သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် တောင်အာဖရိက လေ့လာရေးခရီး


 Truth and Reconciliation Commission၊ တောင်အာဖရိက
Truth and Reconciliation Commission၊ တောင်အာဖရိက

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့ နေရာမှာ အထောက်အကူဖြစ်စေဖို့ရည်ရွယ်တဲ့ အရပ်သားအစိုးရ လက်ထက် အစိုးရအဖွဲ့၊ တပ်မတော်၊ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ အပစ်မရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ခေါင်းဆောင်တွေ ပထမဆုံးအကြိမ် အတူသွားကြတဲ့ တောင်အာဖရိက ခရီးစဉ်ကို နိုင်ငံရေး အရ ထူးခြားမှုအဖြစ် ရှုမြင်ကြပါတယ်။ ဒီတောင်အာဖရိက ခရီးစဉ်ဟာ ၉ရက်တာကြာမြင့်မှာပါ။ ဒီခရီးစဉ်အပေါ် သုံးသပ်ချက်အမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အောင်မြင်အောင်ညှိနှိုင်းနိုင်ခဲ့တဲ့နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို လေ့လာဖို့ဆိုတဲ့ တောင်အာဖရိကခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်ပြီးတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် အပါအဝင် တပ်မတော်အရာရှိကြီးတွေ၊ NCAအပစ်ရပ်လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ နောက် NCA အပစ်ရပ်လက်မှတ် မထိုးထား တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုယ်စား ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ ပါဝင်ပါတယ်။

ဒီတောင်အာဖရိကခရီးစဉ်ဟာ NLD အရပ်သားအစိုးရလက်ထက် တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်တွေ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် အတူထွက်ခဲ့ကြတာဖြစ်တယ်လို့ ထူးခြားမှုအဖြစ် သုံးသပ်ကြသလို ဒီခရီးစဉ်က ယုံကြည်မှု၊ ရင်းနှီးမှုတွေ ပိုခိုင်မာအောင် တည်ဆောက် လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ ဆောင်ရွက်တဲ့ နေရာမှာအထောက်အကူဖြစ်စေဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် ညှိနှိုင်းနိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့ အတွေ့အကြုံတွေ ကို လေ့လာဖို့ဆိုတဲ့- ဒီခရီးစဉ်အပေါ် နိုင်ငံရေး အကဲခတ် ဒေါက်တာ ရန်မျိုးသိမ်းကတော့ အကောင်းမြင်မျှော်လင့်သလို ပြည်တွင်းမှာ ပြန်ပြင်းထန် လာနေတဲ့ စစ်ရေးတင်းမာမှုတွေကို လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အဖြေရှာသင့်တယ်လို့ သုံးသပ်ပါတယ်။

“တောင်အာဖရိကလိုနိုင်ငံမျိုးကို သွားတယ်ဆိုတာက တကယ်တန်းအားဖြင့်တော့ Nelson Mandela ရဲ့ နိုင်ငံဖြစ်တာ နောက် ငြိမ်းချမ်းရေးရဲ့ပြရုပ်ဖြစ်တာ ဒီလို ပုံစံမျိုးနဲ့စဉ်းစားမယ်ဆိုရင်တော့ နိုင်ငံတကာ မျက်နှာစာမှာ အစိုးရအနေနဲ့ပေါ့ သူ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို promote လုပ်ချင်တဲ့သဘောမျိုး ဦးတည် တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မြင်တယ်။ လေ့လာတယ်ဆိုတာလည်း လိုအပ်တာတော့ လိုအပ်တာပေါ့။ ဒါပေမယ့် တကယ်တန်းကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရော တပ်မတော်ရော၊ အစိုးရဘက်က ပုဂ္ဂိုလ် တွေရော အတူတကွသွားတာဟာ အသွင်‌သဏ ္ဌာန်အားဖြင့်တော့ အပြုသဘောဆောင်တယ်လို့ ပြောလို့ရပေမယ့်လို့ တကယ်တမ်းက မြေပြင်အနေအထားမှာ တိုက်ပွဲတွေဖြစ်နေတာ၊ နောက်ပြီးတော့ ပြည်သူလူထုက စစ်ရှောင်နေရတာ ဒီအခက်အခဲတွေရှိနေတာကတော့ တကယ့် အတွင်းသဘောအားဖြင့်တော့ တိုးတက်မှုမရှိတဲ့သဘောလို့မြင်တယ်။ အဲဒီလိုခရီးစဉ်တွေထက်ပေါ့လေ တကယ်တမ်းပိုပြီးလိုတာက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင်၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ NCA ထိုးထားတဲ့အဖွဲ့၊ မထိုးထားတဲ့အဖွဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေဟာ ပိုပြီးတော့ အရေးကြီးမယ်လို့တော့ ကျနော်မြင်တယ်။”

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ ပိုအောင်မြင်စေဖို့ အခုလို တောင်အာဖရိကလို အသွင်ကူးပြောင်းရေး အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တပ်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အတူတကွ သွားရောက်လေ့လာမှုအပေါ် သတင်းစာဆရာဦးစည်သူအောင်မြင့်ကတော့ အကျိုးရှိမယ်လို့ ယူဆပါတယ်။

“တိုက်ရိုက်ထပ်တူ မတူပေမယ့်လည်း နမူနာယူစရာ သူတို့ဆီက သင်ယူစရာတွေ ဆိုတာက နေရာအတော်များများမှာရှိတယ်လေ။ အဲဒီလိုကောင်းတဲ့ အတွေ့အကြုံတွေ ကို အစိုးရဘက်ကပဲ မကဘူး၊ တပ်မတော်ဘက်ကရော တိုင်းရင်းသားတွေဘက်ကရော သွားတယ်ဆိုတာက တော်တော်ကိုကောင်းတဲ့ ကိစ္စပေါ့၊ တောင်အာဖရိကတော့ ဘာပဲပြောပြောအမျိုးသားပြန်လည်သင့်မြတ်ရေးကို စံနမူနာ ပြလောက်တဲ့ တိုင်းပြည်တခုဖြစ်လို့ပါ။ မြန်မာနဲ့တူတာတော့ မဟုတ် ဘူးပေါ့နော် စံနမူနာ ပြနိုင်တဲ့နိုင်ငံတခုဆိုတော့ အဲဒါကြောင့်သွားလေ့လာတာနဲ့တူပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကစတင်ပြီး အောက်တိုဘာလ ၉ ရက်နေ့အထိ ကြာမြင့်မယ့် ဒီတောင်အာဖရိကခရီးစဉ်မှာ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနဲ့ ဗိုလ်မှူးချုပ် စိန်ထွန်းလှ ၊ NCA လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများကိုယ်စား ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) အထွေထွေ အတွင်းရေးမှူး (၂) စိုင်းလ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ လျန်မှုန်း ဆာခေါင် ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ခွန်ဥက္ကာ ၊ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးတဲ့ တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်၊ မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်အောင်မင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) မှ စိုင်းဟင်စိုင်း၊ “ဝ” အထူးဒေသ (၂) မှ ဘဏ္ဍာရေး ဦးစီးမှူး ဦးညီလင်းနဲ့ အထူးဒေသ(၄) မိုင်းလားမှ ဦးစိုင်းမောက် တို့ လိုက်ပါသွားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG