သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ညှိနှိုင်းပွဲ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တချို့ မတက်ရောက်ခဲ့လို့ ဒေါ်စုစိတ်ပျက်


(၇)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို တက်ရောက်လာတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားစဉ်- Myanmar State Counsellor Office
(၇)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို တက်ရောက်လာတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားစဉ်- Myanmar State Counsellor Office

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်မှာ ယုံကြည်နားလည်မှုနဲ့ အခြားအခက်အခဲတွေ ကြုံနေရကြောင်းနဲ့၊ ဒါတွေကို ကျော်လွှားနိုင်ဖို့ အကြံပေးဆွေးနွေးလိုက်ပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ JICM ခေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိုနှိုင်းအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောလိုက်ပြီး၊ အဆုံးအဖြတ်ပေးနိုင်တဲ့ တိုင်းရင်းသားထိပ်ဆုံးခေါင်းဆောင် တချို.မတက်လာတဲ့အပေါ် ဝေဖန်လိုက်ပါတယ်။

တပ်မတော်ဖက်ကလည်း ခုလို ထိပ်ပိုင်းခေါင်းဆောင်တချို. မတက်ရောက်လာတာနဲ့၊ အရင် JICM ထိပ်သီး ဆုံးဖြတ်ချက်အတိုင်း ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အတိအကျမလုပ်တာတွေကို ဝေဖန်လိုက်တဲ့အကြောင်း ကိုဝင်းမင်းက ပြောပြထားပါတယ်။

ဒီ JICM ခေါ် အပစ်ရပ်စာချုပ် အကောင်ထည်ဖေါ်မှု ညှိနှိုင်းပွဲကြီးကို နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပရာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ ဒုခေါင်းဆောင်တွေပဲ တက်လာပြီး တချို့ ဆိုရင် ကိုယ်စားလှယ်တောင် မလွှတ်ဖူးလို့ မိန့်ခွန်းအစပိုင်း နှုတ်ဆက်အပြီးမှာပဲ ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ထိပ်သီး တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တချို့ မတက်လာနိုင်တာကြောင့် လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေကို ကြေကြေလည်လည် ဆွေးနွေး နိုင်မယ်လို့ မထင်ဘူး၊ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားပါ့မယ်လို့ ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြီး ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ ယုံကြည်မှု ဆိုရာမှာ ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေး ရအောင် လုပ်နိုင်တဲ့ သူလို့ယုံကြည်မှုက တဦးနဲ့ တဦးယုံကြည်မှုထက် ပိုအရေးကြီးတယ်လို့ ပြောကြားခဲ့ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အပေါ် ယုံကြည်လားလို့ လာမေးတာကလည်း မစရသေးပဲ မျှားကုန်သွားတာမျိုး ဖြစ်စေနိုင်တယ်လို့ ဝေဖန်လိုက်ပါတယ်။

အစိုးရထဲမှာ ညှိနှိုင်းမှု ရှိမရှိနဲ့ တိုင်းရင်းသားတပ်နဲ့ တပ်မတော်အကြား အစိုးရက ဝင်ညှိပေးချင်ရဲ့လားလို့ မေးခွန်းတွေ ထွက်နေတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒီမေးခွန်းတွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြီးအစိုးရက ညှိပေးနေပေမယ့် နားမထောင်ဘူးကြတဲ့ ပြဿနာ ရှိနေတယ်။ ဒါ့ကြောင့် နားလည်မှု ရစေနိုင်တဲ့ ဒီအစည်းဝေးမျိုး ကို ဆုံးဖြတ်နိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေ၊ တက်ဖို့လိုတယ်လို့ ခုလို ဆက်ပြီး ပြောခဲ့ပါတယ်။

ဒီအပေါ် တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်းကလည်း သဘောတူလိုက်ပြီး ဒီအမြင့်ဆုံး အစည်းအဝေးရဲ့ ပြဿနာ အဖြစ် သူ့မိန့်ခွန်းထဲမှာ ထောက်ပြ ခဲ့ရာမှာ အခု JICM ၇ ကြိမ်မြောက် အစည်းအဝေးက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက JICM ၆ ကြိမ်မြောက် အစည်းဝေး ကတည်းက ကြိုတင်ခန့်မှန်း ပြင်ဆင်လာခဲ့တာမို့ အခုလို ထိပ်ပိုင်းတွေ မပျက်ကွက် သင့်ဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် ဒုဗိုလ်ချုပ်မှုးကြီး စိုးဝင်းက ပြီးခဲ့တဲ့ ၆ ကြိမ်မြောက် JICM အစည်းဝေးမှာ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း RCSS- SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို လင်းခေးမှာ မလုပ်ပဲ တခြားနေရာမှာ အကြိုဆွေးနွေးပွဲ ဆိုပြီး နားလည်မှု လွဲလုပ်ခဲ့တယ်လို့ ဝေဖန်လိုက်ပြီး အခု လုပ်ငန်းစဉ်က ရှေ့ဆက်ဖို့ ပြင်လိုက် နောက်ပြန်ဆုတ်လိုက် ဖြစ်နေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဒုဗိုလ်ချုပ်မှုးကြီး စိုးဝင်းကဆက်ပြီး အခုလို အရေးကြီးတဲ့ နားလည်မှု လွဲတာတွေ မဖြစ်ရအောင် ဒီထိပ်ပိုင်း ခေါင်းဆောင်တွေကြား ညှိနှိုင်းတာ အပြင် သက်ဆိုင်ရာ ဒေသအစိုးရ အဖွဲ့တွေကိုလည်း အသိပေးသင့်တယ် လို့ ထောက်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ယူလို့ မရပဲ ငြိမ်းချမ်းရေးနဲ့ပဲ တည်ဆောက်နိုင်မှာမို့ ငြိမ်းချမ်းရေး ရဖို့ ဇွဲရှိရှိနဲ့ ဆက်ပြီး အကြံပြုကြိုးပမ်းသွားကြဖို့ အားလုံးကို တိုက်တွန်းသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG