သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတိုက်ပွဲတွေအတွင်း အရပ်သားတွေ သေဆုံး


လက်နက်ကိုင် တိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့ ရှမ်းဒေသခံတွေ
လက်နက်ကိုင် တိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့ ရှမ်းဒေသခံတွေ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖဲ့ွတခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ခေါ် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း နဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ၆ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံနိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ကြီးထွားလာရာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ လည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရတာပါ။ ရှမ်းပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ SSPP/SSA နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားရာက အရပ်သား (၆) ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတဲ့အကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ဗွီအိုအေကို ပြောပါတယ်။

“ကျောက်မဲရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ SSPP နဲ့တပ်မတော်ပေါ့ တိုက်ပွဲက ၁၂ ရက်၊ ၁၃ ရက်ပေါ့။ ဒီ ၅ လပိုင်းမှာ အပြင်းထန်ဆုံးပေါ့။ အဲမှာ လူ ၈ ဦးသေတယ်။ ကျနော်တို့သေသေချာချာပြောနိုင်တာက အရပ်သား ၆ ဦးလောက်ပါလိမ့်မယ်။ သေတဲ့လူက ကျောက်မဲမြို့ နောင်ကွမ်ကျေးရွာက ၃ ယောက်၊ ဝိုးလုံကျေးရွာသား ၂ ယောက်၊ အက်ကြီးကျေးရွာသား ၁ ယောက် အားလုံး ၆ ယောက်လောက်ရှိတယ်။ နောက်ထပ် ၂ ယောက်ကတော့ ၁ ယောက်ကတော့ စစ်သား ၂ ယောက်ကတော့ မခွဲခြားနိုင်ဘူး။”

ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအနီးက တွေ့ရှိထားတဲ့ အလောင်း(၈)လောင်းဟာ နောင်ကွမ်ကျေးရွာသား (၃)ဦး ၊ ဝိုးလုံကျေးရွာသား ၂ ဦး နဲ့အက်ကြီး ကျေးရွာသား ၁ ဦး စုစုပေါင်း ရွာသား (၆) ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ကျန်အလောင်း၂ လောင်းမှာ တယောက်ကတော့ SSA တပ်ဖွဲ့ဝင်တဦး၊ ကျန်တဲ့အလောင်းတလောင်းကတော့ ဘယ်သူဘယ်ဝါ မသိရဘူးလို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကတော့ သတ်ဖြတ်ခံခဲ့ရသူတွေဟာ မြန်မာစစ်တပ်က ပေါ်တာ အထမ်းသမားအဖြစ် ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တဲ့အကြောင်း မျက်မြင်တွေ့သူတွေကို ကိုးကားပြီး ပြောဆိုခဲ့တာပါ။

“သေဆုံးအမှုက တပ်မတော်ပဲ ဖြစ်ဖို့များတယ်။ အဲလောက်လဲသေချာပါတယ်။ ၃ ယောက်က မျက်မြင်သက်သေရှိတယ်။ သက်သေက ပေါ်တာဆွဲခံရတဲ့ အရပ်သား ၁ ယောက်က သူ့ရှေ့မှာပဲ သတ်ပစ်တာရှိတယ်လေ။ အခုသူပြန်လွှတ်လာတဲ့အချိန်ကျတော့ သူပြောပြချက်အရ ကျနော်တို့သွားကြည့်ရင်းနဲ့ တွေ့တာပေါ့လေ။ တောင်ကုန်းတကုန်းပေါ်မှာ လူသတ်ထားတာတွေ့တာပေါ့လေ။”

အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ဖက် တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးသလို၊ တုံ့ပြန်ချက်ရဖို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ရာမှာ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း အစည်းဝေးတက်နေတဲ့ အတွက် ပြောဆိုဖို့အခက်ခဲရှိတယ်လို့ ရုံးအဖွဲ့ဝင်တဦးကဆိုပါတယ်။

ကာလအတန်ကြာစစ်ရေးရပ်တန့်နေတဲ့ မြန်မာ့တပ်မတော်နဲ့မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့အကြားမှာ မေလဆန်း ကစလို့ စစ်ရေးပဋိပက္ခဖြစ်ပွါးလာခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားတဲ့အကြောင်းအရင်းနဲ့ပက်သက်လို့ သီပေါမြို့နယ်နဲ့ကျောက်မဲမြို့နယ်အတွင်းမှာ SSPP/SSA ဝမ်ဟိုင်း အဖွဲ့ဘက်က သတ်မှတ်နယ်မြေကျူးကျော်လာလို့ မြန်မာ့တပ်မတော်စစ်ကြောင်းနဲ့ မေလ(၅)ရက်နေ့ကနေ(၂၀)ရက် အတွင်း တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွါးခဲ့ပြီး အလောင်း ၇ လောင်းနဲ့ လက်နက်မျိုးစုံ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ တပ်ရင်းမှူး တစ်ဦး အပါအဝင် အရာရှိ စစ်သည် တစ်ချို့ အသက်စွန့်ခဲ့ရကာ ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့တယ်လို့မေလ ၂၁ ရက် တပ်မတော်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

အခုအခါ ၂ ဖက် တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ ဝိုးလုံကျေးရွာသားတွေဟာ နေရပ်ကိုပြန်ဖို့ မဝံ့ရဲသေး သလို ပန်ကျန်ကျေးရွာဘုန်းကြီးကျောင်းမှာခိုလှုံနေရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ(၁၂)ရက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ သီပေါမြို့နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာမှာလည်း အရပ်သားတွေ သေဆုံးမှု ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မေလ(၁၈)ရက်နေ့က သီပေါမြို့နယ် နမ့်ပေါင်တိုက်နယ် နမ့်မကျေးရွာအုပ်စုဘက်မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲကြောင့် အနီးဝန်းကျင်ကျေးရွာကရွာသားထောင်ကျော်ဟာ သီပေါမြို့နယ်ထဲက ဒုက္ခ သည်စခမ်းမှာ လက်ရှိခိုလှုံနေရတယ်လို့ ဝမ်းမောလူမှုကူညီရေးအဖွဲ့ခေါင်းဆောင် ကိုမျိုးကအခုလိုပြောပါတယ်။

“သီပေါမှာ ၁၀၀၀ ကျော်လောက်ရှိနေပြီ။ မြို့ဟောင်းမှာက ၂၉၀ ၊ နမ့်ပေါင်မှာ ၃၀၀၊ ဘိုးထိုင်ကျောင်းမှာ ၂၉၈ ဦး၊ နောက်ထပ်ကျနော်တို့ စာသင်တိုက်မှာက ကိုရင် ၉၂ ပါးနဲ့ ဦးဇင်း ၂ ပါး ။ အားလုံးအခုလောလောဆယ်မှာ ၁၁၈၁ ဦး လောက်ှရိတယ် အခုလည်း ကျတော်တို့ အဖွဲ့တွေကတော့ ကျန်သေးတဲ့ နောက်ထပ်စစ်ရှောင်အဖွဲ့တွေကို အဲဒီမှာ ၄-၅၀ လောက်ကျန်သေးတာတွေကို သွားခေါ်နေတယ်

မြောက်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့ကတော့ ယခင် နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့စဉ်တုန်းက သဘောတူညီချက်အရ ဝမ်ဟိုင်းတွင် အခြေပြု၍ လက်ရှိ ဖြန့်ခွဲထားသော နေရာတွေမှာ ယာယီအခြေပြုနေထိုင်ဖို့ သဘောတူတယ်လို့ပါရှိကြောင်း မေလ ၁၉ ရက်က SSPP/SSA ဘက်ကနေ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG