သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြား ကျွမ်းကျင် လုပ်သား ဥပဒေ ပြဌာန်းဖို့ မြန်မာ စီစဉ်


မြန်မာနိုင်ငံရှိ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းမှာ အလုပ်လုပ်နေသော နိုင်ငံခြား လုပ်သား အချို့။ ဓါတ်ပုံ - (AP Photo/Gemunu Amarasinghe)
မြန်မာနိုင်ငံရှိ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းမှာ အလုပ်လုပ်နေသော နိုင်ငံခြား လုပ်သား အချို့။ ဓါတ်ပုံ - (AP Photo/Gemunu Amarasinghe)

နိုင်ငံခြားက လုပ်သားတွေကို တရားဝင် အလုပ် လုပ်ကိုင်ခွင့် ပေးမယ့် နိုင်ငံခြားသား အလုပ်သမား ဥပဒေပြဌာန်းဖို့ အလုပ်သမား ဝန်ကြီးဌာန ဖက်က စီစဉ်နေပါတယ်။ အထွေထွေ လုပ်သားမဟုတ်ပဲ နိုင်ငံခြားသား ကျွမ်းကျင် လုပ်သားတွေကို ခေါ်ယူ ခွင့်ပေးမယ့် အစီအစဉ် ဖြစ်သလို၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က သတ်မှတ်တဲ့ ပမာဏ အတိုင်းပဲ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အနေအထားအရတော့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် MIC ရဲ့ ဥပဒေ စည်းမျဉ်းတွေအရ နိုင်ငံခြားသား အလုပ်သမားတွေကို ခွင့်ပြု ထားပေမယ့်၊ ဘယ်လောက် အတိုင်းအတာ အထိ နိုင်ငံခြားသား အလုပ်သမားတွေ မြန်မာနိုင်ငံထဲမှာ ရှိလဲဆိုတာကိုတော့ စာရင်းကောက်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ဒါကြောင့်မို့ နိုင်ငံခြားသား အလုပ်သမားဥပဒေကို ပြဌာန်းပြီး၊ စနစ်တကျ ဖြစ်အောင် လို့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက ဥပဒေကြမ်း စတင် ပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေကို ခွင့်ပြုတဲ့ နေရာမှာတော့ အထွေထွေ အလုပ်သမားတွေကို ခေါ်ယူမှာမဟုတ်ပဲ ကျွမ်းကျင် လုပ်သားတွေ ကိုသာ ခေါ်ယူခွင့်ပေးမှာပါ။ ဒီအတွက် ပြည်တွင်း အလုပ်အကိုင် နေရာတွေ မှာ နိုင်ငံသားတွေ အတွက် ရှားပါးလာမလား စိုးရိမ်မှုတွေရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံခြားသား အလုပ်သမားတွေကို ပမာဏ သတ်မှတ်ပြီး ခွင့်ပြုမှာ ဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီးဌာန အလုပ်ရှင် အလုပ်သမားရေးရာ ဌာနခွဲ ညွှန်ကြားရေးမှုး ဦးညွှန်လွင်က ပြောပါတယ်။

“ ကျွန်တော်တို့ အလုပ်သမား ဝန်ကြီးဌာနကနေပြီးတော့ နိုင်ငံခြားသား အလုပ်သမားကို တိုက်ရိုက်ပေါ့နော်။ လာတာနဲ့ ရော့…အင့် ဆိုပြီးတော့ လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ MIC ရဲ့ အတည်ပြုချက် ယူမယ်။ ယူပြီးတော့မှ သက်ဆိုင်ရာ အလုပ်ရှင်တွေက တဆင့် နိုင်ငံခြားသား အလုပ်သမားကို သူတို့ရဲ့ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေမှာ သုံးချင်တယ်ဆိုရင် ဒီဥပဒေအရ ကျွန်တော်တို့ သက်ဆိုင်ရာ မြို့နယ် ရုံးက တဆင့် ဝန်ကြီးဌာနအထိ တင်ပြရမှာ ဖြစ်တယ်။ ဒါကို ပေါ်လစီချမှတ်ရာမှာတော့ စီးပွားရေး မူဝါဒအရ MIC ဘက်က သွားမှာ ဖြစ်ပါတယ်။ ဥပဒေအရတော့ ကျွန်တော်တို့က သက်တမ်းတွေ သတ်မှတ်တာတွေ ရှိတယ်။ အကြမ်းအားဖြင့် လေးနှစ် ပြီးတာနဲ့ ပြန်ကို ပြန်ရတယ်။ ပြန်ပြီးတော့မှ renew ပြန်လုပ်ပြီးတော့ ပြန်ဝင်၊ အဲဒီလို။ ငါးနှစ် တစ်ဆက်တည်း နေထိုင်ခွင့်တော့ ဥပဒေအရ ခွင့်ပြုမထား ပါဘူး။ လေးနှစ်ကလဲ တစ်နှစ်ချင်း တစ်နှစ်ချင်းပဲ လုပ်ကိုင်ခွင့် သက်တမ်း ကို ပေးသွားမယ်။ ”

ဥပဒေ မူကြမ်း ထဲမှာတော့ နိုင်ငံခြားသား အလုပ်သမားတွေဟာ နိုင်ငံတွင်း သက်ဆိုင်ရာ အလုပ်ရှင်နဲ့ ချုပ်ဆိုတဲ့ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက် အရဖြစ်စေ၊ တည်ဆဲဥပဒေ တရပ်ရပ်အရဖြစ်စေ၊ လုပ်ငန်း ကျွမ်းကျင်ပြီး ကာလ သတ်မျတ်ချက်နဲ့ လာရောက် အလုပ်လုပ်ကိုင်သူ ဖြစ်တယ်လို့ ဆိုထား ပါတယ်။

နိုင်ငံပိုင်၊ သမဝါယမ ပိုင်၊ ပုဂ္ဂလိကပိုင် အပြင် ဖက်စပ် လုပ်ငန်းများ ရဲ့စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများနဲ့ ဆက်စပ်တဲ့ ထုတ်လုပ်မှု လုပ်ငန်း၊ ပြင်ဆင်မှု လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ပြုုပြင် ပြောင်းလဲမှု လုပ်ငန်း၊ စက်မှုလက်မှု လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနဲ့ အခြား အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတွေမှာ ဒီနိုင်ငံခြားသား အလုပ်သမား တွေကို လုပ်ကိုင် ဆောင်ရွက်ခွင့် ပေးမှာဖြစ်ပါတယ်။

လက်ရှိ ရှိပြီးသားနိုင်ငံခြားသားအလုပ်သမားတိုင်းဟာလည်း ဒီဥပဒေ အတည်ဖြစ်ရင် ဥပဒေအတိုင်း လိုက်နာရမှာဖြစ်တယ်လို့ ဦးညွှန့်လွင်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား အလုပ်သမားတွေ ခံစားခွင့်နဲ့ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

“ အခွင့်အရေးကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ အလုပ်သမားရေးရာ ဥပဒေတွေ အတိုင်း ကျွန်တော်တို့ အခွင့်အရေး အပြည့်ပေးမှာ ဖြစ်ပါတယ်။ နောက် ကန့်သတ်ချက်ကလဲ သူတို့ နိုင်ငံမှာ ဒီဥပဒေ ရှိလို့ ဒီစံနှုန်းရှိလို့ ဆိုပြီး သူတို့နိုင်ငံမှာ ရှိတဲ့ အခွင့်အရေးနဲ့ သူတို့ နိုင်ငံမှာရှိတဲ့ ဥပဒေ ကိစ္စတွေကတော့ ဒီ ကျွန်တော်တို့ရဲ့ နိုင်ငံခြားသား အလုပ်သမား ဥပဒေမှာတော့ ခံစားခွင့်၊ အဲဒီဟာကို သူတို့ဆီမှာ ရှိတယ်ဆိုတဲ့ အသုံးပြုခွင့်တွေတော့ ကျွန်တော်တို့ ပေးမှာ မဟုတ်ပါဘူး။ ”

ဒီလို နိုင်ငံခြားသား လုပ်သား ခေါ်ယူမှုနဲ့ ပတ်သက်လို့ UMFCCI တွဲဖက် အတွင်းရေးမှူး (၁) ဦးအေးလွင်ကတော့ ခုလို မှတ်ချက်ပေးပါတယ်။

“သူတို့ကို အကာအကွယ်ပေးနိုင်သလို၊ သူတို့ မဟုတ်တာ၊ ဥပဒေ ချိုးဖောက်တာလဲ လုပ်လို့ မရတော့ဘူးလေ။ အခု ဗီယက်နမ် ဟိုတယ်ကြီး လာဖွင့်တယ်။ ဆီဒိုးနား ဟိုတယ်ဘေးမှာ။ ဗီယက်နမ် အလုပ်သမားတွေ လာလုပ်နေတယ်။ work permit မရှိဘူး။ ဘာအကျိုးကျေးဇူးရသွားလဲ တိုင်းပြည်က။ ဘာမှ မရဘူးလေ။ သူတို့လဲ လာရတာ တရားမဝင်ဘူးလေ။ အဲဒီတော့ စည်းနဲ့ ကမ်းနဲ့ ဖြစ်သွားအောင် လုပ်တာပါ။ ”

လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်သမား ဥပဒေနဲ့ ဌာနလုပ်ထုံး လုပ်နည်းများ အားနည်းချက်တွေ ရှိနေတာမို့ မြန်မာနိုင်ငံကို လာရောက် အလုပ် လုပ်ကိုင်နေ တဲ့ နိုင်ငံခြားသား လုပ်သားများကို မြန်မာ နိုင်ငံ အလုပ်သမား ဝန်ကြီးဌာနမှ သေချာ စိစစ်နိုင်ခြင်း မရှိပါဘူး။ ဘယ်လုပ်ငန်းတွေမှာ ကျွမ်းကျင်သလဲ၊ ဘယ်လို လုပ်ငန်းတွေမှာ လုပ်နေကြသလဲ ဆိုတာကိုလည်း တိကျစွာ စစ်ဆေးနိုင်ခြင်း မရှိသေးတာကြောင့် နိုင်ငံခြားသား အလုပ်သမားတွေ ထံက ရမယ့် အခွန်အခ ဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG