သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အချိန်မဆွဲပဲ အားလုံးပါဝင်ဖို့ ဒေါ်စုတိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ပြည်ထောင်စု
ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီUPDJC အစည်းအဝေး။
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီUPDJC အစည်းအဝေး။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ
ပါဝင် လက်မှတ်ရေး ထားခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့
လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ
ပါဝင်နိုင်ဖို့ နည်းလမ်း ရှာသွားရမှာဖြစ်ပြီး ပဋိပက္ခရပ်စဲရေးအတွက်
အချိန်မဆွဲကြဖို့ လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု
ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီUPDJC အစည်းအဝေးမှာ
ပြောဆိုလိုက်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက်
မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို စမ်းသပ်ကာလအနေနဲ့
နိုဝင်ဘာလထဲမှာ စတင်ကျင်းပ လိုပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ
အားလုံး ပါဝင်နိုင်ဖို့ ဦးတည် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ အောက်တိုဘာ
၂၈ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

" အားလုံးပါဝင်နိုင်အောင်လို့ ကျမတို့ကနေပြီးတော့ စီစဉ်သွားမှာပါဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုဆိုလို့ရှိရင် အမျိုးသားအဆင့်ဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးတော့ စမ်းသပ်ကာလရောက်ပြီလို့ ကျမထင်ပါတယ်။ ကျမက စမ်းသပ်ကာလလို့ ဘာဖြစ်လို့ ပြောတာလဲဆိုတော့ တချိန်တည်းမှာ တတိုင်းပြည်လုံးမှာ အားလုံးလုပ်လို့တော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ လက်တွေ့ကျကျ အခက်အခဲတွေလည်း ရှိပါမယ်။ နောက်ပြီးတော့ ကျမတို့ဟာ ဘယ်လိုအခက်အခဲတွေ တွေ့ပြီးတော့ ဘယ်လို အခက်အခဲတွေ ကျော်လွှားရမလဲ ဆိုတဲ့ အဖြေတွေကိုလည်း ရှာဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် ကျမတို့က စမ်းသပ်တဲ့ အနေနဲ့ ပထမဦးဆုံး အမြန်ဆုံး အမျိုးသားအဆင့်ဆွေးနွေးပွဲများ သုံးခုလောက်ကို လုပ်ချင်ပါတယ်။ သုံးခုလောက်က ဘာလဲဆိုတော့ ပထမဦးဆုံးက ဒေသကို အခြေခံတာတမျိုး အမျိုးသားကို အခြေခံတာက တမျိုး ရေးရာကို အခြေခံတာက တမျိုး ဒီသုံးမျိုးပေါ့။ ဒီသုံးမျိုးကို Pilot Projects စမ်းသပ်တဲ့အနေနဲ့ သုံးခုစပြီးတော့ အမြန်ဆံ့ုး ဒီလပေါ့ ဒီလဆိုတာ အောက်တိုဘာကျော်ပြီး နိုဝင်ဘာအတွင်းမှာ ကျမတို့ဖြစ်မြောက်အောင်လို့ လုပ်ချင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို
နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ပထမနေ့အဖြစ် နေ့လည်ပိုင်း ၂နာရီက
စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
အစည်းအဝေး အဖွင့်မိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လာမယ့်နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်ဖို့ နည်းလမ်းရှာရမှာဖြစ်သလို
NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း ပဋိပက္ခရပ်စဲရေးအတွက်
အချိန်မဆွဲကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

" အခုအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ အစုအဖွဲ့များ ပါဝင်လာနိုင်အောင်လို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းတွေကိုလည်း ကျမတို့ ရှာရပါလိမ့်မယ်။ လက်မှတ်မရေးထိုးရတဲ့ အစုအဖွဲ့တွေကလည်းပဲ ပါဝင်လာဖို့ ပါဝင်လာနိုင်အောင်လို့ စိတ်အားထက်သန်ဖို့ လိုပါတယ်။ ကျမတို့ငြိမ်းချမ်းရေးလမ်း ဆိုတာ တလမ်းပဲရှိပါတယ်။ ပဋိပက္ခရပ်စဲရေးလမ်းပဲ။ ပဋိပက္ခမရပ်စဲပဲနဲ့ ငြိမ်းချမ်းတယ် ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါ အပြောပဲဖြစ်ပါတယ်။ အဖြစ် မဖြစ်ပါဘူး။ ဒီတော့ ပဋိပက္ခရပ်စဲရေးကို ကျမတို့အားလုံး ဦးတည်ရမှာ ဖြစ်ပါတယ်။ အဲ့တာ အတွက် အားလုံးက ဝိုင်းဝန်းစဉ်းစားရမှာပါဖြစ်ပါတယ်။ အချိန်ကို သိပ်မဆွဲပါနဲ့။ "

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့်နှစ် ဖေဖော်ဝါရီမှာ
ကျင်းပဖို့ မျှော်မှန်း ထားသလို အဲဒီညီလာခံ မကျင်းပမီမှာ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်လာနိုင်ဖို့
မျှော်လင့်တယ် လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ
အစည်းအဝေးမှာတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့
ပြီးခဲ့တဲ့ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲရလဒ်တွေကို အဓိက တင်ပြတာဖြစ်ပြီး
အစည်းအဝေးကို မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့မှာ
ဆက်လက် ကျင်းပမှာဖြစ်ပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ ပါဝင် လက်မှတ်မထိုးထားတဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရှေ့လေ ျှာက်
နိုင်ငံရေးဆွေးနွေးပွဲတွေ နဲ့ ငြိမ်းချမ်းလုပ်ငန်းစဉ်မှာ ပါဝင်နိုင်ဖို့
လောလောဆယ် မှာတော့ UPDJC အနေနဲ့ နည်းလမ်းရှာနေဆဲဖြစ်သလို ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေးဟာ အစိုးရရဲ့ စဉ်းစားချက်ပေါ်မှာ
ပိုပြီးမူတည်တယ်လို့ UPDJC အဖွဲ့ဝင် စိုင်းကျော်ညွှန့်က ပြောပါတယ်။

" အမှန်အတိုင်းပြောရင် UPDJC အနေနဲ့ကတော့ သိပ်ပြီး လုပ်ဖို့ကိုင်ဖို့က နည်းနည်းတော့ ခက်တာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက နှစ်ဦးနှစ်ဖက် ဆွေးနွေးတဲ့ကိစ္စဖြစ်တယ်။ ဒီအပေါ်မှာ UPDJC က ဘယ်လောက်အထိကူနိုင်မလဲဆိုတာကိုတော့ အဲ့တာတော့ ကျနော်တို့တော့ နည်းလမ်းတော့ မရှာတွေ့သေးဘူးပေါ့လေ။ ဘယ်လိုလုပ်မယ် ဘာညာကတော့ အစိုးရရဲ့ စဉ်းစားချက်အပေါ်မှာ ပိုပြီးမူတည်လိမ့်မယ်ထင်တယ်လေ။"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့
မကြာသေးခင်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA ချုပ်ဆိုခြင်း
နှစ်ပတ်လည်အခမ်းအနားမှာ NCA မှာမပါတဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး
မူဝါဒ ၆ရပ်ကို လိုက်နာပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ
ပါဝင်လက်မှတ်ရေးထိုးဖို့ပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ
ပါဝင်ကြဖို့ ပြောဆိုခဲ့တာလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG