထိုးစစ်တွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်


တိုင်းရင်းသားလက်နက်ကိုင်များ (AFP Photo/Ye Aung Thu)

နောင်နှစ် ဖေဖေါ်ဝါရီလမှာ ကျင်းပမယ့် ၂၁ရာစုပင်လုံညီလာခံမှာ လက်နက်ကိုင်တိုင်းရင်းသား အားလုံးပါဝင်နိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရည်မှန်းထားပေမယ့် မြန်မာတပ်မတော်ဘက်က ထိုးစစ်တွေနဲ့ ဆက်ပြီးတိုက်နေတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေကြောင်း တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားရေးရာကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ KIA ဗဟိုဌာနချုပ်အနီးတ၀ိုက်နဲ့ RCSS တောင်ပိုင်းရှမ်းပြည်နယ်တပ်မတော် ထိန်းချုပ်ထားတဲ့ ဒေသတ၀ိုက် မြန်မာတပ်မတော်နဲ့ တိုက်ပွဲတွေ ဒီရက်ပိုင်းတွေအတွင်း အဆက်မပြတ်ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

လက်ရှိ မြန်မာတပ်မတော်နဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ RCSS တောင်ပိုင်း ရှမ်းပြည်တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အကြောင်းအရင်းကို JMC-U လို့ခေါ်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ က မနေ့ အောက်တိုဘာလ (၃၀)ရက်နေ့က စတင် သွားရောက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။

ဒီအတောအတွင်း အောက်တိုဘာလ (၂၈)ရက်နေ့က KIA ကချင်လွတ်မြောက်ရေးအဖွဲရဲ့ ဗဟိုဌာနချုပ် အနားက စခန်းတွေကို မြန်မာတပ်မတော်ဘက်က တိုက်ခိုက်မှုတွေရှိခဲ့ပြီး အခုလို စစ်ရေးအရ လက်ဦးမှုတွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထိခိုက်စေတယ်လို့ မြင်ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San က ပြောပါတယ်။

“ကျနော်တို့ ဗဟိုဌာနချုပ်အနီးမှာရှိတဲ့ တပ်စခန်းတွေကတော့ ပစ်ခတ်မှုကတော့ ရှိသေးတယ်။ ဥပမာ ဂီးဒွန် ဒီ ၂၈ ရက်နေ့ တနေ့လုံးဆိုရင် ၁၇ ခါလောက် ၈၂ နဲ့ ပစ်ခတ်မှုခံရတာပေါ့နော်။ အဓိကတော့ တပ်မတော်ကနေပြီးတော့ ထိုးစစ်ဆင်တာတို့၊ တကယ့်အင်တိုက်အားတိုက် တိုက်ခိုက်မှုရှိလာတာတို့က တကယ့်ခြိမ်းခြောက်မှုပဲပေါ့နော်။ တကယ့်ငြိမ်းချမ်းရေး process တခုလုံးကို တကယ့် ခြိမ်းခြောက်မှုဖြစ်နေပါတယ်။”

အောက်တိုဘာလ (၂၈)ရက်ကနေ (၂၉) ရက်နေ့ထိ နေပြည်တော်မှာ နှစ်ရက်တာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နောက်တဆင့်ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို NCA အပစ်ရပ်စာချုပ်ကို အခြေခံပြီးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် NCA စာချုပ်မှာပါတဲ့ အချက်တွေကို နှစ်ဘက်ကျေလည် သဘောမတူညီသေးတဲ့အပေါ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးလုပ်မယ်ဆိုရင် ဒီဆွေးနွေးချက်တွေဟာ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ သုံးသပ်မိကြောင်း မိုင်ဂျာယန်အခြေစိုက် ဖယ်ဒရယ်ဥပဒေကျောင်း က ကျောင်းအုပ်ကြီး ဦးအောင်ထူးကပြောပါတယ်။

“ အဲဒီ စာချုပ်မှာ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက လက်ခံနိုင်လောက်တဲ့ အခြေခံအနေအထားကို မပြောင်းလဲမချင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်က သက်ရောက်မှုရှိမှာမဟုတ်ဘူး။ ဥပမာဆို၇င် ပြီးခဲ့တဲ့ သြဂုတ်လ ကတည်းက အဓိကကျတဲ့ UNFC တပ်ပေါင်းစုကနေပြီးတော့ မူ ၈ ချက်ကို တင်သွင်းဆွေးနွေးထားတယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီက ဘက် ၂ ဘက် ပဲဖြစ်နေတယ်။ အဲဒါက အလုပ်မဖြစ်ဘူး လက်တွေ့ပြည်တွင်းအခြေအနေမှာ။ အဲဒါကြောင့် နိုင်ငံတကာ ပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ကြီးကြပ်ထိန်းသိမ်းရေးကော်မတီကိုဖွဲ့စေချင်တယ်။ ဒီလိုအချက်အလက်မျိုးတွေပါတာပေါ့။ ဒီလိုအချက်အလက်မျိုးတွေ ပါတော့မှသာလျှင် လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ကိုထိန်းနိုင်မှာဖြစ်တယ်။ သို့မဟုတ်ဘူးဆိုရင် ဘက် ၂ ဘက်ပဲ ရှိတဲ့အတွက် တဘက် က မြန်မာစစ်တပ်၊ အခြားတဘက်က

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ဖြစ်တာကြောင့် တဘက်ဘက်က ချိုးဖောက် ခဲ့သည်ရှိသော် NCAက ဘာမှကို အဓိပ္ပါယ်မရှိတော့ဘူး။ လက်တွေ့ NCA ကို လက်မှတ်ထိုးပြီးနောက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က စပြီး ချိုးဖောက်တာက မြန်မာစစ်တပ်ဘက်ကပဲ။”

NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒီနိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရှိမှာမဟုတ်ဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ပတ်သက်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ NCA မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်က အစည်းအဝေးပြီး သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“NCA လက်မှတ်ရေးထိုးမထားတဲ့အဖွဲ့တွေပါဝင်လာနိုင်ဖို့အတွက် ကျနော်တို့ နည်းပေါင်းစုံနဲ့ ကြိုးစားသွားမှာဖြစ်ပါတယ်။ အစိုးရနဲ့ DPN နဲ့ ဆက်လက်ဆွေးနွေးနေတဲ့ အချက်တွေလည်း ရှိပါတယ်။သူတို့ ၈ ချက်ပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးနေတဲ့အပိုင်းကိုလည်း သူတို့ ဆက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ တဘက်မှာလည်း လက်မှတ်ရေးထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့ CT နဲ့ DPN ကြားမှာ ဒီကြားမှာလည်း ကျနော်တို့ ပုံမှန်ဆွေးနွေးမှုတွေလုပ်နေပါတယ်။ ဆိုတော့ CT နဲ့ DPN ကြားမှာ ဆက်လက်ဆွေးနွေးပြီးတော့မှ သူတို့ အားလုံးပါလာနိုင်ရေးကိုလည်း ကျနော်တို့ ဆက်ပြီး ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

NCA မှာ လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးရှိတဲ့ ကရင်ပြည်နယ်မှာတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို နိုဝင်ဘာလအတွင်း စတင်ကျင်းပမှာဖြစ်တယ်လို့ အတွင်းရေးမှုး ဖဒိုစောကွယ်ထူးဝင်းက သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ တရားဝင် နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG