သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြီးအကဲ SSPP ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဆွေးနွေး


ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်းနဲ့အဖွဲ့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်သို့ရောက်ရှိလာစဉ်။ (သြဂုတ် ၄၊ ၂၀၂၂/တပ်မတော်သတင်းမှန်ပြန်ကြားရေး)
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်းနဲ့အဖွဲ့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်သို့ရောက်ရှိလာစဉ်။ (သြဂုတ် ၄၊ ၂၀၂၂/တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်အဖွဲ့တို့ ဒီနေ့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးကြပြီး အဓိကအချက်အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီရေးနဲ့ ရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ လတ်တလောစစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့ မိုင်းရှူးမြို့နယ်က SSPP တပ်စခန်းတွေ ပြောင်းရွှေ့ရေးကိစ္စကိုတော့ နောက်ရက်တွေမှာ ဆက်လက် ဆွေးနွေးဖွယ်ရှိနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ တပ်စခန်းတွေ ပြောင်းရွှေ့ရေးနဲ့ ပတ်သက်ပြီး နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက် နေချိန်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့ SSPP ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့တာပါ။

ဒီကနေ့ဆွေးနွေးပွဲမှာတော့ ဖယ်ဒယ်ရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီစနစ်ကို ရွေးကောက်ပွဲနဲ့ဖြတ်သန်းမယ်ဆိုတာကို အဓိကထား ဆွေးနွေးဖြစ်တယ်လို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က VOA ကို ပြောပါတယ်။

“ အဓိက အချက်ကတော့ ဒီ ဖက်ဒရယ်ပြည်ထောင်စုအနေနဲ့ သွားမယ်။ ပြီးတော့ ဒီမိုကရေစီလမ်းစဉ်။ ရွေးကောက်ပွဲလမ်းစဉ်နဲ့သွားမယ်။ အဲဒါကို သဘောတူပါသလားပေါ့လေ။ ဒါကတော့ တပ်ချုပ်ကြီးက ပြောတာပေါ့ဗျာ။ အဓိက ၂ ချက်က အဲဒါပဲ။ တခြားဟာကတော့ ရှေ့ဆက်မယ့်လမ်းစဉ်တွေက ဒီ ငြိမ်းချမ်းရေး ညှိနှိုင်းရေးအဖွဲ့တွေနဲ့ ဆွေးနွေးပါဆိုတဲ့ သဘောလောက်ပေါ့။ ပြောတာပေ့ါဗျာ။ တနာရီလောက် ဆွေးနွေးဖြစ်တာပါ။”

နှစ်ဘက် တင်းမာမှုတွေ ဖြစ်ခဲ့ရတဲ့ မိုင်းရှုးမြို့နယ်က SSPP တပ်စခန်းတွေ ရွှေ့ပြောင်းရေးကိုတော့ ဒီနေ့ ဆွေးနွေးဖြစ်တာမရှိဘဲ နောက်ရက်တွေမှာ ဆွေးနွေးဖွယ်ရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ပြောမယ်ဆိုရင်တော့ ဒီ နေပြည်တော်အဆင့်ဆွေးနွေးပွဲမှာက ကျနော်တို့ တတိုင်း တပြည်လုံးအတိုင်းအတာအတွက် လုပ်ရမှာဖြစ်တဲ့အတွက်မို့လေ၊ အဲဒီ Agenda တော့ မပါသေးဘူးဗျ။ မနက်ဖြန် သဘက်ခါ ကျနော်တို့ ဆွေးနွေးပွဲမှာ ဆွေးနွေးဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ။ ”

နောက် ၂ ရက်မှာတော့ SSPP ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နဲ့ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ လက်ရှိ စစ်ကောင်စီနဲ့ SSPP တို့ ကြား ဆွေးနွေးမှုက သဘောတူညီချက်တွေ ရမယ်ဆိုရင် မိုင်းရှူးမြို့နယ်အတွင်းက တပ်စခန်းရွှေ့ပြောင်းရေးကိစ္စဟာလည်း ညှိနှိုင်းအဆင်ပြေနိုင်မယ်လို့ မြင်ကြောင်း ပြောပါတယ်။

“စစ်ရေးတင်းမာနေတဲ့အပေါ်မှာ အခု နိုင်ငံရေးအရ တခြားငြိမ်းချမ်းရေးကိစ္စ၊ အနာဂတ်ဖက်ဒရယ် တည်ဆောက်ရေးကိစ္စ အဲဒါတွေ တွေ့ဆုံဆွေးနွေးဖို့ လာတယ်ဆိုတာက ကောင်းတယ်လို့ မြင်ပါတယ်။ အကောင်းဘက်ပဲ ကျနော် မြင်ပါတယ်။ ဆွေးနွေးပွဲမှာလည်း ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေက ရလဒ်က ကောင်းမယ် ဆိုလို့ရှိရင် စသည်ဖြင့်ပေါ့ဗျာ။ သဘောတူညီချက်လည်း ရမယ်ဆိုရင် အဲဒီ နေရာကိစ္စကလည်း သူတို့ ဆွေးနွေးညှိနှိုင်းပြီးတော့ အဆင်ပြေသွားနိုင်ပါတယ်။”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ကြားရာမှာ NCA အပစ်ရပ်အဖွဲ့ ၇ ဖွဲ့နဲ့ အပစ်မရပ်တဲ့အဖွဲ့ ၃ ဖွဲ့တို့က လက်ခံထားပါတယ်။ ဒီ ၁၀ ဖွဲ့အနက်မှာ SSPP အဖွဲ့ဟာ နောက်ဆုံးဆွေးနွေးတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ မတိုင်ခင်ကတော့ မိုင်းရှုးမြို့နယ်က SSPP တပ်စခန်း ၃ ခုပြောင်း ရွှေ့ရေးအတွက် စစ်ကောင်စီက အကြိမ်ကြိမ်တောင်းဆိုခဲ့သလို SSPP ကလည်း လက်မခံတာကြောင့် တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားကြီးအဖွဲ့တွေဖြစ်တဲ့ ကရင် KNU၊ ကချင် KIO တို့နဲ့အတူ ကရင်နီ KNPP၊ ချင်း CNF၊ ကျောင်းသားတပ်မတော် ABSDF တို့က လက်မခံကြောင်း ထုတ်ပြန်ခဲ့သလို တအန်း (ပလောင်) TNLA၊ ကိုးကန့် MNDAA နဲ့ ရခိုင် AA အဖွဲ့တို့လည်း ပါဝင်တက်ရောက်တာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]














XS
SM
MD
LG