သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိ အစိုးရလက်ထက်မှာပဲ NCA ဖြစ်ဖို့ ကြိုးစားနေ - ဦးအောင်မင်း


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း- (၉ကြိမ်မြောက် NCA ဆွေးနွေးပွဲ) သတင်းဓာတ်ပုံ- မြန်မာငြိမ်းချမ်းရေးစင်တာ။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း- (၉ကြိမ်မြောက် NCA ဆွေးနွေးပွဲ) သတင်းဓာတ်ပုံ- မြန်မာငြိမ်းချမ်းရေးစင်တာ။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လွှတ်တော်မှာ အတည်ပြုချက် ယူကာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ပြည်ထောင်စု လွှတ်တော် မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကပြောဆိုလိုက်ပါတယ်။ နောက် အစိုးရသစ် လက်ထက်မှာ အသစ်အနေနဲ့ စတင်လုပ်ဆောင် စရာမလိုဘဲ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ခိုင်မာအောင်လုပ်မယ်လို့လည်းသူကပြောပါတယ်။ တိုင်းရင်းသားခေါင်းဆောင် အချို့က လွှတ်တော်မှာပါ တရားဝင်လုပ်ဆောင်ပေးဖို့ ဒီအချက်ကိုတောင်းဆိုထားပါတယ်။ ဒီစာချုပ်ကို လက်ရှိအစိုးရလက်ထပ်မှာ အပြီးသတ် ချုပ်ဆိုမယ် လို့လည်း လွှတ်တော်မှာပြောဆိုခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

ဒီကနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက အခုလိုပြောတာပါ။ ဒီစာချုပ်ကို လက်ရှိအစိုးရ လက်ထက်မှာ အပြီးသတ် ချုပ်ဆိုမယ်လို့လည်း လွှတ်တော်မှာပြောဆိုခဲ့ပေမယ့် ဘယ်အချိန်၊ ဘယ်အဖွဲ့တွေနဲ့ ချုပ်ဆိုမလဲ ဆိုတာကိုတော့ တိကျစွာ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

" ကျနော်တို့ အစိုးရလက်ထက်မှာ သိပ်မကြာခင်မှာ Nationwide Ceasefire Agreement ကို လက်မှတ်ထိုးနိုင်အောင် ကြိုးစားပါ့မယ်။ ပြီးလို့ရှိရင် ကျနော်တို့က အနည်းဆုံးတော့ Framework လောက်တော့ ဆွဲနိုင်အောင် လုပ်ပြီးတော့မှ ဒါတွေကို လွှတ်တော်မှာ အတည်ပြုပြီးကာမှ နောက် အစိုးရကနေ တစ် ကနေ ပြန်မစပဲ လုပ်နိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျနော် ပြန်လည် တင်ပြအပ်ပါတယ်။"

တိုင်းရင်းသားတွေဘက်က လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေ မှုမှာ နိုင်ငံရေးပြဿနာများ ကို နိုင်ငံရေး အရ ဖြေရှင်းခွင့်မရတဲ့အတွက် အခုလို ဖြစ်ပွားနေ ရတာ ဖြစ်ကြောင်း ထောက်ပြမှုတွေရှိတယ်လို့ ဦးအောင်မင်း ကပြောပါတယ်။ ဒီအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက် လုပ်ဆောင်ဖို့ အတွက် လုပ်မယ်လို့သူက ဂတိပြုခဲ့သလို နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးမလဲဆိုတာကို သူကခုလိုပြောပါ တယ်။

" နိုင်ငံရေးပြသနာတွေဟာ အဲ့ဒီ့ကျမှ စမှာဖြစ်တဲ့အတွက် အဲ့ဒီ့ကျမှ ဖက်ဒရယ်ကိစ္စတွေ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းလဲရေး ကိစ္စတွေ အဲ့ဒီ့ကိစ္စတွေပါ အဲ့ဒီ့ကျမှ ဆွေးနွေးမှာဖြစ်တဲ့အတွက် Political Dialogue က အရေးကြီးတယ်။ ဒါကြောင့်မို့ အခုကတည်းကနေ Political Dialogue အတွက် လမ်းကြောင်းဖွင့်ထားတယ်ဆိုတာ ကျနော် တင်ပြလိုပါတယ်။

ဦးအောင်မင်း တင်ပြချက် အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းထိန်က ခုလိုမှတ်ချက်ပေးပါ တယ်။

" တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဟာ အခြေခံအားဖြင့်တော့ လက်ခံရမယ်။ ကြိုလည်း ကြိုဆိုရမယ်။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက် လက်မှတ်ထိုးရမယ်ပြော တယ်။ သို့သော်လည်းပဲ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်က လက်မှတ်ထိုးမယ်ဆိုရင် လွှတ်တော်အသီးသီးကနေ အဲ့ဒီ့လွှတ်တော်ဥက္ကဋ္ဌတွေကို လက်မှတ်ထိုးသင့် မထိုးသင့် သဘောတူညီမှုယူဖို့ လိုတယ်လို့ ကျနော် တင်ပြတာ။ ငြိမ်းချမ်းရေးယူမယ့် အဖွဲ့တွေက မတရားအသင်းကြေညာခံထားရတဲ့ အဖွဲ့တွေဖြစ်တယ်။ အဲ့သလို ချုပ်မယ်။ Agreement လုပ်မယ်ဆိုရင် အဲ့ဒီ့ Agreement တွေ အဲ့ဒီ့စာချုပ်တွေဟာ တရားဝင်မှု ရှိမရှိဆိုတာ ဥပဒေကြောင်းအရ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ကျနော် တင်ပြလိုက်တာ။ ဒီအချိန်မှာ ရွေးကောက်ပွဲကလည်း နီးနေပြီ။ ပါတီတွေကလည်း အလုပ်ရှုပ်နေတယ်။ အဲ့ဒီ့အချိန်မှာ NCA ကို အဆောတလျင် လက်မှတ်ထိုးတာဟာ လိုအပ်ခြင်း ရှိမရှိ စဉ်းစားကြပါလို့ တိုက်တွန်းတယ်။"

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်စေဘွာကတော့ တဖက်တဖက်နဲ့ တဖက်ယုံကြည်မှု တည်ဆောက်နိုင်မှသာ လက်မှတ် ထိုးနိုင်မှာဖြစ်ကြောင်း လက်ရှိ စစ်ရေးတိုးချဲ့မှုတွေကို သတိထားရှောင်ကျဉ် ဖို့ လိုအပ်နေသေးတယ်လို့ ခုလိုပြောဆိုခဲ့ပါတယ်။

"တချို့နေရာဒေသတွေမှာ အပစ်အခတ် ရပ်ဆိုင်းရေးကို မဆောင်ရွက်နိုင်ဘဲနဲ့ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှေ့ဆက်ပြီး နေရာဝင်ယူလာတွေ ရှိလာတာကို ကြားသိရပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ် ဖားပွန်မဲဆန္ဒနယ်ဘက်မှာ ရှိနေတဲ့ ဒီတပ်မဟာ (၅) ဘက်မှာလည်းပဲ တပ်မတော်ဘက်က စစ်ဆင်ရေး ဆောင်ရွက်ဖို့ ဆိုပြီးတော့ တပ်က ချီတက်ပြီးတော့ အင်အားတွေကို အသုံးပြုလာတယ်လို့ ပြောတဲ့ အတွက်ကြောင့် တဖက်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ယုံကြည်မှုတွေ လျော့နည်းလာတာကိုလည်း တွေ့ရပါတယ်။ ဒီလိုမျိုး မဖြစ်စေဖို့အတွက် နှစ်ဦးနှစ်ဖက်ကို စစ်ဆင်ရေးတွေကို ဖြေလျော့ဖို့လည်း လိုအပ်ပါတယ်။"

လက်ရှိတိုင်းရင်းသားတွေမှာ မတရားအသင်းကြေငြာထားဆဲဖြစ်တဲ့အပေါ် ဦးအောင်မင်းက တဘက်နဲ့ တဘက် ယုံကြည်မှုမတည် ဆောက်နိုင်သေးလို့ မတရားအသင်း ကြေညာထားချက်ကို မဖြုတ်နိုင်သေးပေမယ့် စာချုပ်ကို ချုပ်ဆိုနိုင်ဖို့ သမ္မတမှ လုပ်ဆောင်ဖို့တိုက်တွန်းတာကြောင့် စာချုပ်ဟာ အကျုံးဝင်ကြောင်း ဒီကနေ့ လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။

လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေမှုနဲ့ ပတ်သတ်ပြီး ဦးအောင်မင်းက အခုလိုပြောဆိုခဲ့ပါသေးတယ်။

" အရင်တုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲရဲ့ ၉၅%၊ ၉၅% လျေျာ့ချနိုင်ခဲ့ပြီြ့ဖစ်ပါတယ်။ "

လက်ရှိမှာ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို အစိုးရနဲ့လက်မှတ်ရေးထိုးတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်ရေးမူကို ဆက်လက်ကိုင်စွဲပြီး ဆွေးနွေးသွားမယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG