အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ NCA စာချုပ်လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်တက်ရောက်ခွင့်ရရေး အပါအ၀င် အပစ်အခတ်ရပ်စဲရေး ကြေညာဖို့စတာတွေနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံက ဒီတွေ့ဆုံဆွေးနွေးပွဲအတွင်း လာမယ့် အောက်တိုဘာလလယ်မှာ ထပ်တွေ့ဆုံဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုအောင်အောင်က တင်ပြပေးပါမယ်။
စက်တင်ဘာ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်လှယ်အဖွဲ့ DPN အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံကို တနိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ တက်ရောက်ခွင့်မရပေမယ့်၊ လာမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီအဖွဲ့တွေ တက်ရောက်ခွင့်ရရေးအပါအ၀င် ကိစ္စရပ်အတော်များများကို ဒီအစည်းအဝေးအတွင်း ဆွေးနွေးခဲ့တယ်လို့ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောပါတယ်။
“ကျနော်တို့ ဆွေးနွေးအဖြေရှာတဲ့အခါမှာ ဒီလိုဆွေးနွေးချက်တွေကို ဆွေးနွေးရင်းနဲ့ အဖြေရှာတယ်ဆိုတာထက် တကယ့်မြေပြင်ကအခြေအနေတွေနဲ့ ဆက်စပ်ပြီးတော့ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာတွေကို နည်းနာလေးတွေကို ထည့်စဉ်းစားပြီးတော့ အဖြေရှာဖို့ ဆိုတဲ့သဘောမျိုးကျနော်တို့ပြောကြတာပါ။ ဒီနည်းလမ်းရှာဖို့အတွက်တွေ့ဆုံကြတာဆိုတော့ ဘာမှ ကျနော်တို့ ဆုံးဖြတ်ချက်တစုံတရာချတာမျိုးတွေတော့ မရှိဘူး။"
NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီးမှသာ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရမယ်လို့ တပ်မတော်ဘက်က ပြောဆိုထားတာပါ။ အခုလို NCA စာချုပ်ကို အသေဆုပ်ကိုင်ထားတာကြောင့် တိုင်းရင်းသားအဖွဲ့အချို့အနေနဲ့ NCA လက်မှတ်ထိုးရေး အခက်ကြုံနေရတာဖြစ်တယ်လို့လည်း UNFC ဘက်ကပြောပါတယ်။
ချင်းမိုင်မြို့က အစည်းအဝေးအတွင်းမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်ကျင်းပအပြီး ၆ လအကြာမှာ ဒုတိယအကြိမ် ပင်လုံညီလာခံ ထပ်မံကျင်းပမှာဖြစ်ပြီး ကြားကာလမှာ အခုလို ညှိနှိုင်းအစည်းအဝေးတွေ မကြာခဏကျင်းပသွားပြီး ယုံကြည်မှုတည်ဆောက်သွားဖို့ ၂ ဘက်ကိုယ်စားလှယ်တွေ သဘောတူညီခဲ့ကြပါတယ်။ လာမယ့် အောက်တိုဘာလလယ်မှာတော့ ဆွေးနွေးပွဲ နောက်တကြိမ်ကျင်းပသွားမှာပါ။ အခုလို တွေ့ဆုံဆွေးနွေးရာမှာ လက်တွေ့မြေပြင်အခြေအနေတွေနဲ့လည်း ထည့်သွင်းစဉ်းစားသွားဖို့လိုတယ်လို့ ခူဦးရယ်ကပြောပါတယ်။
“အထူးသဖြင့်ကတော့ ကျနော်တို့တင်ပြချက်ထဲမှာ အဓိကပထမဆုံးအချက်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ဆိုတဲ့ဟာမှာ ကြေညာခြင်း၊ မကြေညာခြင်း နဲ့ ပတ်သက်ပြီးတော့ မြေပြင်မှာလည်း အခုဆိုရင် စစ်ရေး အခြေအနေကမြင့်နေတယ်ပေါ့ဗျာ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ၊ အခုလို ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ ကြိုးပမ်းတဲ့အချိန်မှာ အခုလို မြေပြင်စစ်ရေးအခြေအနေကလည်း မြင့်နေတဲ့အတွက်ကြောင့် ဒါတွေကို ဘယ်လိုနည်းလမ်းနဲ့ ၊ တွေ့ဆုံဆွေးနွေးပြီးတော့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့အခြေခံက ပိုပြီးတော့ လက်တွေ့ကျမယ်ဆိုတဲ့ အခြေခံဆုံးဖြတ်ချက်တွေရှိပါတယ်။”
ဒီကနေ့မှာတော့ UNFC အဖွဲ့အတွင်း ငြိမ်းချမ်းရေးကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး တွေ့ဆုံဆွေးနွေးနေပါတယ်။ မနေ့ကတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကရော DPN ဘက်ကပါ ရှေ့လုပ်ငန်စဉ်းတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပေမယ့် အသေးစိတ်ကိုတော့ ဖေါ်ပြမထားပါဘူး ။ ၂ ဖက်တွေ့ဆုံဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဦးအောင်ကြည် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးနဲ့ DPN အဖွဲ့ဘက်ကတော့ ခူဦးရယ်ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ပါတယ်