သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်မှာ NLD ကြိုးပမ်းမှုအပေါ် အမြင်တချို့


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းဖို့ အဆိုကန့်ကွက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်များ (ဇန်န၀ါရီလ ၂၉၊ ၂၀၁၉)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းဖို့ အာဏာရပါတီ NLD က မနေ့က အရေးကြီး အဆိုတင်သွင်းချက်ကို တပ်မတော်သားကိုယ်စားလှယ်အားလုံးက ကန့်ကွက်ခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အခုလို အာဏာရပြီး သုံးနှစ်ကျော်ကြာမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလွှတ်တော်မှာ NLD ပါတီက စတင်ကြိုးပမ်းလာတာ ဘာကြောင့်ပါလဲ။

မအင်ကြင်းနိုင်က စုစည်း တင်ပြမှာပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းမယ့်အရေးကြီးအဆိုကို အင်္ဂါနေ့က နေပြည်တော် ပြည်ထောင်စု လွှတ်တော်စည်းဝေးတွင်း မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၉၄မဲ၊ ကန့်ကွက်မဲ ၁၇မဲ၊ ကြားနေမဲ ၃ မဲရှိခဲ့တာကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦးရှိတဲ့အနက် သုံးပုံတပုံရဲ့ ထောက်ခံမဲ ရရှိခဲ့တာကြောင့် ဒီအဆိုကို လွှတ်တော်ကနေ လက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလို သုံးနှစ်ကျော်ကြာအာဏာယူပြီးမှ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်မှာ စတင်ကြိုးပမ်းလာတဲ့အပေါ် ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ကွမ်ဂရောင်-အောင်ခမ်း ရဲ့ သုံးသပ်ချက်ကတော့-

“ကျနော်အနေနဲ့ ပြောရရင်တော့ ဘာပဲဖြစ်ဖြစ်လုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ တခုရှိတာက အခုချိန်မှ ဘာကြောင့်လုပ်ရသလဲဆိုတဲ့ မေးခွန်းတော့ ရှိတာပေါ့။ နောက်တချက်က မြစ်ဆုံရေကာတာကလည်း ဒီဘက်မှာ လုပ်ဖို့ဆိုတဲ့ ဖိအားတွေကလည်း များနေ။ ဒါကြောင့် အစိုးရက လမ်းကြောင်းလွှဲတာလား ဒါကို စဉ်းစားဖို့လိုတယ်။ နောက်တချက်ကတော့ သုံးနှစ်ဆိုတဲ့ အချိန်ကြာပြီးမှ အခုမှလုပ်ရသလားဆိုတဲ့ မေးခွန်းလည်းရှိတာပေါ့။”

မေး။ ။ အဲတော့ မြစ်ဆုံဆည်စီမံကိန်းကို ပြန်စရေး တရုတ်ဖိအားပေးမှုကို မြန်မာအစိုးရကခံနေချိန် မြန်မာတပြည်လုံးကလည်း ဒီဆည်စီမံကိန်းကို အပြင်းအထန်ကန့်ကွက်နေချိန်မှာ အခုဒီဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စကို NLD ဘက်ကစပြီး လုပ်တဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်ဆိုတဲ့ အချက်ကို ထပ်ပြီးရှင်းပြလို့ရမလားရှင့်။

ဖြေ။ ။ ဘယ်လောက်ထိ ဆက်စပ်မှုရှိလဲဆိုတာ ဒီနေ့ပဲမြစ်ဆုံရေကာတာကို ဒီဟာလောက်မကြီးတဲ့ ဆည်ပုံစံမျိုးနဲ့ လုပ်သွားမယ်ဆိုတာလည်းပေါ်လာတယ် နောက်တချက်ကတော့ မြစ်ဆုံရေကာတာ မလုပ်ရင်လည်း တခြားနေရာမှာတွေ လုပ်ဖို့ဆိုတာတွေ အဲဒီအဆင့်အထိ လုပ်လာတယ်ဆိုတော့ တရုတ်ဖိအားကလည်း အလွန်တရာမှ ကြီးကြီးမားမားသက်ရောက်နေတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က သူ့ Investment ကို တရုတ်သံအမတ်လာတဲ့အချိန်မှာလည်း ပြောသွားတာကတော့ မြစ်ဆုံရေကာတာမလုပ်ဘူးဆိုရင် အသစ်တွေ ရင်းနှီးမြုပ်နှံမှုတွေ ဆက်ပြီးမှ မလုပ်တော့ဘူးဆိုတဲ့အပိုင်းတွေလည်းရှိနေတယ်။ ဒါကြောင့်မြန်မာပြည်အခြေအနေက အခု အနောက်နိုင်ငံဖိအားတွေကလည်း များတယ် ဒါကြောင့် တရုတ်ကို မှီခိုရတဲ့အခြေအနေမျိုးဖြစ် တယ် တရုတ်တွေအတွက် လုပ်ခွင့်မရှိဘူးဆိုရင် စီးပွားရေးတွေလည်း အခက်အခဲဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်ပုံရတယ်။ ဒါကြောင့် အောင်ဆန်းစုကြည်ကလည်း ဒါတွေကို လိုက်လျောတဲ့ ပုံစံမျိုးနဲ့ ဖြစ်မလားဆိုတဲ့အပိုင်းတွေဖြစ်တယ်။ ဒါကြောင့် အခုမြစ်ဆုံရေကာတာကို ဒီဟာကိုလွှဲတဲ့ ပုံစံမျိုးနဲ့ လုပ်သလားဆိုတာ ကျနော်သံသယ ဖြစ်မိပါတယ်။"

တဖက်မှာတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပေးခဲ့တဲ့ ကတိကို NLD အနေနဲ့ အကောင်အထည်ဖေါ်တယ်ဆိုတာ ပြချင်တဲ့သဘောတွေ့ရတယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က မြင်ပါတယ်။

"NLD ကနေပြီးတော့မှ အခုလွှတ်တော်ထဲကနေ လမ်းကြောင်းအတိုင်းသွားမယ်ဆိုရင် တကယ်တော့ ရှေ့မှာဆိုရင် လွှတ်တော်သက်တမ်းက ၃ နှစ်လောက်ရှိသွားပြီလေ။ ရှေ့သက်တမ်း ၃ နှစ်လောက်ကတည်းကတော့ သွားသင့်တာပေါ့နော်။ ဒါပေမယ့် အခုမှ သွားတယ်ဆိုတာကတော့ ထင်မြင်ချက်အရဆိုရင်တော့ အကြောင်းအမျိုးမျိုးဖြစ်နိုင်တာပေါ့နော်။ ပြည်သူလူထုလည်း မေးတယ်မြန်းတယ် ဘယ်လိုများဖြစ်သလဲ၊ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ချင်းပြည်နယ်ခရီးစဉ်မှာ ဖြေခဲ့တော့ အဲလိုမျိုး ရွေးကောက်ပွဲ ကတိကိုလည်း သူလုပ်နေပါတယ်ဆိုတာ ပြဖို့အတွက် တင်သွင်းတယ်လို့ အဲလိုထင်တယ်။"

ဒါအပြင် NLD ပါတီက လက်ရှိဖွဲ့စည်းပုံပြင်ရေး စတင်ကြိုးပမ်းတဲ့ လမ်းကြောင်းဟာ အရင် ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်းလက်ထက်က ဖွဲ့စည်းပုံပြင်ရေး ဆောင်ရွက်ခဲ့ တဲ့နည်းလမ်းနဲ့ တူညီနေတာ တွေ့ရတယ်လို့ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

" တကယ်တော့ တင်သွင်းပုံ တင်သွင်းနည်းကတော့ တကယ်တော့ အထူးအဆန်းတော့မဟုတ်ဘူး။ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၊ နောက်ပြီးတော့မှ လွှတ်တော်မှာ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီ လက်ထက်မှာတုန်းကလည်း လုပ်ခဲ့ဖူးတယ်။ အဲဒီပုံစံနဲ့ တပုံစံတည်းပဲ သူတို့လုပ်တာ ။ တပုံစံတည်းပဲ လုပ်တယ်ဆိုတဲ့အခါကျတော့ သိပ် ထူးထူးခြားခြားမဟုတ်ဘူး။

မေး။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်မှာ အခုမှကော်မတီစဖွဲ့ဖို့ အဆိုကို အခုမှစတင်သွင်းတာဆိုတော့ NLD အနေနဲ့ လက်တွေ့အကောင်အထည်ဖေါ်တဲ့နေရာမှာ အချိန်ဘယ်လောက်ကြာနိုင်မလဲ။

ဦးစည်သူအောင်မြင့်။ ။ အချိန်ကာလအားဖြင့်ဆိုရင်လည်း ဟုတ်ပါတယ်။ ဒါက လိုရင်လိုသလို အများကြီးဆွဲလို့ရတဲ့သဘောရှိတယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန်လုပ်မယ်ဆိုရင်လည်း လုပ်လို့ရတဲ့သဘောတော့ရှိတယ်။ ပထမတကြိမ် ဒီပုံစံအတိုင်းလုပ်တုန်းကတော့ ပြည်သူလူထုဆီက အကြံဥာဏ်တောင်းခံတာတို့ဘာတို့ အများကြီးလုပ်ပြီးတော့မှ အချိန်တော်တော်ယူခဲ့တာ ကျနော်တို့ တွေ့ခဲ့တယ်။ အခုတော့ အဲလိုလုပ်မလား မလုပ်ဘူးလားဆိုတာကတော့ ဘာမှ မသိနိုင်သေးဘူးပေါ့နော်။ ပုံစံကတော့ ပုံစံတူတယ် အဲလိုပဲ နားလည်ပါတယ်။"

မနေ့က ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီတရပ်ဖွဲ့စည်းဖို့ အရေးကြီးအဆိုတင်သွင်းတာကို ၂၅%ရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်အားလုံးက မတ်တပ်ရပ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒီအပေါ်မှာ ဦးစည်သူအောင်မြင့်ရဲ့ သုံးသပ်ချက်ကတော့-

"ကျနော်နားလည်တာကတော့ ဖွဲ့စည်းပုံ ပြင်ရေးကို ကော်မတီ ဖွဲ့တဲ့အဆင့်တွေဘာတွေ မပြောနဲ့ ပေါ့နော် ။ ဒီလိုအဆိုတင်တဲ့အဆင့်ကိုတောင်မှ လက်မခံဘူးဆိုတဲ့ သဘောမျိုးကို ပြတာပါ။ ဥပမာ ဒီနေ့ လွှတ်တော်ရဲ့ သဘောအရဆိုရင် နေ့လည်ပိုင်းလောက်မှာ ဒီဟာနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်တယ်။ လွှတ်တော် နာယက ကနေပြီးတော့မှ ကြေညာချက်ထုတ်တဲ့အခါကျတော့ ကြေညာချက်ထုတ်တာပဲ ရှိသေးတယ်လေ။ သူက တကယ်လည်း အဆိုကိုတင်တာလည်းမဟုတ်ဘူး ။ အဆိုတင်တယ်ဆိုတာလည်း ဖွဲ့စည်းပုံပြင်ဖို့လည်း မဟုတ်သေးဘူး ကော်မတီဖွဲ့ဖို့ပဲ အဲဒီအချိန်ကတည်းက စပြီးတော့ ကန့်ကွက်တာ ။ဒီလိုမျိုးကြိုပြီးတော့ ကန့်ကွက်တာကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ရင် တပ်မတော်ဘက်က သိပ်ပြီးတော့မှ ၊ ပြောတာကတော့ အပြင်က ပြောတာပေါ့နော် သူတို့လည်း သဘောထားရှိပါတယ် ဘာညာဆိုတာကတော့ လုပ်ထုံးလုပ်နည်း မညီလို့ ကန့်ကွက်ရတာပါတို့ ပြောပေမယ့် ဒါပေမယ့် တကယ့်လက်တွေ့မှာ လုပ်ပုံကိုင်ပုံတွေကြည့်လိုက်ရင် ဖွဲ့စည်းပုံပြင်ရေးကို သိပ်ပြီးတော့ မလိုလားဘူးဆိုတဲ့ သဘောကို သွားသက်ရောက်တာကို တွေ့ရပါတယ်။"

တပ်မတော်သားကိုယ်စားလှယ်တွေ အဓိကကန့်ကွက်ရတဲ့ အကြောင်းအရင်းကတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ကိုင်ပုံဟာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ညီညွတ်မှုမရှိတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဗိုလ်မှူျးုပ် မောင်မောင်က လွှတ်တော်စည်းဝေးပွဲမှာ ပြောသွားပါတယ်။ NLD ဘက်ကလည်း လုပ်ထုံးလုပ်နည်း ဥပဒေနဲ့အညီ အရေးကြီးအဆိုကို တင်သွင်းတာဖြစ်တယ်လို့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက လွှတ်တော်အစည်းအဝေးမှာ ပြန်လည်ချေပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG