သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ချင်းမိုင်မှာ ကျင်းပမည်


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့။ (ဓာတ်ပုံ/Google Image)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့။ (ဓာတ်ပုံ/Google Image)
မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်ပအခြေစိုက် ဒီမိုကရေစီအင်အားစုတွေဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မကြာခင် တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာသမိုင်းမှာ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှု ဖြစ်ပြီးတော့ အင်အားစု အားလုံးပါဝင်တဲ့ ပြည်လုံးကျွတ်ညီလာခံကြီးနဲ့ တိုင်းရင်းသားတွေမျှော်လင့်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အင်မတန်အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အားလုံးက ပြောဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို တော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့ကျရင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြည်တွင်းက နိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ဖို့ အစိုးရနဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြီးတော့ ပြည်ပအခြေစိုက် ဒီမိုကရေစီအင်အားစုတွေ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံကြမှာဖြစ်ပါတယ်။ အခုလို တွေ့ဆုံနိုင်ဖို့ကို မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ကမကထလုပ် စီစဉ်ပေးခဲ့တာဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပြပါတယ်။

“အနာဂတ်မှာ Political Dialogue က အနှေးနဲ့အမြန် ရှိလာမယ်ပေါ့လေ။ ရှိလာတဲ့အခါမှာ ဒိုင်ယာလော့ဂ်ပါတနာ ဖြစ်လာမယ့်သူတွေပေါ့လေ- ဘာလို့တုန်းဆိုတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန် ညွှန်းဆိုတဲ့အထဲမှာက အားလုံးပါဝင်ဖို့-ဆိုတဲ့အတွက် နိုင်ငံရေးပါတီတွေလည်း Political dialogue မှာ ပါလာမယ်ပေါ့ဗျာ။ ချင်းမိုင်ကို နိုင်ငံရေးပါတီတွေ သွားပြီး ဆွေးနွေးနိုင်ဖို့နဲ့ လေ့လာနိုင်ဖို့ဟာကို ဒီဘက်ကနေပြီးတော့ ကျနော်တို့ ဝိုင်းပြီးတော့ ကမကထလုပ်နေတာပေါ့။ ၂၁ ရက်နေ့သွားဖို့အတွက်တော့ ကျနော်တို့ဘက်က စပြီး confirm လုပ်လို့ရပါပြီ။”

အခု တွေ့ဆုံကြမယ့် ပြည်တွင်း နိုင်ငံရေးပါတီ ၁၂ ပါတီထဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ RNDP ရခိုင်တိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ NDF အမျိုးသားဒီမိုကရေစီအင်အားစု စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာတော့ လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီနဲ့ UNFC အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် ပြည်ပအခြေစိုက် ဒီမိုကရေစီအင်အားစုတွေဖြစ်တဲ့ WLB တို့တွေ ပါဝင်ကြပါတယ်။ အခုလို ပြည်တွင်း၊ ပြည်ပအင်အားစု အားလုံး ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှုဟာ Political Dialogue လို့ခေါ်တဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကြီး ဖြစ်ပေါ်လာဖို့အတွက် အကြို ညှိနှိုင်းဆွေးနွေးမှုဖြစ်သလို၊ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက်လည်း အရေးပါတယ်လို့ RNDP အဖွဲ့ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး၊ နောက် နိုင်ငံရေးဆွေးနွေးပွဲ၊ နောက် အကုန်လုံး လွှမ်းခြုံတဲ့ လက်နက်ကိုင်အင်အားစုတွေရော၊ ဒီမိုကရေစီအင်အားစုတွေရော၊ အစိုးရအဖွဲ့တွေရော အကုန်လုံးပါတဲ့ တပြည်လုံးဆိုင်ရာ ညီလာခံကြီးပေါ့လေ။ အဲဒါတွေကို ပျိုးနေတယ်ပေါ့လေ။ ပျိုးနေတဲ့အတွက် အဲဒါနဲ့တော့ ဆက်စပ်တာပေါ့။ နောက်တစ်ခုက ကျနော် ပြောခဲ့သလိုပဲ အကုန်လုံး တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေရော- ကျနော်တို့ရော တောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ဟာနဲ့လည်း ဆက်စပ်ပါတယ်။”
ဒါ့အပြင် ဒီတွေ့ဆုံပွဲအပေါ် UNFC အနေနဲ့လည်း ကြိုဆိုတဲ့အကြောင်းနဲ့ ဒါဟာ ပဏာမခြေလှမ်းအစ ဖြစ်တယ်လို့ UNFC ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောဒေးဗစ်သာကပေါက ဆိုပါတယ်။

“ထာဝရငြိမ်းချမ်းရေး ပြန်လုပ်မယ်ဆိုရင် ဒီလိုတွေ့ဆုံတာ လိုအပ်ပါတယ်။ အဲဒါကြောင့် UNFC အနေနဲ့ ကြိုဆိုပါတယ်။ ဒါက နဖူးတွေ့၊ ဒူးတွေ့ပေါ့ဗျာ- တွေ့ကြဆုံကြ ဆွေးနွေးကြမယ်ဆိုတဲ့အခါကျတော့ အရေး ပါပါတယ်။ ချက်ခြင်းတော့ ဖြစ်ချင်မှ ဖြစ်မယ်ပေါ့။ ဒါပေမဲ့လို့ ဒါ အစပြုရမှာပဲ။ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ စစ်မှန်တဲ့ပြည်ထောင်စုစံနစ် ဖြစ်ပေါ်ရေးပေါ့။ အရေးကြီးပါတယ်။”

အလားတူ ချင်းမိုင်အခြေစိုက် WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကလည်း ကြိုဆိုခဲ့ပြီး WLB အနေနဲ့ အခုလို တွေ့ဆုံတဲ့အခါ လူထုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စတွေကို တင်ပြဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆွေးနွေးပွဲကို WLB ကိုယ်စား ဦးဆောင်တက်ရောက်မယ့် ဒေါ်တင်တင်ညို က ပြောပါတယ်။

“ကျမအနေနဲ့ကတော့ အပြုသဘောအမြင်နဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ ကောင်းတယ်လို့မြင်တယ်။ ကောင်းတယ်ဆိုတာက ကျမတို့ ဒီအထဲမှာရှိနေတဲ့ အဖွဲ့အစည်းတွေ ၁၂ ဖွဲ့လုံးနဲ့ရော၊ မြန်မာပြည်မှာရှိနေတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့လိုက်ခြင်းအားဖြင့် ကျမတို့ရဲ့မျှော်လင့်ချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ သေချာဆွေးနွေးခွင့် ရလိမ့်မယ်လို့ ကျမတို့ ယုံကြည်တယ်။

ကျမတို့အနေနဲ့ကတော့ လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုကိစ္စမှာ တစိုက်မတ်မတ် မဖြစ်နေတာရယ်၊ ကျမတို့တွေ တောက်လျောက်မျှော်မှန်းနေတဲ့၊ တကယ့် ရေရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးပေါ့လေ- အဲဒီ တစ်ခုကို သွားနိုင်ဖို့အတွက် အဟန့်အတားတွေ ရှိနေတာတွေကို ကျမတို့ကတော့ ထောက်ပြပြောဆိုမယ်ပေါ့နော်။ တကယ့် နိုင်ငံရေး ဦးဆောင်တဲ့နေရာမှာ ဘယ်သူတွေနဲ့ ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကိုလည်း မေးခွန်းထုတ်ဖို့ ရှိတယ်။”

ဒီနိုဝင်ဘာလဆန်းပိုင်းကတော့ - ဆယ်စုနှစ်ပေါင်းများစွာမှာ ပထမဆုံးအကြိမ် အဖြစ်နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တွေ့ဆုံပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက်ကို ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမဲ့ မအောင်မြင်ဘဲ ဒီဇင်ဘာလ ကျရင် ကရင်ပြည်နယ်မှာ ထပ်မံ တွေ့ဆုံဖို့ နှစ်ဘက် သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုံမှုမတိုင်ခင်မှာလည်း နှစ်ဘက် ရေးဆွဲထားတဲ့ မူတွေကို အကြို ညှိနှိုင်းဆွေးနွေးကြဖို့ အစိုးရဘက်က ကမ်းလှမ်းထားပေမဲ့ အခုထိတော့ အကြောင်းပြန်တာ မရှိသေးဘူးလို့ MPC မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။
XS
SM
MD
LG