သုံးရလွယ်ကူစေသည့် Link များ

တပ်မတော်က SSA မြောက်ပိုင်းစခန်းကို ထိုးစစ်ဆင်


SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်စခန်း။
SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်စခန်း။

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်မှာ မြန်မာ့တပ်မတော်က (SSPP/SSA) ရှမ်းပြည် မြောက်ပိုင်းတပ်မတော် စခန်းကို ဒီကနေ့ ထိုးစစ်ဆင်ခဲ့ပြီး၊ ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းနေချိန်မှာ ယုံကြည်မှုကို ထိခိုက်စေတယ်လို့ရှမ်းပြည်မြောက်ပိုင်းတပ်က ပြောပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံအပြီး တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူး လို့လည်း စစ်ရေးနိုင်ငံရေး သုံးသပ်သူတွေက မြင်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မိုင်းရှုးမြို့နယ် လွိုင်နိူင်းတိုက်နယ်၊ လွယ်နွဲ့တောင်ခြေမှာရှိတဲ့ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်စခန်းကို မြန်မာ့တပ်မတော်က ဒီကနေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့SSA မြောက်ပိုင်းတပ် ပြောခွင့်ရ ဗိုလ်ချုပ်ခွန်ဆိုင်က ပြောပါတယ်။

“မိုင်းရှုးမြို့နယ် လွိုင်နိူင်းတိုက်နယ်၊ လွယ်နွဲ့ဆိုတဲ့ တောင်ခြေနားမှာ တပ်မတော်ကနေပြီးတော့မှ လွယ်နွဲ့တောင်ခြေမှာရှိတဲ့ (SSA) စခန်းကို ဝင်တိုက်တာ၊ သူတို့က ထိုးစစ် တိုက်ခိုက်တာပေါ့၊ လက်နက်ကြီးတွေ သုံးပြီးတော့။ တိုက်ပွဲကတော့ တနာရီနီးပါးလောက်တော့ ကြာတယ်”

တပ်မတော်ဖက်က နယ်မြေရှင်းလင်းရေးအတွက် ဖယ်ရှားခိုင်းရာက အခုလို ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လာရတာလို့ ဗိုလ်ချုပ်ခွန်ဆိုင် က ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ဗိုလ်ချုပ်ခွန်ဆိုင်က သုံးသပ်ပါတယ်။

“ အဓိကကတော့ ကျနော်တို့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ ကျနော်တို့ ယူဆတယ် .. သူတို့ လာပြီးတော့ အဲလို ထိုးစစ်ဆင်တဲ့ကိစ္စတွေ။ ဒါကြောင့်မို့ ကျနော်တို့ နှစ်ဖက်တပ်တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ။ အောက်ခြေဆိုတာ စစ်သားဆိုတာက အထက်အမိန့် မရှိရင် မတိုက်ဘူးဗျ။ ဒါ အထက်က သူ့ဆိုင်ရာ တိုင်းမှူးတွေပေါ့၊ အဲဒါတွေ ဝိုင်းထိန်းပေးဖို့ လိုတယ်။ ကျနော် တို့ကလည်း ထိန်းမယ်ကိုယ့်ဖက်ကို။ စစ်ပွဲတွေ ပျံ့မသွားအောင်ပေါ့ ”

မြန်မာ့တပ်မတော်ဖက်က မိုင်းရှုးမြို့နယ်တဝိုက် စစ်အင်အားတိုးချလာချိန်ကတည်းက တိုက်ပွဲတွေမဖြစ်ရအောင် ကြိုတင်ညှိနှိုင်းဖို့အတွက် ခိုလမ်မြို့ နယ်မှာရှိတဲ့ ရလခ (အရှေ့အလယ်ပိုင်းတိုင်း) တိုင်းမှူးနဲ့ ဆွေးနွေးဖို့ ကိုယ်တိုင် သွားရောက်ခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ဗိုလ်ချုပ် ခွန်ဆိုင်က ရှင်းပြပါတယ်။

“ ကျနော်ကိုယ်တိုင် သွားတွေ့တယ် သူ့တိုင်းကို၊ ရလခ (အရှေ့အလယ်ပိုင်းတိုင်း)ပေါ့ .. ခိုလမ်ကို။ သူတို့ကပဲ ဖိတ်ကြားလို့ သွားတာလေ။ သူတို့က ပြောလာတာက သူတို့က တွေ့ချင်တယ်ပေါ့။ တိုင်းကာနယ်ကြီးနဲ့ တွေ့တယ်၊ ကိစ္စတွေကို ဖြေရှင်းဖို့ ကျနော်ကိုယ်တိုင် သွားတာ .. မအားဘူး ဆိုပြီးတော့မှ ပြောတာ။ သူတို့က ချိန်းပြီးမှ အဲလိုဖြစ်လာတော့ နောက်ဆုံးတော့ အခြေနေက မကောင်းဘူးဗျ ”

သြဂုတ်လကုန်ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံအပြီး ကချင် ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တာတွေ အရင်ထက် ပိုလုပ်လာတာတွေ့ရတာကြောင့် ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူးလို့လည်း စစ်ရေးနိုင်ငံရေး သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“ ဒီ ၂၁ ရာစုပင်လုံ နောက်ပိုင်းမှာပေါ့လေ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အလားအလာက အားရစရာ မကောင်းတဲ့ဘက်ကို ဦးတည် လာတယ်လို့ ကျနော်သုံးသပ်ပါတယ်။ ၂၁ ရာစုပင်လုံ နောက် ၆လ အစည်းအဝေး မလုပ်ခင်မှာ ကြားထဲမှာ အမျိုးသားအဆင့် အစည်းအဝေးတွေ လုပ်ရမယ်၊ တပ်မတော်နဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု နားလည်မှုကို ပိုပြီးတော့ ခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ပဲနဲ့ ရှမ်းပြည်နယ်မှာရော၊ ကချင်ပြည်နယ် မှာရော ကရင်ပြည်နယ် အချို့ဒေသတွေမှာပါ ဒီတိုက်ပွဲတွေ ဖြစ်နေတာဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာ ပြန်လည်သင့်မြတ်ရေးဟာလဲ အလှမ်းဝေးသွား နိုင်တယ်လို့ ကျနော်သုံးသပ်ပါတယ် ”

SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဟာ NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဖြစ်ပါတယ်။ မိုင်းရှုးမြို့နယ်မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ကျော်ဟာ ဟိုင်းပါရေတခွန်နားက ဒေသ တဝိုက်မှာ စစ်ဘေးရှောင်နေရတယ်လို့ SSA မြောက်ပိုင်းတပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG