သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှလမ်းသစ် မဖွင့်ခင် အစိုးရတပ်နဲ့ DKBA တိုက်ပွဲ ပြင်းထန်


ီDKBA ကရင်လက်နက်ကိုင်အဖွဲ့က စစ်သားတွေ ကော့ကရိတ်မြိုနားက ကျေးရွားတရွာမှာ ဗိုလ်မှူးစောဆန်းအောင် သတင်းစာရှင်းလင်းပွဲကျင်းပခိုက် ကင်းစောင့်နေစဉ်။ (ဇန်နဝါရီ ၁၉၊ ၂၀၁၅)
ီDKBA ကရင်လက်နက်ကိုင်အဖွဲ့က စစ်သားတွေ ကော့ကရိတ်မြိုနားက ကျေးရွားတရွာမှာ ဗိုလ်မှူးစောဆန်းအောင် သတင်းစာရှင်းလင်းပွဲကျင်းပခိုက် ကင်းစောင့်နေစဉ်။ (ဇန်နဝါရီ ၁၉၊ ၂၀၁၅)

မြန်မာအစိုးရတပ်တွေနဲ့ ဒီမိုကရေစီ ကရင့်အကျိုးပြုတပ်မတော်တို့ဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာတိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံဘက်ကတော့ သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံဘက် ခရီးသွားလာခြင်းမလုပ်ဖို့ သတိပေးထားပြီး ကုန်စည်စီးဆင်းမှုတွေလည်း ရပ်နားထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်တို့ဟာ ၅ ရက်မြောက်နေ့အဖြစ် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ မြန်မာတပ်မတော်ဘက်က တပ်အင်အားတွေ တိုးချဲ့လာပြီး DKBA ရဲ့ ကလိုထူးဝါး အခြေချဗျူဟာစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်နေတဲ့အတွက် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေဆဲပဲလို့ ကလိုထူးဝါးဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်သက်က ပြောပါတယ်။

"ကလိုထူးဝါးမှာလည်းပစ်တယ်။ ပြီးရင် အာရှလမ်းမှာလည်း ပစ်တယ်။ လက်ကုန် လှမ်းပစ်တယ်ပေါ့။ ပိုပြီးတော့ ထပ်ကျတယ်။ သူတို့လူတွေ ထပ်တက် လာပြီ။ အင်အားများတယ်။ တပ်ရင်းမှူးကိုယ်တိုင်က လာထိုင်နေတာ။ တပ်က တော်တော်များတယ်။ စကခ (၁၂) ပါတယ်။ တပ်မ (၂၂) ပါတယ်။ ဟိုး တနင်္သာရီဘက်က တပ်လည်း ပါလာတယ်နော်။"

ဗိုလ်မှူးစောဆန်းအောင်
ဗိုလ်မှူးစောဆန်းအောင်

တိုက်ပွဲဖြစ်နေတဲ့နေရာဟာ အာရှလမ်းမအသစ်နားမှာဖြစ်လို့ ကားလမ်းတွေပိတ်ထားရပြီး ကုန်စည်စီးဆင်းမှု တချို့ ရပ်နားထားရပါတယ်။ အခု အခါမှာတော့ အရင်ကားလမ်းဟောင်းကနေပဲ ကုန်စည်စီးဆင်းမှုတချို့ ရှိနေကြောင်း မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။

"ကားသွားလာမှုကတော့ ကျနော်တို့ စခန်းကနေတော့ ကားသွားလာမှုတွေ တွေ့နေရပါတယ်။ လုံးလုံး ပိတ်တယ်လို့တော့ မဟုတ်ဘူး။ အခု ကျနော်မြင်နေ တုန်းကို ကားတွေ တက်လာတယ်။ ၁၂ဘီးတို့ ၆ဘီးတို့။ ကျနော်တို့ နဂိုရ်သွားတဲ့ လမ်းဟောင်းပေါ့။ အာရှလမ်းတော့ ပိတ်ထားတယ် ကြားတယ်ဗျ။ လမ်းသစ် ကတော့ ပိတ်ထားတော့ သွားလာမှုရှိမှာတော့ မဟုတ်ဘူးထင်တယ်ဗျ။"

မနေ့ကတော့ ထိုင်းနိုင်ငံ အာဏာပိုင်တွေဘက်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံဘက်ကနေ ပြန်ခေါ်ယူနေတဲ့ အကြောင်းနဲ့ ထိုင်းနိုင်ငံသားတွေ မြန်မာနိုင်ငံဘက်ကို အခုရက်ပိုင်းမှာ သွားလာခြင်းမလုပ်ဖို့ သတိပေးထားပါတယ်။ ဒါ့အပြင် မြန်မာဘက်က တိုက်ပွဲတွေဖြစ်ပြီး နယ်စပ်မတည်ငြိမ်မှုတွေကြောင့် ထိုင်းကုန်စည်စီးဆင်းမှုတွေလည်း ရပ်နားထားကြောင်း ထိုင်းနိုင်ငံဘက်က ပြောပါတယ်။ အခုပိတ်ထားရတဲ့ အာရှလမ်းအသစ်ဟာ ဒီလ ၂၀ ရက်နေ့မှာ ဖွင့်ပွဲလုပ်ဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံးဘက်က စီစဉ်ထားတာပါ။ ဒီလမ်းအနီးတဝိုက်မှာတော့ ကရင်လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့စခန်းတွေ ရှိနေပြီး အဲဒီစခန်းတွေထဲက DKBA ထိန်းချုပ်ရာ နေရာတွေကို မြန်မာအစိုးရတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

DKBA အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစလို့ အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကနေ ခွဲထွက်ခဲ့ပြီးနောက် အဲဒီအချိန်တုန်းက စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူခဲ့တဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၀ ပြည့်နှစ်မှာ တနှစ်နီးပါးကြာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ရာက ၂၀၁၁ ခုနှစ်မှာ နောက်တကြိမ် အပစ်ရပ်စဲရေး ထပ်လုပ်ခဲ့ရတာပါ။ အခုလက်ရှိမှာတော့ နှစ်ဘက်တိုက်ပွဲတွေ ရပ်နိုင်ဖို့ ညှိနှိုင်းအဖြေရှာနေတယ်လို့ DKBA ဘက်က ပြောခဲ့ပြီး တိုက်ပွဲအခြေအနေတွေ တင်းမာနေချိန်မှာတော့ ပြေလည်အောင် ချင်ချင်းလုပ်ဖို့ မလွယ်ကူ သေးဘူးလို့ ဆိုပါတယ်။

"ဖြေရှင်းမှာပါ။ ဖြေရှင်းမှာပါ။ နောက်ထပ် အခြေအနေကို စောင့်နေတာ။ အခုကတော့ တိုက်ပွဲကြားထဲမှာ ဖြေရှင်းလို့မရသေးဘူး။”

နှစ်ဖက်တင်းမာမှု အခြေအနေနဲ့ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ မြန်မာ အစိုးရတပ်ဖွဲ့တွေနဲ့ DKBA အဖွဲ့တို့ကြား ပြီးခဲ့တဲ့စက်တင်ဘာလမှာလည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ဘူးပြီး အဲဒီ အချိန်ကစလို့ အခုတကြိမ် တိုက်ပွဲတွေပြင်းထန်တာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG