သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံး အပစ်ရပ်ရေး ထိုင်းနိုင်ငံတွင် ဆွေးနွေးမည်


လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်းဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံဖို့ရှိပြီး၊ ဒီဆွေးနွေးပွဲဟာ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်မလား၊ ရပ်တန့်သွားမလား ဆိုတာကို နောက်ဆုံး အဆုံးအဖြတ်ပေးမယ့် အခြေအနေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်တွေ လော်ခီးလာညီလာခံမှာ ပြန်လည်ဆွေးနွေး၊ ပြင်ဆင်လိုက်တဲ့နောက် နှစ်ဘက်အကြား တစ်ဆို့မှုဖြစ်နေတာတွေကို ဆက်လက်ညှိနှိုင်းဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဟာ ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို သွားရောက်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေးတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“၃ ရက်နေ့မှာ တွေ့နိုင်ဖို့အတွက် ညှိနှိုင်းနေတုန်းပဲ ရှိတယ်၊ UPWC အနေနဲ့တော့ မဟုတ်ပါဘူး။ ဦးအောင်မင်းခေါင်းဆောင်တဲ့ အဖွဲ့ရဲ့ နည်းနည်းလေးပဲ သွားမယ်။ သွားပြီးတော့ ဝန်ကြီး ဦးအောင်မင်းအနေနဲ့ အခု အစိုးရကနေပြီးတော့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာ ရပ်တည်မှုပေါ့။ နောက် NCA ပေါ်မှာ စဉ်းစားထားတာပေါ့နော်။ အဲ ဒါတွေအကုန်လုံးကို သွားရှင်းပြမှာပါပဲ။ ရှင်းပြပြီးတဲ့ နောက်ပိုင်းမှပဲ တိုင်းရင်းသားခေါင်းဆောင်တွေ ပြောတဲ့အပေါ်မှာ မူတည်ပြီးတော့ပဲ ဒါ ဆက်ပြီး ဘယ်လိုဆောင်ရွက်မလဲ ဆိုတာတော့ စဉ်းစားနိုင်မယ်ထင်တယ်။”

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဓိက ရှင်းလင်းမယ့် အချက်တွေကိုတော့ အသေးစိတ် ပြောဆိုတာ မရှိပါဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ မတ်လကုန်ပိုင်းက NCA လို့ခေါ်တဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီလဆန်းပိုင်းကတော့ ကရင်ပြည်နယ်မှာ ကျင်းပတဲ့ လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ ထိပ်သီးညီလာခံက စာချုပ်မူကြမ်းပါ အချက် ၁၂ ချက်လောက်ကို ပြင်ဆင်ခဲ့သလို၊ ဒီအချက်တွေကို ဆက်လက်ဆွေးနွေးဖို့အတွက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ လော်ခီးလာညီလာခံ ဆုံးဖြတ်ချက်တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က ဇွန်လ ၂၂ ရက်နေ့မှာ UPWC နဲ့ ရန်ကုန်မှာ တွေ့ဆုံပြီး ရှင်းလင်း တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်အပေါ် တုံ့ပြန်ချက်နဲ့ လတ်တလော ဦးအောင်မင်း လာရောက်မယ့် ခရီးစဉ်အပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးနိုင်ဟံသာက အခုလို ပြောဆိုပါတယ်။

“သူတို့က ယေဘုယျအားဖြင့်တော့ လက်မခံချင်ဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ ရှင်းလင်းပြလိုက်တော့ သူတို့ကတော့ အထက်ကို ပြန်တင်ပြမယ်။ တင်ပြပြီးတော့ ဒီလာမယ့် ဇူလိုင်ပထမပတ်မှာ လာပြီးတော့ ပြောပြမယ်။ အဲဒါကို လက်ခံလား လက်မခံဘူးလားဆိုတဲ့ဟာ အဖြေ လာပေးမယ်ပေါ့ဗျာ။ ယေဘုယျအားဖြင့်တော့ ၂၊ ၃၊ ၄ အဲဒီရက်ပိုင်းမှာလေ။ အလွတ်သဘောပဲ၊ တရားဝင်တွေ့တဲ့ပွဲ မဟုတ်သေးဘူးခင်ဗျ။”

ဦးလှမောင်ရွှေက ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာဟာ ဝန်ကြီး ဦးအောင်မင်း ရှင်းလင်းပြတဲ့ အချက်တွေအပေါ် တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ဘယ်လို တုံ့ပြန်မလဲဆိုတဲ့အပေါ်မှာ မူတည်နိုင်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဦးနိုင်ဟံသာကတော့ တိုင်းရင်းသားတွေဘက်ကလည်း ထိပ်သီးခေါင်းဆောင် ချမှတ်ထားတာကို ပြင်ဆင်ဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“မတ်လ ၃၁ ရက်နေ့ လက်မှတ်ထိုးတုန်းက ပြောထားတဲ့ NCCT အနေနဲ့ကတော့ အပြတ် အဖြေပေးလို့ရတဲ့ အဖွဲ့အစည်းမျိုး မဟုတ်ဘူး။ အဲဒါကို ထိပ်သီးခေါင်းဆောင်များကို တင်ပြရမှာဖြစ်သလို၊ အခက်အခဲကနေပြီးတော့မှ လိုအပ်ရင် ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်ပြီးတော့မှ ထပ်မံ ဆွေးနွေးရမယ်ဆိုတဲ့ဟာလည်း ရှင်းရှင်းလင်းလင်းပဲ ပြောထားတယ်ဗျ နော်။ သဘောတူ လက်မှတ်ထိုးတဲ့စာထဲမှာလည်း အဲဒါတွေ ပါတယ်လေ။ အဲဒီလို ဖော်ပြထားရဲ့သားနဲ့ပေါ့ဗျာ အခုကျတော့ မပြင်ချင်တော့ဘူး စသဖြင့် အဲလိုမျိုး ပြောလာတဲ့အတွက်ပေါ့ဗျာ ကျနော်တို့လည်း စိတ်မကောင်းဘူးဗျ နော်။ ကျနော်တို့ဘက်ကလည်း ထိပ်သီးခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ဆိုတော့ ကျနော်တို့လည်း ပြင်လို့ရတာ မဟုတ်ဘူးလေဗျာ။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအနေနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ အသင့်ရှိကြောင်းကို လစဉ် ရေဒီယိုမိန့်ခွန်းမှာ မေလဆန်းက ထည့်သွင်း ပြောဆိုထားပါတယ်။ လတ်တလော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နေချိန်မှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေဟာ ဆက်လက် ဖြစ်ပွားနေဆဲရှိပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလကစပြီး UPWC နဲ့ NCCT တို့ ဟာ ပြည်တွင်း ပြည်ပမှာ အလွတ်သဘော ၂၂ ကြိမ်နဲ့ တရားဝင် ၇ ကြိမ် တွေ့ဆုံပြီးတဲ့နောက် နောက်ဆုံးမူကြမ်းကို သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG