သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဝန်ကြီးချုပ်တွေ စင်္ကာပူအစိုးရလုပ်ငန်းတွေ လေ့လာ


စင်္ကာပူ-မြန်မာ ပညာရပ်ပိုင်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်နဲ့ မြန်မာနိုင်ငံက တိုင်းဒေသကြီးအဆင့် ဝန်ကြီးချုပ်တွေ စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ ဥပဒေဝန်ကြီးဖြစ်တဲ့ မစ္စတာ ခေ ရှမ်မူဂမ် (K Shanmugam) ရဲ့ ဖိတ်ကြားချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို့ဟာ မတ်လ ၁၆ ရက်နေ့ကနေပြီး ၁၉ ရက်နေ့အထိ စင်္ကာပူမှာ ရောက်ရှိနေမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ စွမ်းရည်မြှင့်တင်ရေး ကြိုးပမ်းမှုတွေအတွက် အထောက်အကူဖြစ်အောင် သက်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းပိုင်းတွေမှာ စင်္ကာပူရဲ့ အတွေ့အကြုံတွေနဲ့ ကျွမ်းကျင်မှုတွေကို ဝေမျှသွားမယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာဝန်ကြီးချုပ်တွေကို စင်္ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုခြောက်တောင် (Goh Chok Tong) က တနင်္လာနေ့ညမှာ ညနေစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

မြန်မာဝန်ကြီးချုပ်တွေကလည်း သူတို့အုပ်ချုပ်တဲ့ တိုင်းဒေသကြီးတွေမှာ ကြုံနေရတဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အခက်အခဲတွေကို ညစာစားပွဲအတွင်း မစ္စတာ ဂို ကို ရှင်းပြခဲ့တာပါ။

အဲ့ဒီညစာစားပွဲကို စင်္ကာပူအမျိုးသား ဖွံ့ဖြိုးရေးဝန်ကြီး ခေါ်ဘွန်ဝမ် (Khaw Boon Wan) ဥပဒေနဲ့ ပညာရေးဆိုင်ရာ နိုင်ငံခြားရေး အကြီးတန်းဝန်ကြီး အင်ဒြာနီ ရာဂျာ (Indranee Rajah) နဲ့ ကုန်သွယ်ရေးနဲ့ စက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး တေဆာလိုက် (Teo Ser Luck) တို့က တက်ရောက်ခဲ့ကြပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိဖို့အတွက် လူသားအရင်းအမြစ်စွမ်းရည်ကို ဘယ်လို မြှင့်တင်မလဲဆိုတဲ့နည်းတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ မစ္စတာ ရှမ်မူဂမ် က မြန်မာဝန်ကြီးချုပ်တွေကို ညစာတည်ခင်းပြီးတော့ သူ့ရဲ့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံပွဲကိုလည်း မြန်မာဝန်ကြီးချုပ်တွေ တက်ရောက်မှာပါ။

စင်္ကာပူနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာဝန်ကြီးချုပ်တွေဟာ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ အိုးအိမ်စီမံကိန်း၊ ရေနဲ့ မိလ္လာ စီမံခန့်ခွဲရေး မူဝါဒတွေနဲ့ ပတ်သက်လို့ စင်္ကာပူ အရာရှိတွေနဲ့ ဆွေးနွေးဖလှယ်ကြမှာဖြစ်ပါတယ်။
XS
SM
MD
LG