သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသည်တင်လေယာဉ် လွိုင်ကော်လေဆိပ်အဆင်းပစ်ခံရ 


စစ်ကောင်စီပြန်ကြားရေး
စစ်ကောင်စီပြန်ကြားရေး

ရန်ကုန်-နေပြည်တော်-လွိုင်ကော်- ရန်ကုန် ခရီးစဉ်ပြေးဆွဲတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ရဲ့ လေယာဉ်တစင်း ဒီနေ့ စက်တင်ဘာ ၃၀ သောကြာနေ့မနက် လွိုင်ကော်လေဆိပ်အဆင်းမှာ ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကယားပြည်နယ်အတွင်း လှုပ်ရှားနေတဲ့ ကရင်နီ တိုးတက်ရေးပါတီ KNPP နဲ့ PDF လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်တာလို့ မြန်မာစစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ KNPP ဘက်ကတော့ အရပ်သားလေယာဉ်ကို ပစ်ခတ်ဖို့ ညွှန်ကြားမထားဘူးလို့ တုံ့ပြန်ပါတယ်။ MNA လေယာဉ်ပစ်ခတ်ခံရတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုအောင်အောင်က တင်ပြပါမယ်။

ရန်ကုန်က ထွက်ခွာလာတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA ရဲ့ ခရီးစဉ်အမှတ် UB 149 လေယာဉ် လွိုင်ကော်ကို ဆင်းသက်ဖို့ ပြင်ဆင်တဲ့ အချိန် ပစ်ခတ်ခံရတာပါ။ ပစ်ခတ်ခံရတဲ့အတွက် ခရီးသည်တယောက် ရဲ့ ညာဘက်ပါး ကျည်ထိမှန် ဖေါက်ဝင်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ လွိုင်ကော်လေဆိပ်အဆင်းမှာ လေယာဉ်ကို ပစ်ခတ်ခံရတယ်ဆိုတာကို လေယာဉ်ပေါ် လိုက်ပါသွားတဲ့ တခြား ခရီးသည် တယောက်ကလည်း VOA ကို ပြောပါတယ်။

“ လွိုင်ကော်ဆင်းတော့မယ်ပေါ့နော။ ခါးပတ်တွေဘာတွေပတ် အဲဒီမှာ။ မိုးဗြဲအကျော်လောက်မှာနဲ့ တူတယ်။ အသံကြားလိုက်တာပေါ့နော်။ ဒုတ်ကနဲတော့ မြည်တယ်။ ကလေးတစ်ယောက် ဖုန်းပြုတ်ကျတယ်ပဲ ထင်လိုက်တာပေါ့နော။ ၂ချက်။ ၃ချက်တော့ ကြားတယ်။ လေယာဉ်ကတော့ ဟုတ်တယ် ဆင်းလိုက်တာတော့ ပုံမှန်မဟုတ်ဘူးပေါ့နော။ ဝရုန်းသုန်းကားနဲ့ ဆင်းလိုက်တာလေ။ အောက်ဆင်းတော့ ထိုင်ခုံမှာ သွေးတွေ ဘာတွေ တွေ့လိုက်တယ်လေ။ ဘာဖြစ်တာလဲပေါ့။ အောက်ရောက်မှ ကောင်လေးတစ်ယောက် သေနတ်ထိသွားတယ်ပြောတာ။ ပါးကို ထိသွားတယ်ပြောတာပဲ။ ဒဏ်ရာရတဲ့လူကို အရင် ဆင်းခိုင်းလိုက်တာပေါ့နော်။ လေယာဉ်ပျံ ၃ချက် ထိတယ်နော။ ဝမ်းဗိုက် ၂ ချက်။ ဘေး ၁ချက်လို့ ပြောတာပဲ။ ”

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ခရီးသည် ၆၃ ဦးတင်ဆောင်လာတဲ့ MNA လေကြောင်းလိုင်းက လေယာဉ်ဟာ မနက် ၈ နာရီ ၄၅ မိနစ် အချိန်လောက်မှာ လွိုင်ကော်လေဆိပ်ကို ဆင်းသက်စဉ် အမြင့်ပေ ၃၅၀၀ ခန့်၊ လေယာဉ်ပြေးလမ်း မြောက်ဘက် ၄ မိုင်ခန့်အကွာမှာ ပစ်ခတ်ခံရတယ်လို့ ဖော်ပြပါတယ်။ တကြိမ်ထက်မက ပစ်ခတ်မှု ရှိခဲ့တယ်တာကို အတည်ပြု ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒဏ်ရာရရှိတဲ့ လူနာကို လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ထားတဲ့အကြောင်းနဲ့ ပစ်ခတ်တဲ့ လက်နက်အမျိုးအစားကို စိစစ်နေဆဲဖြစ်တယ်လို့ ဖေါ်ပြပါတယ်။ KNPP နဲ့ PDF အဖွဲ့တွေက ပစ်ခတ်တာလို့ဆိုထားပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ပစ်ခတ် အကြမ်းဖက်လုပ်ရပ်တွေ ကျုးလွန်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှုး၂ ခူးဒယ်နီရယ်ကတော့ အရပ်သားလေယာဉ်တွေကို ပစ်ခတ်ဖို့ ညွှန်ကြားချက်မရှိတဲ့အကြောင်းနဲ့ ဒီကိစ္စကို စုံစမ်း စစ်ဆေးနေတယ်လို့ VOA ကို ပြောပါတယ်။

“ ကျနော်တို့အနေနဲ့က ဒီအရပ်သားလေယာဉ်ကို ပစ်ဖို့ ခတ်ဖို့ဆိုတာ ညွှန်ကြားချက်လည်း မရှိဘူး။ ခရီးသည် လေယာဉ်တွေက အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ သက်ဆိုင်တယ်။ အဲဒါတွေကတော့ ကျနော်တို့ အသိပေးထားတာတွေ ရှိတယ်။ ကျနော်တို့ ဘက်က။ အခုက ကျနော်တို့တပ်တွေက KA တပ်တွေက ပစ်ပါတယ်ဆိုတာ ဘယ်သူမှလည်း သတင်းတင်တာမရှိဘူး။ လိုက်လဲ မေးနေတယ်။ အခုချိန်ထိကတော့ ကျနော်တို့ လုပ်ပါတယ်ဆိုတာက ဘယ်သူမှတော့ မပြောဘူး။”

ခရီးသည် လေယာဉ်ကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တယ်ဆိုရင် အရေးယူသွားမှာဖြစ်တယ်လို့လည်း ခူးဒယ်နီရယ်က ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံပိုင် MNA လေကြောင်းလိုင်းကရရှိတဲ့ ဝင်ငွေတွေကို စစ်ရေးအရ အသုံးပြုနေတာကြောင့် ပြည်သူတွေ လိုက်ပါစီးနင်းခြင်း မပြုဖို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ကတော့ တိုက်တွန်းခဲ့ဖူးပါတယ်။ အခု လေယာဉ်ပစ်ခတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွိုင်ကော်အခြေစိုက် PDF အဖွဲ့တွေဘက်က တစုံတရာပြောခြင်း မရှိသေးပါဘူး။

လေယာဉ် အပစ်ခံရပြီးနောက်မှာတော့ MNA က လွိုင်ကော်ခရီးစဉ်တွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်းနဲ့ လေယာဉ်လက်မှတ် ဝယ်ယူထားသူတွေကိုလည်း ငွေပြန်အမ်းပေးမှာဖြစ်ကြောင်း ကြေညာပါတယ်။ ဒီရက်ပိုင်းမှာတော့ ကယားပြည်နယ်အတွင်းနဲ့ မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်နဲ့ KNPP ၊ PDF ပူးပေါင်းတပ်တွေအကြားမှာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက်က လုံခြုံရေး တင်းကြပ်ထားတဲ့ကြားမှာပဲ လွိုင်ကော်မှာ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံခဲ့ရတာပါ။ ဒီနေ့ မနက် ၁၀ နာရီလောက်က လွိုင်ကော်မြို့ အနီးတဝိုက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ထပ်ကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

#မြန်မာအမျိုးသားလေကြောင်းလိုင်း #MNA လေကြောင်း #လွိုင်ကော် #လေဆိပ် #လွိုင်ကော်လေဆိပ် #KNDF ကရင်နီ #PDF ပြည်သူ့ကာကွယ်ရေး

တိုက်ရိုက် လင့်ခ်












XS
SM
MD
LG