သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် စစ်ရေးပဋိပက္ခ တွေ့ဆုံ ညှိနှိုင်းဖို့ ကြိုးစားနေ


RCSS/SSA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ - RCSS - SSA News & Information Department
RCSS/SSA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ - RCSS - SSA News & Information Department

လက်ရှိ တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ RCSS/SSA ရှမ်းတောင်ပိုင်းတပ် နဲ့ TNLA တအာင်းတပ်တို့ကြား နှစ်ဘက် မျက်နှာခြင်းဆိုင် တွေ့ဆုံညှိနှိုင်း အဖြေရှာ ကြဖို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ကြားဝင် ဖြန်ဖြေပေးနေတယ်လို့ UNFC တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။ စစ်ရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဖြေရှင်းကြဖို့ကိုလည်း ရှမ်းပြည် မြောက်ပိုင်း တပ်ဘက်က တိုက်တွန်းပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုအခြေအနေ ဘယ်လိုဖြစ်လာနိုင်ခြေရှိပါသလဲ အသေးစိတ် ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS ရဲ့ လက်အောက်ခံ SSA တောင်ပိုင်းတပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA တပ် တို့ကြား ရှမ်းပြည်နယ်ဘက်မှာ နယ်မြေပိုင်နက်အငြင်းပွားမှုအရင်းခံပြဿနာနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဒီစစ်ရေး ပဋိပက္ခကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က စစ်ပြေငြိမ်းဖို့အရေး ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးနေကြပါတယ်။

အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း စစ်ရေးတင်းမာမှုဖြစ်နေတာကို စစ်ရေးနည်းနဲ့ မဖြေရှင်းပဲ နှစ်ဘက်ခေါင်းဆောင်တွေ မျက်နှာခြင်း ဆိုင် တွေ့ဆုံဖြေရှင်းကြဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဘက်က ကြားဝင်ဖြန်ဖြေပေးနေပြီး အခု လက်ရှိ နောက်ဆုံးအခြေအနေ ကတော့ နှစ်ဘက်သဘောတူတဲ့ နယ်မြေ တခုမှာ တွေ့ဆုံကြဖို့ နေရာသတ်မှတ်နိုင်ရေး ဆောင်ရွက်နေပါတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးထွန်းဇော်က ဗွီအိုအေကိုပြောပါတယ်။

“ကျွန်တော်တို့ အဓိကတော့ နေရာကို ညှိပေးနေပါတယ်။ လောလောဆယ်တော့ TSLA ဘက်က မုန်းလားနေရာမှာ တွေ့ဖို့ အဆိုပြုထားတယ်။ RCSS ဘက်ကတော့ ထိုင်းနိုင်ငံ ချင်းမိုင် ဘက်မှာပေါ့။ ထိုင်းနယ်စပ်ဘက်မှာ သူက အဆိုပြုထားတယ်။ အဲဒီ နှစ်နေရာကို ကြားကနေပြီးတော့ ညှိနေတဲ့အဆင့်မှာရှိပါတယ်။ ဘယ်နေရာမှာ အဆင်ပြေမလဲပေါ့နော်။ နေရာကို နှစ်ဘက် သဘောတူညီမှု ရရင်တော့ ဆွေးနွေးဖို့ အချိန်ကို ညှိရမယ်။ အခု အဲဒီအဆင့်မှာ ရှိနေပါတယ်။ အဲဒီလို ညှိနေတဲ့ အချိန်မှာပဲ အခုလို ထဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ စိတ်မကောင်း ပါဘူး။ လောလောဆယ်တော့ ထိမ်းထိမ်းသိမ်းသိမ်းနဲ့ ဖြစ်စေချင်တယ်ပေါ့။ အဲဒါကို နှစ်ဘက်လုံးကို တိုက်တွန်းထားပါတယ်။”

အခုလို RCSS/ SSA တောင်ပိုင်းနဲ့ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ TNLA တအောင်းတပ်တို့ ကြားဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေဟာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဒေသခံပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ထိခိုက်စေတဲ့အတွက် စစ်ရေးနည်းနဲ့ မဖြေရှင်းပဲ ငြိမ်းချမ်းတဲ့ တွေ့ဆုံ ဆွေးနွေးခြင်း နည်းလမ်းနဲ့သာ နှစ်ဘက်တပ်တို့ အမြန်ဆုံး အဖြေရှာကြဖို့ အလေးအနက် တိုက်တွန်းကြောင်းကိုလည်း ဒီကနေ့ မေလ (၇) ရက်နေ့ ရက်စွဲနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း တပ်ဘက် ကလည်း သဘောထားထုတ်ပြန်ပါတယ်။ အခုလက်တလောတိုက်ပွဲတွေဟာ SSPP/SSA မြောက်ပိုင်းတပ်ရဲ့ ထိန်းချုပ်နယ်မြေထဲ လာဖြစ်နေတဲ့အတွက် သူတို့အနေနဲ့ ဘယ်တပ်ဘက်ကမှမပါပဲ ရှောင်ရှားခဲ့ပြီး နယ်မြေထဲ စစ်ရေးပဋိပက္ခ ပိုမကျယ်ပြန့်လာစေချင်ဘူးလို့လည်း ကြေညာချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

အခုလို ရှမ်းတောင်ပိုင်းတပ်နဲ့ TNLA တအာင်းတပ်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း ညှိနှိုင်း ပေးနေကြသလို တအာင်း TNLA တပ်ဘက် ကလည်း နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းလိုပါတယ်လို့ တအာင်းတပ် ပြောခွင့်ရ နိုင်ငံခြားရေးရာ ဌာနမှုး ဗိုလ်မှူးတာပန်လှက ပြောပါတယ်။

“ကျွန်တော်တို့ ဘက်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ စပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းတယ်။ ကျွန်တော်တို့ UNFC ဘက်ကိုလည်း အကူအညီတောင်းတယ်။ ကျွန်တော်တို့ SSA ဘက်ကိုလည်း အကူအညီ တောင်းတယ်။ ကျွန်တော်တို့ ဘက်ကနေ ဖြစ်နိုင်သမျှ လမ်းကြောင်းတွေကို ရှာပြီးတော့ တွေ့ဆုံနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုဆိုရင်တော့ ကျွန်တော်တို့ရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ UWSA ကလည်း ထိုးစစ်ဆင်နေတာမျိုးတွေ လုပ်နေတာ ရှိတယ်။ ပြီးတော့ UNFC ကလည်း ကြားဝင် စေ့စပ်နေတာမျိုးတွေ ရှိပါတယ်။ နေရာ အဆင်ပြေသွားပြီဆိုရင် မကြာခင် တွေ့ဆုံနိုင်မယ့် အနေအထား ဖြစ်ပေါ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ”

ရှမ်းပြည်ထဲ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့အချိန်မှာ လက်ဖက်ခူးရာသီ မှာတော့ နှစ်ဘက်အပစ်ရပ်ကြဖို့ တအာင်း၊ ပလောင်နဲ့ ရှမ်းပြည်သူ ဒေသခံတွေဘက်က လက်နက်ကိုင်တပ်တွေကို မေတ္တာရပ်ခံ ထားတာ ရှိတယ်လို့လည်း တအာင်းတပ်ဘက်က ပြောပါတယ်။

“လက်ဖက်ခူးရာသီဖြစ်တယ်။ လက်ဖက်ခူး ရာသီ ဖြစ်တော့ နှစ်ဖက် အေးအေးချမ်းချမ်း လက်ဖက်ခူးနိုင်အောင် တတ်နိုင်သမျှ တိုက်ပွဲ မဖြစ်အောင် ကျွန်တော်တို့ ဘက်က လျော့တယ်။ ရှောင်တယ်။ ရိက္ခာဖြတ်တဲ့ အနေအထားမျိုး လုပ်လာတယ်။ ရွာသူရွာသားတွေ ဈေးသွားရင် ဆန်ကို ခြောက်ပြည်အထက်ကို သယ်ခွင့် မပြုတော့ဘူး။ ကားလမ်းတွေဆိုလည်း သုံးလို့ မရအောင် ကျင်းတူးထားတာမျိုးတွေ လုပ်လာတယ်။ ဆီဆိုရင်လည်း တစ်လီတာ ပုလင်း ငယ်ငယ်လောက်ပဲ သယ် ခွင့်ပြုတယ်။ အဲဒီလို လုပ်တာက လူထုတွေကို တအား ဒုက္ခ ရောက်စေတယ်။ အထူး သဖြင့် မရနိုင်တော့ဘူးဆိုရင် လူထုတွေ အကြီးအကျယ် ဒုက္ခရောက်ကြမယ်။ ”

ပြည်တွင်းငြိမ်းချမ်းရေး ဦးစားပေး ဆောင်ရွက်မယ်ဆိုတဲ့ NLD အစိုးရသစ် လက်ထက် ၂၁ရာစု ပင်လုံ လို့ခေါ်တဲ့ ဒုတိယပင်လုံခေါ်ပြီး မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေး တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ မြန်မာအစိုးရတပ်ကြား စစ်ရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ပြေလည်အောင်ဖြေရှင်းနိုင်ရေး ကို ဦးတည်ဆောင်ရွက်မယ်လို့လည်း သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ပြောဆိုထားတာပါ။

အခုလိုမျိုး ငြိမ်းချမ်းရေးအဖြေရှာကြမယ်လို့ ပြောဆိုနေချိန်နဲ့တပြိုင်နက်တည်းမှာပဲ အပစ်ရပ် မထိုးထားတဲ့ KIA ကချင်လက်နက်ကိုင်တပ်၊ ရှမ်းမြောက်ပိုင်းတပ်၊ AA ရခိုင်တပ်၊ TNLA တအောင်းတပ် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ စစ်တပ်ကြား စစ်ရေးတင်းမာမှုဖြစ်နေသလို တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေမှာ စားနပ်ရိက္ခာ၊ ရာသီဥတုဒဏ်ကြောင့် နေထိုင်ရေးနဲ့ အရေးပေါ်ဆေးဝါးအကူအညီတွေ ကျမ်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG