သုံးရလွယ်ကူစေသည့် Link များ

နော်ဝေးရွေးကောက်ပွဲလေ့လာဖို့ မြန်မာအဖွဲ့သွားရောက်


နော်ဝေးနိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပပုံနည်းစနစ်တွေကို လေ့လာဖို့ ထွက်ခွာသွားကြတဲ့ ၈၈ မျိုးဆက်နဲ့ နိုင်ငံရေးပါတီတချို့က ပုဂ္ဂိုလ်များ။ (ဓာတ်ပုံ၊ ကိုအံ့ဘွယ်ကျော်ဖေ့စ်ဘုတ်မှ ကူးယူပါသည်။)
နော်ဝေနိုင်ငံနဲ့ ဂျာမဏီနိုင်ငံတွေက လွှတ်တော်နဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုတွေနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်တွေ၊ နိုင်ငံရေးပါတီ တချို့က ကိုယ်စားလှယ်တွေ သွားရောက်လေ့လာနေကြပါတယ်။ နော်ဝေရွေးကောက်ပွဲ ကျင်းပပုံနည်းစနစ်နဲ့ယှဉ်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ စနစ်ကို ပြင်ဆင်ရမှာတွေ ကွာဟချက်တွေကို လေ့လာနိုင်ခဲ့တယ်လို့ လေ့လာရေးအဖွဲ့ဝင် အမျူသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်က ပြောပါတယ်။ နော်ဝေနိုင်ငံခရီးစဉ်နဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၈၈ မျိုးဆက်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီအပါအဝင် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေရဲ့ နော်ဝေရွေးကောက်ပွဲနဲ့ ဂျာမဏီနိုင်ငံပါလီမန်ကို လေ့လာဖို့ ခရီးစဉ်ကို စက်တင်ဘာလ ၇ ရက်နေ့က စတင်ပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့က စတင်ကျင်းပနေတဲ့ နော်ဝေရွေးကောက်ပွဲအတွင်း နော်ဝေနိုင်ငံရဲ့ မဲပေးနည်းစနစ် မဲရုံအနေအထားကို လေ့လာပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်လုပ်ဆောင်စရာတွေ အများကြီး တွေ့ခဲ့ရတယ်လို့ နော်ဝေရွေးကောက်ပွဲကို သွားရောက်လေ့လာခဲ့ကြတဲ့ ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။

နော်ဝေနိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပပုံ၊ မဲပေးနည်းစနစ်နဲ့ မဲဆန္ဒရှင် နော်ဝေပြည်သူတွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှုအပြည့်ရှိတဲ့ နိုင်ငံရေး စိတ်ဓာတ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောလှိုင်က အခုလိုပြောပါတယ်။

“အော်စလိုမှာ မဲရုံတွေကို လိုက်ကြည့်တယ်။ မဲရုံတွေကတော့ ရှင်းပြတာပေါ့ဗျာ။ သူတို့ဆီက စနစ်ဇယားနဲ့ တိတိကျကျနဲ့ အကုန်လုံးက - ထူးခြားချက်က သူတို့ဆီမှာ e-voting ပေးလို့ရတာရယ်၊ ပီးတော့လေ- ကိုယ်နေတဲ့..ကျနော်တို့ဆီမှာဆိုရင်တော့ မြို့နယ်ပေါ့။ ကိုယ့်မြို့နယ်မှာကိုယ် မဟုတ်ဘူး။ ကြုံတဲ့နေရာမှာ ကောက်ထည့်ပေးလို့ရတာရယ်၊ ဒီနှစ်ထူးခြားချက်ကလေ။”

မေး။ ။ နော်ဝေပြည်သူတွေရဲ့ ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားတဲ့ အတိုင်းအတာကိုရော အန်ကယ်လ်တို့ ဘယ်လောက်အတိုင်းအတာအထိ တွေ့ရပါသလဲ။

ဦးစောလှိုင်။ ။ ကောင်းတယ်၊ အရမ်းကောင်းတယ်၊ ၇၀ % ကျော်တယ်ဗျ၊ ကျနော်သိရတာကတော့ ၇၇ % တောင် မဲပေးတယ်ဗျ။

မေး။ ။ ဟုတ်ကဲ့။ အဲဒါ ဘာ့ကြောင့်လို့ အန်ကယ်လ် ထင်ပါလဲရှင့်။

ဦးစောလှိုင်။ ။ ဒီနှစ်က သူတို့က Changes ကို နည်းနည်းလိုလားနေတယ်။ ဆိုရှယ်-ဒီမိုကရက်တွေက ၂ ခါဆက်တိုက် ရထားပြီးပြီ။ တချို့ကလည်း ကွန်ဆာဗေးတစ်ကို အားပေးချင်တယ်ဆိုတော့- ဒါပေမဲ့ သူတို့နိုင်ငံမှာက အားကောင်းတာကတော့ ဆိုရှယ်-ဒီမိုကရက်က အားကောင်းတယ်။ ဒါပေမဲ့ တချို့ကလည်း ငြီးငွေ့တာလည်းပါမယ်နဲ့တူတာပဲ။ အပြောင်းအလဲကို လိုလားတဲ့အုပ်စုကလည်း အားနဲ့အင်နဲ့ပေါ့ဗျာ။ ပိုပြီးတော့ နည်းနည်း မြိုင်သွားတာပေါ့။

ဒီမိုကရေစီထွန်းကားတဲ့ နော်ဝေနိုင်ငံက မဲပေးတဲ့ စနစ်နဲ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးခဲ့တဲ့ စနစ်တွေဟာ ကွာဟမှု သိပ်များနေတာ တွေ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ကျနော်တို့ဆီမှာ ဖြစ်နေ ပျက်နေတာတွေက သူတို့ဆီမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတွေ ဖြစ်နေတယ်။ ကျနော်တို့ မေးမယ်ကြံလိုက်ရင်တောင် သူတို့မှာ ဒါမျိုး အတွေ့အကြုံမရှိဘူးဗျ။ ကျနော်တို့ဆီက ဟာမျိုးက ကျနော်တို့က တော်တော်ကို ထူးခြားနေတယ်။ သူတို့က အတော်ကို ပြီးပြည့်စုံတဲ့ သမာသမတ်နဲ့ ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ် ညစ်ပတ်တာ လုံးဝမရှိဘူးဗျ။ အဲဒီတော့ ကျနော်တို့နဲ့ သူတို့နဲ့က တော်တော်အလှမ်း… ဘယ်လိုခေါ်မလဲ၊ ဟို…ဆက်စပ်လို့တောင် မရသလောက် ဖြစ်နေတယ်။”
နော်ဝေးလွှတ်တော်အတွင်း သွားရောက်လေ့လာနေသော မြန်မာအဖွဲ့(ဓာတ်ပုံ၊ ကိုပြုံးချို)
နော်ဝေးလွှတ်တော်အတွင်း သွားရောက်လေ့လာနေသော မြန်မာအဖွဲ့(ဓာတ်ပုံ၊ ကိုပြုံးချို)

နော်ဝေနိုင်ငံရွေးကောက်ပွဲတွေကို လာရောက်လေ့လာကြတဲ့ ၈၈မျိုးဆက်တွေ၊ နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေနဲ့ နော်ဝေရောက် မြန်မာနိုင်ငံသားတွေ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ မြန်မာနိုင်ငံအပေါ် ကူညီပံ့ပိုးလိုတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား ကိုနိုင်ဇော်ဝင်းက ပြောပါတယ်။

“အနာဂတ်နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူတို့ဆောင်ရွက်ရမယ့် ကိစ္စတွေပြောတာတော့ အားရစရာတွေတော့ ရှိပါတယ်။ နောက် ဒီမှာရှိတဲ့လူတွေလည်း ဝမ်းသာအားရကြပါတယ်။ သူတို့က အနာဂတ်ကို သူတို့ဆောင်ရွက်နိုင်မယ့်ဥစ္စာတွေ၊ လုပ်ချင်တဲ့ဥစ္စာတွေ၊ လုပ်နိုင်တဲ့ဥစ္စာတွေ သူတို့ ပြောပြတဲ့အခါကျတော့ ကျနော်တို့ဘက်ကလည်း အဲဒီဖော်ဆောင်ရေးလုပ်ငန်းတွေမှာ ကိုယ်ဘယ်လို အခန်းကဏ္ဍက ပါဝင်နိုင်မလဲဆိုတဲ့ ဥစ္စာတွေကိုတော့ ဆောင်ရွက်သွားဖို့ ဆန္ဒတွေ ရှိတာပေါ့ဗျာ။”

နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ရွေးကောက်ပွဲတွေလေ့လာခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာ ၁၄ ရက် စနေနေ့မှာတော့ နော်ဝေနိုင်ငံ အနောက်ခြမ်း Bergen မြို့ကို ခရီးဆက်သွားနေကြပြီဖြစ်ပါတယ်။ Bergen မြို့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ရှိသလို Bergen ထောင်ကို လေ့လာဖို့ရှိပြီး မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ Bergen မြို့က ကိုငွေထွန်းက ပြောပါတယ်။

“မနက်ဖြန်ကျရင် မြို့လယ်ခေါင်မှာ သူတို့ လည်ဖို့ သွားမယ်။ Tour ---ဆိုတဲ့နေရာကို သူတို့ကို ခေါ်သွားမယ်။ ကျနော်တို့မြို့မှာရှိတဲ့နာမည်ကြီးတဲ့ တောင်ပေါ့နော်။ သူတို့ကို အဲဒီကို ခေါ်သွားမယ်။ တနင်္လာနေ့ကျရင် Bergen မှာ တစ်ခုတည်းသော ထောင်အကြီးဆုံးပေါ့နော်- ဗမာပြည်က အကျဉ်းထောင်နဲ့ ဘယ်လိုကွာသလဲဆိုတာလေ့လာဖို့ ခေါ်သွားပါမယ်။”

လေ့လာရေးကိုယ်စားလှယ်အဖွဲ့ဟာ နော်ဝေနိုင်ငံအခြေစိုက် နော်ဝေ-ဘားမားကော်မတီရဲ့ဖိတ်ကြားချက်နဲ့ နော်ဝေနိုင်ငံကို လေ့လာနေကြတာ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံခရီးစဉ်ပြီးရင်တော့ ဂျာမဏီနိုင်ငံ ဘာလင်မြို့ကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ သွားရောက်မှာဖြစ်ပြီး ပါလီမန် လွှတ်တော်ကို သွားရောက်ဖို့ ရှိတဲ့အပြင် ဂျာမဏီက နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ဂျာမဏီနိုင်ငံရဲ့ ပြည်ထောင်စုစနစ်နဲ့ ပါလီမန်နိုင်ငံရေးကို လေ့လာကြမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်ကြမှာဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG