သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဌာနချုပ် လိုင်ဇာအနီး တပ်မတော်က မြေပြင်နဲ့ ဝေဟင်ကနေ ထိုးစစ်ဆင်


ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်သားများ။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်သားများ။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးက ရှေ့တန်းစခန်းတခုက ဒီကနေ့မနက်က တပ်မတော်ဘက်က Jet တိုက်လေယာဉ်နဲ့ တိုက်ခိုက် ခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေ ကလည်း ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ထပ်မံပြင်းထန် လာနေပါတယ်။ နိုင်ငံရေးလေ့လာသူတွေ ကတော့ ၂၁ရာစုပင်လုံ ကျင်းပပြီး ငြိမ်းချမ်းရေးအတွက်ပြင်ဆင်နေချိန်မှာ အခုလိုတိုက်ပွဲတွေ ပြင်းထန်လာတဲ့ အပေါ် အစိုးရနဲ့ တပ်မတော်အကြားညှိနှိုင်းဖို့ လိုအပ်နေပြီလို့ သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ခိုက်မှုဟာ မြစ်ကြီးနားမြို့မှာ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ သောင်းနဲ့ချီတဲ့ လူထုက တပ်မတော်ရဲ့ထိုးစစ်တွေကို ရပ်ဆိုင်းဖို့အတွက် ဆန္ဒပြတောင်းဆိုပြီး နောက်တရက်မှာ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူး ကြီးနော်ဘူက အခုလို ပြောပါတယ်။

" ဒီမနက် ၈နာရီကျော်ကတည်းက လေယာဉ်နဲ့ လာပစ်တယ်ဆိုတဲ့သတင်းရတယ်။ ဂျက်ဖိုက်တာ လေးစင်းနဲ့ လာပစ်တယ်။ လေယာဉ်ပျံကတော့ ခဏ ပြန်နားတယ်လို့ ကြားပါတယ်။ ဒါပေမဲ့ မြေပြင်ကတော့ တိုက်လိုက် နားလိုက် ပစ်နေတယ်လို့ကြားပါတယ်။"

တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ သတင်းအတိအကျ မရသေးကြောင်း လည်း ပြောပါတယ်။ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာ ကလည်း သောကြာနေ့ဖြစ်ပွားတဲ့တိုက်ပွဲဟာ အရင်ရက်တွေ ထက် ပြင်းထန်ကြောင်း ပြောပါတယ်။

"အခြေအနေက ဒီမနက် ၉နာရီ ၇မိနစ်လောက်ကတည်းကနေပြီးတော့မှ အစိုးရဘက်ကနေပြီးတော့မှ ဂျက်ဖိုက်တာတွေနဲ့ လာပစ်တယ်။ အခုအချိန်ဆို ၆ကြိမ်၊ ရှိသွားပြီလို့ သိရတယ်ခင်ဗျ။ အခုက အပေါ်ကနေပြီးတော့မှ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲပြီးမှ မြေပြင်ကနေပြီးတော့လည်း သူတို့ အင်အားတော်တော် များတယ်ပြောတယ်။ မြေပြင်ကနေပြီးတော့ ထိုးစစ်တွေ ဆင်ပြီးမှ အခုပဲ တောက်လျောက် တိုက်ပွဲက ဖြစ်နေတယ်လို့ သိရတယ်ခင်ဗျ။ တပ်မတော်ဘက်က တပ်ရင်းပေါင်း ၂၀ကျော် အင်အားက နှစ်ထောင်ကျော်၊ သုံးထောင်နီးပါးလောက်ရှိတယ်ဆိုတာလည်း သိရတယ်ခင်ဗျ။"

ကချင်ပြည်နယ် KIA ဌာနချုပ်အနီးမှာ အရင်လလယ် လောက်တည်းက စတင်ပြီး တိုက်ပွဲတွေ ရက်ခြားဆိုသလိုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ ၂၁ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်ဆက်လက်ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အပေါ် နားမလည်ကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာ က ပြောပါတယ်။ ဒီလို တိုက်ပွဲတွေဖြစ်ပွားလာတဲ့ အပေါ်မှာ ဦးလမိုင်ဂွမ်ဂျာက အခုလို သုံးသပ်ပါတယ်။

" ကျနော်တို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလည်း ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တွေကို ဒီဖြစ်စဉ်တွေကို တင်ပြထားတာရှိတယ်။ တင်ပြထားတဲ့အပေါ်မှာလည်း အခုက တိုက်ပွဲကပြန်ဖြစ်နေတယ်။ အဲ့အထဲမှာ ပြည်သူလူထုတွေကလည်းပဲ ဆန္ဒဖော်ထုတ်တာတွေ လည်း ကျနော်တို့ ကျင်းပခဲ့ပြီးပြီ။ အဲ့တာကို ဒီနေ့က ကိုးနာရီက စပြီးတော့မှ တိုက်ပွဲကကြီး သထက်ကြီးအောင် ပြန်ဖြစ်လာတယ်။ ဒါတွေကို ကျနော်တို့ ပြန်သုံးသပ်ရင် အမြန်ဆုံး တားမြစ်ပြီးတော့မှ မဟုတ်ဘူးဆိုရင်တော့ ပိုပိုပြီး ကြီးထွားလာနိုင်တယ်လို့ သုံးသပ်တယ်။ အစိုးရအပေါ်မှာ တကယ်ပဲတာဝန်ရှိတယ်လို့မြင်တယ်။ အစိုးရပိုင်းက တပ်မတော်ကို ညှိနှိုင်းပြီးတော့မှ အမြန်ဆုံး လုပ်သင့်တယ် ဆိုတာကို သုံးသပ်တယ်။"

မြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နဲ့ပတ်သက်ပြီး ပြတ်သားတဲ့ အဖြေမရှိတာ ကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြင်ကြောင်း ပြောပါတယ်။

" ပြသနာကတော့ ငြိမ်းချမ်းရေး ယူတဲ့အခါမှာ စဉ်းစားပုံ စဉ်းစားနည်းက အစိုးရနဲ့ တပ်မတော်ကြားထဲမှာ ကွဲလွဲမှုရှိနေတာက အခြေခံဖြစ်လိမ့်မယ်လို့ ထင်တယ်။ တပ်မတော်အနေနဲ့ ဆက် ရပ်ခံထားတာက NCA လက်မှတ်မထိုးရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆက်ပါဝင်ခွင့်မရှိဘူးလို့ ရပ်ခံထားတယ်။ အဲ့ကိစ္စကို ဒီနေ့အထိ မဖြေရှင်းနိုင်သေးတာကိုက ပြသနာတခုဖြစ်နေတယ်။ အဓိက ကတော့ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေကြားမှာ ပြတ်သားတဲ့အဖြေတရပ် မထွက်သေးတဲ့အချိန်မှာ ဒီလိုအခြေအနေတွေ ဆက်ပေါ်နေတာလို့ ကျနော်ယူဆတယ်။ "

စစ်ပွဲတွေ ရပ်ဆိုင်းဖို့ဆိုရင် အစိုးရနဲ့ တပ်မတော်အကြား ညှိနှိုင်းဖို့ လိုအပ်နေကြောင်းလည်း ပြောပါတယ်။

" တပ်မတော်ဘက်နေပြီးတော့ အပစ်အခတ် ရပ်စဲရေး ကြေညာပြီးတော့ ဆွေးနွေး မယ် ဆိုတဲ့ပုံစံ ဒီနေ့အထိ မတွေ့ရသေးဘူး။ အဲ့တာက ဘယ်လိုအခြေအနေ မှ ရောက်မလဲဆိုတာ လက်ရှိ အစိုးရနဲ့ တပ်မတော် နဲ့ ညှိနှိုင်းမှုအပေါ်မှာ အဓိက မူတည်တယ်လို့ ထင်တယ်။ လောလောဆယ် ကျနော်တို့ အကဲခတ်တွေရော စစ်ဆန့်ကျင်တဲ့သူတွေရော အားမလိုအားမရဖြစ်နေတာက တပ်က တိုက်နေတယ်။ အစိုးရက တခွန်းမှ မပြောဘူးဆိုတာနဲ့ပတ်သက်ပြီး ကြေလည်မှုမရှိကြဘူးပေါ့ အဲ့ဒီ့တော့ ဒီကိစ္စက အစိုးရနဲ့တပ်မတော်ကြား ကြေကြလည်လည် ညှိနှိုင်းဖို့လိုနေတဲ့ပြသနာ လို့ ကျနော်က မြင်တယ်။"

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ လွှတ်တော်အတွင်းမှာလည်း တိုက်ပွဲတွေ ရပ်ဆိုင်းရေးအတွက် လက်မှတ်ထိုးတောင်းဆိုဖို့ ပြင်ဆင်တာတွေ ရှိနေပြီး လူမှုကွန်ယက် စာမျက်နှာတွေမှာတော့ တိုက်ပွဲတွေ၊ စစ်ရှောင်ဒုကသည်အရေးနဲ့ ပတ်သက်ပြီး အစိုးရက ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် ဝေဖန်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG