သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းငြိမ်းချမ်းရေး အဖြေရှာဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ တိုက်တွန်း


ပြည်တွင်းငြိမ်းချမ်းရေး အဖြေရှာဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ တိုက်တွန်း
ပြည်တွင်းငြိမ်းချမ်းရေး အဖြေရှာဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ တိုက်တွန်း

မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်မက် ပြဿနာတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ် ပြုပေမဲ့ ဒီပြဿနာတွေ ဖြစ်ရတဲ့ အဓိက ဇာစ်မြစ်ကို အမှန်အတိုင်းသိဖို့ လိုအပ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ထောက်ပြခဲ့ကြပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အိတ်ဖွင့်ပေးစာကို ရည်ညွှန်းပြီး သြဂုတ်လ ၈ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အိတ်ဖွင့်ပေးစာထဲမှာ အခုလို ထောက်ပြခဲ့ကြတာပါ။ ဒါ့အပြင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်ရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း ပြစ်တင် ရှုတ်ချထားပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

အဓိကကတော့ တိုင်းရင်းသား ဒေသတွေမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေး ပါတီတွေက လွှတ်တော်ကိုယ်စားလှယ် ၂၃ ယောက်ကနေ သြဂုတ်လ ၈ ရက် တနင်္လာနေ့က အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့တာပါ။

ဒီစာထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စ အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့လည်း အစိုးရ ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အောင်မြင်မှု မရှိတာကြောင့် ဒီလို လက်နက်ကိုင် ပဋိပက္ခတွေ ဘာကြောင့် ဖြစ်ပွားရတယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဘာကြောင့် ဒီလို လက်နက်ကိုင် တော်လှန်နေတယ် ဆိုတဲ့ အဓိက အရင်းခံကို သိဖို့လိုအပ်ကြောင်း၊ ဒါမှသာ ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက တဦးဖြစ်တဲ့ ကွန်ဟိန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက…

“ကျမတို့ အနေနဲ့ ဒီဥစ္စာ ငြိမ်းချမ်းရေးအတွက် အစိုးရ လုပ်တာကလည်း အောင်မြင်စေချင်တယ်။ နောက် သူတို့ပေါ်လစီ၊ သူတို့မူအရ ငြိမ်းချမ်းရေးလုပ်တာ တော်တော်လေး ကြာနေပြီ။ ဟိုးအရင် အစိုးရ လက်ထက်ကတည်းကပေါ့။ အဲဒီ အရင်အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေးမူတွေ လုပ်လာခဲ့တာ အခုအနေအထား အထိကို ဘာမှ မတိုးတက်လာသေးဘူး။ အခုအချိန်ထိ ဘာမှ မတိုးတက်လာသေးတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေးမူတွေ တိုးတက်လာစေချင်တယ်။ နောက် တိုင်းရင်းသားနဲ့ အစိုးရကြားမှာရှိတဲ့ အထင်လွဲမှားမှုတွေ၊ သံသယတွေ အကုန်လုံး ကင်းပျောက်စေချင်တယ်။ ဒီလို ကင်းပျောက်မှပဲ သူတို့အချင်းချင်းက စေ့စပ် ညှိနှိုင်းနိုင်မယ်ပေါ့။ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ အဲဒါပဲ။”

ဒီပြဿနာတွေကို အစိုးရသစ် လက်ထက်မှာ ဖြေရှင်းနိုင်ဖို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက မျှော်လင့်နေကြတာပါ။ လက်ရှိ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေ အတွင်းမှာလည်း တိုင်းရင်းသားနဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေက ဒီကိစ္စကို ဆွေးနွေးနိုင်အောင် ကြိုးပမ်းနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပြပါတယ်။ ဒါ့အပြင် အခု လွှတ်တော်အမတ်တွေ ထုတ်ပြန်ခဲ့တဲ့ အိတ်ဖွင့်ပေးစာဟာ ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့တဲ့ စာကိုလည်း တုံ့ပြန်တဲ့ အနေနဲ့ ရည်ရွယ်ထုတ်ပြန်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ဒေသတွေမှာ အပစ်အခတ် ရပ်စဲဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့အတွက် ကိုယ်စွမ်းရှိသ၍ ပါဝင်ကြိုးပမ်းဖို့ အဆင်သင့် ရှိတဲ့အကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကမ်းလှမ်းချက်ကိုပဲ မကြာသေးခင်က နေပြည်တော်မှာ ပြည်တွင်းငြိမ်းချမ်းရေး ကော်မရှင်ဖွဲ့ဖို့ တင်ပြခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရွေးချယ်ခံရတဲ့ တိုင်းရင်းသားညီနောင် ၅ ပါတီနဲ့ တစည တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကလည်း မူအားဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။

ဇွန်လထဲကစလို့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပဋိပက္ခတွေအတွင်း မကြာသေးခင်ကပဲ ကချင်လက်နက်ကိုင် အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတဲ့ကိစ္စ အပေါ်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ KIA ရဲ့ ပြောခွင့်ရသူ ဦးလနန်ကတော့ အဖွဲ့ရဲ့ သဘောထားကို အခုလို ပြောဆိုခဲ့ပါတယ်။

“အဲဒီပစ်ခတ်မှုက ဖြစ်သွားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ ဖြစ်တဲ့နေရာက အများပြည်သူ သွားလာနေတဲ့ လမ်းပေါ်မှာ ဖြစ်တာမဟုတ်ဘူး။ တာပိန် ရေအားလျှပ်စစ်ကို ဝင်သွားတဲ့ လမ်းကြားထဲမှာ ဖြစ်သွားတဲ့ ကိစ္စပါ။ အဲဒီအထဲက စစ်မက်ဖြစ်ပွားတဲ့ နေရာလည်း ဖြစ်တယ်၊ တိုက်ပွဲတွေ စတင်ဖြစ်လာတဲ့ နေရာဒေသလည်း ဖြစ်တယ်။ အခုလိုမျိုး ဒီပစ်ခတ်မှုကလည်း သူတို့ပြောတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပျက်ပြားစေနိုင်တယ် ဆိုတာလည်း ဒါ သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။

“အခုအထိဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးတယ်လို့ ကျနော်တို့ ပြောလို့မရသေးဘူး။ အခုကတော့ အပစ်အခတ် ရပ်ဆိုင်းရေးအတွက် နှစ်ဦးနှစ်ဘက် သဘောတူညီချက် ရဖို့အတွက် ကြိုးစားနေတာပါ။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရကို ကျနော်တို့ အများကြီး စဉ်းစားပါတယ်။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေး ဆိုတာနဲ့ ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးကလည်း အများကြီး ကွဲပြားမှု ရှိပါတယ်။”

မြန်မာအစိုးရဘက်က ပြည်နယ် တည်ငြိမ်းအေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့ ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ KIO ဘက်က ဗိုလ်မှူးချုပ် ဂွမ်မော် အပါအဝင် ၆ ဦးဟာ KIO ဌာနချုပ် လိုင်ဇာအနီး လဂျားယန် စခန်းတခုမှာ ဒီလဆန်းက တွေ့ဆုံခဲ့ကြတာဟာ နောက်ဆုံးဖြစ်ပြီး အဲ့ဒီ တွေ့ဆုံမှုအတွင်း အပစ်အခတ်ရပ်စဲရေး ကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။ လောလောဆယ် အခြေအနေ အထိတော့ KIO နဲ့ မြန်မာအစိုးရကြားမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရရှိသေးပါဘူး။

XS
SM
MD
LG