သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသတွေမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွားနေမှု ကုလအထူးစိုးရိမ်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က - ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေ အပါအဝင် နေရာတော်တော်များများမှာ အစိုးရတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တင်းမာမှုတွေ တိုးလာပြီး တိုက်ခိုက်မှုတွေ တကျော့ပြန်ပေါ်ပေါက်နေတဲ့အပေါ် အလေးအနက် စိုးရိမ်မိကြောင်း - အောက်တိုဘာလ ၁၁ ရက် အင်္ဂါနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အာရှရေးရာ ပြောခွင့်ရသူ Eri Kaneko က အခုလို ပြောဆိုခဲ့ပါတယ်။

မကြာသေးခင်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ - အစိုးရရဲ့ ဆွေးနွေးပြောဆိုမှုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်ကလည်း အပြုသဘောဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေလို တိုးတက်တဲ့ လုပ်ရပ်တွေကို မြင်တွေ့ခဲ့ရပြီး - အခုလို အခြေအနေတွေ ပေါ်ပေါက်ရတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စိတ်ပျက်စရာ ဖြစ်ရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလကစလို့ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် မွေးကင်းစနဲ့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံတွေ ပြင်းပြင်းထန်ထန် ထိခိုက်သေဆုံးခဲ့ကြရပြီး ပြည်နယ် ၃ ခုက ထောင်ပေါင်းများစွာသော အရပ်သားတွေလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတာပါ။ တိုက်ပွဲတွေကြောင့် တဘက်နဲ့တဘက် ခက်ခက်ခဲခဲ ရယူထားတဲ့ ယုံကြည်မှုကို ထိခိုက်စေသလို၊ ငြိမ်းချမ်းရေးနဲ့လည်း အလှမ်းဝေးစေတာကြောင့် - ပဋိပက္ခတွေကို လျှော့ချနိုင်ရေး အချိန်ဆွဲမနေဘဲ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းကြဖို့ကိုလည်း မစ္စတာ Nambiar က တာဝန်ရှိသူအားလုံးကို ကြေညာချက်မှာ တိုက်တွန်းထားတာပါ။

ဒါ့အပြင် တိုက်ပွဲတွေရပ်ဆိုင်းဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ စစ်ဒဏ်သင့်ပြည်သူတွေဆီ လူသားချင်း စာနာမှု အကူအညီတွေ ကန့်သတ်မှုမရှိ ဝင်ရောက်ခွင့်ပြုဖို့နဲ့ ဒေါသအလျောက် ရန်လိုတဲ့ တုံ့ပြန်မှုတွေကိုလည်း ရှောင်ကြဉ်ကြဖို့ကို သူက တိုက်တွန်းခဲ့သလို - လက်ရှိ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းပြီး - မြန်မာပြည်သူတွေအားလုံး တည်ငြိမ်၊ အေးချမ်း၊ လုံခြုံတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပြည့်ဝလာအောင်လည်း သက်ဆိုင်သူတွေ အားလုံးကို တိုက်တွန်းထားပြီး၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိစေဖို့ ကုလသမဂ္ဂ က လက်တွဲဆောင်ရွက် သွားဖို့ကိုလည်း သန္ဓိဌာန်ချထားတာ ဖြစ်ပါတယ်။

အလားတူ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ကချင်လွှတ်တော်အမတ်တွေ စုပေါင်းပြီး - ကချင်ပြည်နယ်မှာ ထိုးစစ်ဆင် တိုက်ခိုက် နေတာတွေ အမြန်ဆုံးရပ်ဆိုင်းပေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးကျော်ထင် တို့ကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်းဆိုခဲ့ကြပါတယ်။ စစ်ပွဲတွေကို ချက်ခြင်းရပ်တန့်ပေးဖို့ ကချင်ဒေသခံ ပြည်သူလူထု သောင်းနဲ့ချီ စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသလို ရန်ကုန်မြို့မှာလည်း ကချင်စစ်မီးအမြန်ဆုံးငြိမ်းသက်ပေးဖို့ ငြိမ်းချမ်းရေး လိုလားသူတွေနဲ့ စစ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေ က မကြာသေးခင်ကစလို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG