သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ Smart Card စနစ်နဲ့ စက်သုံးဆီရောင်းချဖို့ စီစဉ်နေ


စက်သုံးဆီရှားပါးမှုကြောင့် ရန်ကုန်မြို့ရှိ ဆီဆိုင်တဆိုင်မှာ ဆီထည့်ဖို့ တန်းစီနေကြသူများ (ဩဂုတ် ၁၄၊ ၂၀၂၄)
စက်သုံးဆီရှားပါးမှုကြောင့် ရန်ကုန်မြို့ရှိ ဆီဆိုင်တဆိုင်မှာ ဆီထည့်ဖို့ တန်းစီနေကြသူများ (ဩဂုတ် ၁၄၊ ၂၀၂၄)

စက်သုံးဆီဆိုင်တွေမှာ တန်းစီ၊ စောင့်ဆိုင်း ဝယ်ယူတာတွေ ဒီရက်ပိုင်း ထပ်ပြီး ဖြစ်လာပါတယ်။ စက်သုံးဆီ မလောက်ငှတာကို ထိန်းချုပ်နိုင်ဖို့အတွက် ကားတစီးကို တရက်မှာတကြိမ်ပဲ ဝယ်ယူလို့ရမဲ့ စမတ်ကတ် (Smart Card)နဲ့ ရောင်းချမဲ့အစီအစဉ်ကို မကြာခင် လုပ်သွားဖို့ ရှိတယ်လို့ စက်သုံးဆီ တင်သွင်းနေတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ဆက်ထားပါတယ်။

စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်တာ၊ တန်းစီဝယ်ယူတာတွေ မဖြစ်ဖို့အတွက် ကားတစီးကို တနေ့မှာ တကြိမ်ပဲဝယ်လို့ရမဲ့ စမတ်ကတ်အစီအစဉ်ကို လုပ်ဆောင်နေကြောင် စက်သုံးဆီရောင်းချတဲ့ လုပ်ငန်းရှင်တချို့က ဗွီအ်ိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးရေးအသင်းရဲ့ တာဝန်ရှိသူတဦးကတော့ သူတို့မကြာခင်မှာ ဒီကိစ္စကို သတင်းထုတ်ပြန်သွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။

" စမတ်ကတ်ကတော့ ကျနော်တို့ အသင်းရုံးကနေ သီးခြားတရပ် လုပ်ပေးမယ်ပေါ့နော်၊ အဲလောက်ပဲ ပြောလို့ရပါတယ်။ ကျန်တာပြောလို့ မရသေးပါဘူး။ လူကြီးတွေ အသေးစိတ် ဆွေးနွေးနေတုန်းပေါ့လေ။ နိုင်ငံတော် သတင်းစာတွေကနေ ကြေညာပေးပါမယ်၊ ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်။"

ဒီနှစ်ထဲမှာ စက်သုံးဆီက ငါးကြိမ်လောက် ပြတ်လပ်ခဲ့တယ်လို့ အငှားယာဉ်မောင်းလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ ရန်ကုန်က တချို့ဆိုင်တွေမှာ ဩဂုတ်လ ၃၁ရက်ကစပြီး အကန့်အသတ်နဲ့ ပြန်ရောင်းနေကြောင်း ပြောပါတယ်။ အောက်တိန်းဓာတ်ဆီစျေးလည်း တက်လာပြီး တလီတာကို ကျပ် ၃,၁၀၀ ဖြစ်လာကြောင်း အငှားယာဉ်မောင်းတဦးက ပြောပါတယ်။ စမတ်ကတ်နဲ့ တရက်တကြိမ်ပဲ ရောင်းမယ်ဆို ဝင်ငွေနည်းသူတွေအတွက် အဆင်မပြေဘူးလို့ သူကပြောပါတယ်။

" တန်းစီရသေးတယ်၊ အရမ်းကြီး အရင်တခေါက်လိုတော့ မစီရဘူး။ မြောက်ဥက္ကလာ Denko ဆိုရင် တံတားအဆင်းလောက်(အထိ) စီရတယ်။ အဝိုင်း Denko ဆိုရင် ဝေပုလ္လ၊ မေဓာဝီလမ်းဆုံ အဲလောက်အထိပဲ စီရတယ်။ စမတ်ကတ်နဲ့သွားမယ်လို့ ကြားတယ်၊ အဆင်မပြေဘူးပေါ့။ ဘယ်လိုအဆင်ပြေမလဲ အလုပ်အားတဲ့အချိန် တလီတာစီ လိုက်ထည့်တာလေ။ ကိုယ့်ကားထဲမှာ အရင်ကဆို ၂သောင်းဖိုး၊ ၃သောင်းဖိုး ထည့်လို့ရှိရင် ကုန်သွားရင်ပြန်ထည့်၊ လွယ်လွယ်ကူကူပေါ့နော်။ အခုဆိုရင် ပိုက်ဆံက လက်ထဲမှာ မရှိတော့ဘူးဆိုတော့ အဲဆီကို အပြည့်ဖြည့်ထားရတာ။ ပိုက်ဆံကအဲလောက်မရဘူး။ သူများတွေတော့ မသိဘူး သိပ်ကားလည်းမဆွဲတော့ဘူး ရန်ကုန်မှာက။"

စက်သုံးဆီကို စောင့်ဆိုင်းဝယ်ယူတာမှာ တချို့က လိုင်စင်မဲ့ကားတွေကိုသုံးပြီး စက်သုံးဆီကို အလီလီထုတ်နေတဲ့ သူတွေလည်း ရှိတယ်လို့ ပြောနေတာလည်း ရှိပါတယ်။ အခုလို ကားတစီးကို တရက်တခါပဲ ဝယ်ယူရမယ်ဆိုရင် အိမ်စီးကားတွေအတွက် အဆင်ပြေနိုင်ပေမဲ့ လုပ်ငန်းသုံးကားတွေ၊ ဥပမာ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းက ကားတွေအတွက်တော့ မလုံလောက်နိုင်ဘူးလို့ ပြောကြပါတယ်။ ဒီစနစ်ကတော့ ဆီတန်းဆီတာတွေ အထိုက်အလျောက် လျော့သွားနိုင်ပေမဲ့ ပြင်ပစက်သုံးဆီ မှောင်ခိုစျေးကွက် ကြီးမားလာနိုင်ကြောင်း တချို့က ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG