သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲရပ်ဖို့ လွှတ်တော်အမတ်တွေ တိုက်တွန်း


ကချင်စစ်ပွဲရပ်တန့်ရေး ဆန္ဒထုတ်ဖော်နေတဲ့ကချင်ပြည်သူများ။ (စက်တင်ဘာ ၆၊ ၂၀၁၆) သတင်းဓာတ်ပုံ- Credit to vHkun Awng Nlam
ကချင်စစ်ပွဲရပ်တန့်ရေး ဆန္ဒထုတ်ဖော်နေတဲ့ကချင်ပြည်သူများ။ (စက်တင်ဘာ ၆၊ ၂၀၁၆) သတင်းဓာတ်ပုံ- Credit to vHkun Awng Nlam

ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ် ကိုယ်စားပြုလွှတ်တော် အမတ်တွေ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တောင်းဆိုလိုက်ပါတယ်။ စစ်ပွဲတွေရပ်ဖို့ လူထုဆန္ဒပြပွဲဦးဆောင်သူကို အရေးယူမှုတွေရှိနေပေမဲ့ ကချင်ပြည်သူလူထု ဘက်ကလည်း တိုက်ပွဲတွေမရပ်မချင်း ဆက်ပြီး ဆန္ဒထုတ်ဖော် သွားကြမယ်လို့ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်းတွေဘက်ကလည်း ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းဒေသတွေက စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သဘောထားအသီးသီး ထုတ်ပြန်ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

၂၁ရာစုပင်လုံညီလာခံပထမပိုင်းအပြီးမှာပဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ကြား တကျော့ပြန်တိုက်ပွဲတွေပြန်ပြင်းထန် လာနေတာပါ။ ကချင်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စစ်တပ်ဘက် က ဝေဟင်ရော မြေပြင်ကပါ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့လို့ နီးစပ်ရာကျေးရွာတွေ က ဒသခံပြည်သူတွေ စစ်ဘေးလွတ်ရာပြေးရသလို ကလေးသူငယ် လူမမည်လေးတွေအပါအဝင် ဒေသခံရွာသားတွေ အသက်ဆုံးရှုံးရတာ ထိခိုက်ဒဏ်ရာရတာတွေဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်ကျော် ဇွန်လ(၉)ရက် ၂၀၀၁ခုနှစ်ကတည်းကစခဲ့လို့ ငါးနှစ်ကျော်လာပြီဖြစ်တဲ့ ကချင်ပြည်နယ်တွင်းက စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ

ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေဆီ အဓိကထားလိပ်မူပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ်ကိုယ်စားပြုလွှတ်တော်အမတ်တွေတွေ စုပေါင်းပြီး မေတ္တာရပ်ခံစာပေးပို့ကြပါတယ်။

တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ် ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှီလာနန်တောင်ကိုယ်တိုင်ဦးဆောင်ပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကချင်ပြည်နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"တပ်မတော်က ထိုးစစ်ဆင်နေတာကို ရပ်စေချင်လို့ ကျနော်တို့ လည်း ဒေါ်အောင်ဆန်းစုကြည် ကို လိပ်မူပြီးတော့မှ ကာချုပ်ကို ပေးလိုက်တာပေါ့ဗျာ။ The Union Peace Dialogue Joint Committee (UPDJC) လည်း ကျနော်တို့ပေးပါတယ်။ နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတွေဆီလည်း ကျနော်တို့ စာပေးတာပေါ့။ အဓိက ကတော့ ၂၁ရာစု ပင်လုံညီလာခံ လုပ်ပြီဆိုကတည်းက တိုက်ပွဲက မဖြစ်သင့်တော့ဘူးလေ။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်လမ်းကြောင်းပေါ် သွားမယ်ဆိုတော့ တိုင်းရင်းသားအားလုံးက သဘောကျတယ်။ အခုက ဆိုင်းထိုးဖို့ပဲ ရှိတော့တဲ့အချိန်မှာ ဒါမျိုး လုပ်တာကတော့ ကျနော်တို့အနေနဲ့ကတော့ မသင့်တော်ဘူးလို့ထင်တာပဲ။ ၂၁ရာစုပင်လုံညီလာခံမှာလည်း ကျနော်တို့ပြောပြီးပြီလေ။ နိုင်ငံရေးကို နိုင်ငံရေးနည်း နဲ့ပဲ စားပွဲဝိုင်းမှာ ဆွေးနွေးတာ အဲ့ဒီ့အတွက်ပဲ ကျနော်တို့ တောင်းဆိုတာပါ။"

ကချင်စစ်ကို ချက်ခြင်းရပ်တန့်ပေးဖို့ ကချင်ပြည်နယ်ဘက်က ကချင်ဒေသခံ ပြည်သူလူထု သောင်းနဲ့ချီ စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသလို ရန်ကုန်မြို့မှာလည်း ကချင်စစ်မီးအမြန်ဆုံးငြိမ်းသက်ပေးဖို့ ငြိမ်းချမ်းရေး လိုလားသူတွေနဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေက စုပေါင်းဆန္ဒထုတ်ဖော်နေကြပါတယ်။

ကချင်ပြည်နယ်မြစ်ကြီးနားဘက်မှာတော့ ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သူကို အရေးယူမှုတွေရှိနေပေမဲ့လို့ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေမရပ်မချင်း ဆက်လက်ဆန္ဒထုတ်ဖော်သွားကြမှာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပူးပေါင်းပါဝင်သူတဦးဖြစ်တဲ့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဦးလမောင်လထောင်ကလည်းပြောပါတယ်။

" ဒီတိုက်ပွဲတွေမရပ်မချင်း တောင်းဆိုသွားဖို့ ကျနော်တို့ လုပ်ထားပါတယ်။ အခု မြစ်ကြီးနားမှာ ဦးဆောင်ခဲ့တဲ့ ဦးတူးရော်ကို ဥပဒေပုဒ်မနဲ့ အရေးယူဖို့ဆိုပြီး လုပ်ထားတာရှိပါတယ်။ မနက်ဖြန်လည်း ကျနော်တို့ လုပ်ဖို့စီစဉ်ထားပါတယ်။ ဖားကန့်ဘက်မှာ ထောင်နဲ့သောင်းနဲ့ချီပြီး တောင်းဆိုဖို့ လုပ်နေပါတယ်။"

စစ်ရေးနည်းနဲ့ မဖြေရှင်းပဲ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ အရပ်သားအစိုးရ လက်ထက် ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဖော်ဆောင်မယ်လို့ ပြောနေတဲ့ကြားထဲက အခုလို ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေဖြစ်လာတဲ့အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးသင့်တယ်လို့ ၂၁ရာစုပင်လုံညီလာခံပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဒွဲဘူ ကလည်း ပြောပါတယ်။

"အခုဖြစ်တဲ့ကိစ္စရပ်တွေမှာ ဆုံးဖြတ်ချက် ချနိုင်တဲ့ အစိုးရပိုင်းကရော တပ်မတော်ပိုင်းကရော သိပ်အရေးကြီးတယ်လို့မြင်ပါတယ်။ အောက်ခြေမှာ ဒီလိုဖြစ်တယ်ဆိုတာ အောက်ခြေမှာ သိပ်အရေးကြီးပါတယ်။ သူတို့ မလုပ်နဲ့ဆို ဒီပြဿနာတွေက ဖြစ်မှာမဟုတ်ပါဘူး။ ဒီလိုထိုးစစ်တွေ လုပ်နေတယ်ဆိုတာ ပြည်သူလူထုကလည်း ကန့်ကွက်နေတယ်။ ဒီလိုမျိုး အနေအထားမှာ ဆက်ပြီးသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ကျမတို့က ငြိမ်းချမ်းရေးကို တော်တော်လေးကို ထိခိုက်တဲ့အနေအထားမျိုး ဆက်ရှိမှာဖြစ်တဲ့အတွက် တကယ်ဆုံးဖြတ်ချက် ချနိုင်တဲ့ အစိုးရနဲ့တပ်မတော်က ဒါကို အများကြီးစဉ်းစားသင့်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ တိုင်းရင်းသားတွေရဲ့သဘောထားကို ကွင်းကွင်းကွက်ကွက် မြင်နေရပါ တယ်။ ပြည်သူလူထု ကလည်း မကြိုက်ဘူး။ မကြိုက်တဲ့အတွက် အမျိုးမျိုးဆန္ဒဖော်ထုတ်တာတွေလုပ်နေတယ်။ ဒါကိုလည်း အလေးထားသင့်ပါတယ်။ တကယ်ကို ပြည်သူ့ရဲ့ဆန္ဒကို အလေးထားတယ်ဆိုရင် ဒီကိစ္စကို အမြန်ဆုံးပြေလည်အောင် လုပ်ဖို့ လိုအပ်ပါတယ်။"

ကချင်ပြည်နယ်တွင်းက လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ၊ စစ်ရေးတင်းမာမှုတွေ နဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်က တိုင်းရင်းသားနယ်မြေတွေကို ထိုးစစ်ဆင်နေတာကို ချက်ခြင်းရပ်ဆိုင်းပေးဖို့နဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ စစ်ရပ်ပေးဖို့ ပြည်သူလူထုရဲ့ ဆန္ဒတွေကို လေးစားဖို့နဲ့ အပြန်အလှန်ယုံကြည်မှုရှိအောင် ညှိနှိုင်းဖြေရှင်းအဖြေရှာပါလို့ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) ဘက်ကလည်း အောက်တိုဘာ ၈ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဘက်ကလည်း သူတို့အနေနဲ့ ၂၁ရာစုပင်လုံကို ကိုယ်တိုင်တက်ရောက်ပြီး KIO ရဲ့ နိုင်ငံရေးသဘောထားနဲ့ ဖက်ဒရယ်စနစ် အခြေခံမှုတွေကို တင်ပြခဲ့ပြီးဖြစ်လို့ နိုင်ငံရေးနည်းလမ်း နဲ့သာဆောင်ရွက်ဖို့ မူချမှတ်ထားလို့ ကချင်စစ်စခန်းတွေကို လာထိုးစစ်ဆင်နေတဲ့ အခုတိုက်ပွဲတွေကနေ အခြားဒေသတွေကို စစ်မပြန့်သွားအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပြီး နောက်ဆက်တွဲဆိုးကျိုးကို စစ်စတင်သူတွေကသာ တာဝန်ခံရမယ်လို့ အောက်တိုဘာ(၈)ရက်မှာပဲ သဘောထားထုတ်ပြန်ထားပါတယ်။

ကချင်တိုက်ပွဲနဲ့ပတ်သက်ပြီး အထိအခိုက် သေဆုံးမှုနဲ့ အခြေအနေကိုတော့ နှစ်ဘက် စလုံးက သတင်းအတိအကျ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG