သုံးရလွယ်ကူစေသည့် Link များ

စစ်ရပ်စဲရေး မြစ်ကြီးနားဆန္ဒပြပွဲ သောင်းနဲ့ချီ တတ်ရောက်


 စစ်ရပ်စဲရေး မြစ်ကြီးနားဆန္ဒပြပွဲ သောင်းနဲ့ချီ တတ်ရောက်( Hkun Awng Nlam)
စစ်ရပ်စဲရေး မြစ်ကြီးနားဆန္ဒပြပွဲ သောင်းနဲ့ချီ တတ်ရောက်( Hkun Awng Nlam)

ကချင်ဒေသနဲ့ မြန်မာပြည်အဝှန်းမှာ တပ်မတော်ရဲ့ထိုးစစ်တွေ ရပ်ဆိုင်းဖို့အတွက် မြစ်ကြီးနားမြို့မှာ လူပေါင်းသောင်းနဲ့ ချီပြီး စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေ အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နိုင်ငံရေးသုံးသပ်သူတွေက ဒီတိုက်ပွဲတွေ ရပ်ဆိုင်းဖို့ အတွက် လက်နက်ကိုင်တပ်တွေအကြားမှာ နယ်နမိတ်တိတိကျကျ သတ်မှတ်ဖို့နဲ့ အပြန်အလှန်ယုံကြည်ဖို့ အရေးကြီးကြောင်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြစ်ကြီးနားမြို့မှာ လူပေါင်းသောင်းနဲ့ ချီပြီး ဆန္ဒပြ( Hkun Awng Nlam)
မြစ်ကြီးနားမြို့မှာ လူပေါင်းသောင်းနဲ့ ချီပြီး ဆန္ဒပြ( Hkun Awng Nlam)

“တိုင်းရင်းသားတွေတောင်းဆိုသော ဖက်ဒရယ်ဖွဲ့စည်းရေး…ဖွဲ့စည်းရေး
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရေး … ဒို့အရေး"

ခုကြားကြရတဲ့အသံကတော့ ကချင်ပြည်နယ်မြစ်ကြီးနားြ မို့က ပြည်သတွေ တောင်းဆိုကြတဲ့ အသံ ဖြစ်ပါတယ်။ အဓိက တောင်းဆိုကြတာကတော့ တနိုင်ငံလုံးထိုးစစ်တွေ ရပ်ဆိုင်းဖို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ နိုင်ငံရေးပြဿနာမပြေလည်သရွေ့ အကြီးစားစီမံကိန်းတွေရပ်ဆိုင်းဖို့၊ ကချင်ပြည်နယ်မှာ ဖက်ဒရယ်စနစ်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့ ဆိုတာတွေဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို မနက် ၇နာရီလောက်ကနေ၁၁ နာရီလောက်အထိကျင်းပခဲ့ကြပြီး လူသောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ ကိုစတီဗင်နော်အောင်က ပြောပါတယ်။

“လူအားလုံးကတော့ မြစ်ကြီးနားလမ်းတော်တော်ရှည်တဲ့အကွေ့အကောက်တခုလုံး မှာတောင်မှ လမ်းလျှောက်ရင်တောင်မှ စစချင်းထွက်တဲ့ မနောကွင်းမှာတောင်မှ လူမကုန်သေးတဲ့ဟာတွေ တွေ့ရတယ်။ အဲဒီတော့ ခန့်မှန်းခြေပေါ့နော် ၄ သောင်းနဲ့ ၅ သောင်းမှာရှိမယ်လို့ ခန့်မှန်းကြတယ် အားလုံးက။”

ဒီကနေ့ဆန္ဒပြပွဲမှာတော့ နိုင်ငံရေး၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်းတွေ တိုက်တွန်းချက်အရ ကချင်ဒေသမှာသာမက မြန်မာပြည်အဝှန်းထိုးစစ်တွေ ရပ်ဆိုင်းဖို့အတွက် တောင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဦးခက်ထိန်နန်ကတော့ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအဆုံးသတ်ရေးအပေါ် အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးက လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေဆုံးဖြတ်ပြီးတော့ သူတို့ကိုယ်တိုင်ရပ်မှပဲ ရပ်စဲမှာပါ။ ဒီ bilateral ထိုးထားတဲ့နေရာမှာမနေကြဖို့၊ တဘက်နဲ့ တဘက် အကြာင်းကြားဖို့ ဆိုတာတွေက အဖွဲ့တိုင်းအဖွဲ့တိုင်း လက်မှတ်ရေးထိုးကြထားပြီးသားဖြစ်ပါတယ်။ bilateral အနေနဲ့ပေါ့ ဒါပေမယ့် ဒီနေ့ပြန်ကြည့်ရင် သဘောတူထားတဲ့ လက်မှတ်ထိုးထားတဲ့ အနေအထားတွေကို လိုက်နာတဲ့နေရာမှာ အားနည်း လို့ဖြစ်တာလည်း အချက် ၁ ချက်ပါတယ်။”

ဦးခက်ထိန်နန်ဟာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ဟာ ၂၀၁၁ ခုနှစ်တိုက်ပွဲတွေပြန်ဖြစ်ပြီးနောက် နှစ်ဖက်ဆွေးနွေးပွဲတွေမှာ တောက်လျှောက်ပါဝင်ခဲ့သူဖြစ်ပြီး ဒီဆွေးနွေးပွဲတွေမှာ နှစ်ဖက်တပ်အကြား နယ်မြေသတ်မှတ်တာတွေ၊ အကြောင်းကြားပြီးဖြတ်သန်းဖို့ သဘောတူခဲ့တာတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းကလည်း နယ်မြေသတ်မှတ်မှုမှာ အားနည်းချက်တွေ ရှိနေကြောင်း ထောက်ပြပါတယ်။ တဆက်တည်းမှာပဲ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီတွေကို ပြန်လည်သုံးသပ်ဖို့ လိုကြောင်း ပြောပါတယ်။

“ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ရေး ကော်မတီတွေမှာ လက်ရှိလက်နက်ကိုင်ပဋိပက္ခတွေမှာပါတဲ့လူတွေမကပဲနဲ့ကုလသမဂ္ဂလို ၊ သို့မဟုတ် အီးယူလား၊ အာဆီယံလား ၊ မြန်မာနိုင်ငံရဲ့ မိတ်ဆွေများအဖွဲ့လား ၊ ဒါမှမဟုတ် UN အဲဒီကလူတွေနဲ့ စောင့်ကြည့်ရေး မှာထားသင့်သလား ဒါတွေကို ငြိမ်းချမ်းရေးကို တကယ်လေးနက်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေကို သုံးသပ်ပြီးတော့ပေါ့နော် ဒါပြန်လုပ်သင့်တယ်လို့မြင်ပါတယ်။”

ဒါအပြင် နှစ်ဖက် အကျိုးစီးပွားနဲ့ပတ်သက်တဲ့ သံယံဇာတတူးဖော်မှုတွေကိုလည်း ရပ်ဆိုင်းဖို့ လိုအပ်ကြောင်း ထောက်ပြပါတယ်။

“အကျိုးစီးပွား ပြဿနာက ဘာတွေတွေ့ရသလဲဆိုတော့ နယ်မြေထိန်းချုပ်မှုတွေ ၊ ဒီ နယ်မြေထိန်းချုပ်မှုတွေက ဘာတွေနဲ့ ဆက်စပ်နေသလဲဆိုတော့ စီးပွားရေး အကျိုးစီးပွား၊ အကျိုးအမြတ်တွေပေါ့ ဒီဟာက သံယံဇာတလည်း ဖြစ်ရင်လည်းဖြစ်မယ်၊ သို့မဟုတ် ကုန်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ ကောက်ဂိတ်တွေလည်းဖြစ်ရင်လည်းဖြစ်မယ်၊ ဒါတွေကို ထိန်းချုပ်ဖို့ ကြိုးစားမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တကယ်ငြိမ်းချမ်းရေးကို ရှေ့ကိုတိုးတက်ဖို့ဆိုရင်တော့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေမှာ သံယံဇာတတူးဖော်မှုတွေ ဒါတွေကို ၂ ဘက်စလုံးကနေ ရပ်ဆိုင်းထားဖို့ပေါ့။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်က သံယံဇာတနဲ့ အကောက်ခွန်ဂိတ်တွေအပေါ် ရပ်တည်နေရတယ်ဆိုရင် ဒီအတွက် ပြည်ထောင်စုလွှတ် တော်မှာ ငြိမ်းချမ်းရေးရံံပုံငွေ သီးသန့်ထားရှိဆောင်ရွက်ဖို့လည်း လိုအပ်နိုင်ကြောင်း ဆက်လက်ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေ အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တနင်္လာနေ့ကတော့ ထိုးစစ်တွေ ရပ်ဆိုင်းဖို့အတွက်မြစ်ကြီးနားမြို့နဲ့ တနိုင်းမြို့က ပြည်သူတွေက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။ ကချင်ပြည်သူတွေကတော့ ထိုးစစ်တွေ ဆက်လက်ဖြစ်ပွားနေရင် တပြည်လုံးပါဝင်တောင်းဆိုလာအောင် ဆက်လက်ဆောင်ရွက်ဖို့လည်း ဆုံးဖြတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG