သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မသမာမှု တိုင်တန်းချက်တွေ နေပြည်တော် တရားရုံး စတင်စစ်ဆေး


ရွေးကောက်ပွဲ မသမာမှု တိုင်တန်းချက်တွေ နေပြည်တော် တရားရုံး စတင်စစ်ဆေး
ရွေးကောက်ပွဲ မသမာမှု တိုင်တန်းချက်တွေ နေပြည်တော် တရားရုံး စတင်စစ်ဆေး

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေကြား အပြန်အလှန် တရားစွဲဆိုတဲ့ အမှုတွေကို မနေ့ကစပြီး နေပြည်တော် တရားရုံးမှာ စတင်စစ်ဆေးနေပါပြီ။ လွှတ်တော် သုံးရပ်စလုံးမှာ ထောက်ခံမဲ အနည်းဆုံး ၇၄% ကျော်နဲ့ အပြတ်အသတ် အနိုင်ရထားတယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီဟာ ကြိုတင်မဲတွေနဲ့ မဲမသမာမှု ရှိတယ်ဆိုပြီး အကြီးအကျယ် ဝေဖန်ခံနေရတာပါ။ အခုလို ဝေဖန်ခံနေရတဲ့ ကြားက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်တိုင်က တခြား နိုင်ငံရေး ပါတီတွေကို မဲလိမ်တယ်ဆိုပြီး တရားစွဲဆိုခဲ့ပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

ဒီမိုကရက်တစ်ပါတီ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာဟာ မဲတပြား ၁,၅၀၀ ကျပ်ပေးပြီး ဝယ်တယ်လို့ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းရဲ့ စွပ်စွဲချက်ကြောင့် ဒီကနေ့ နေပြည်တော်က ရွေးကောက်ပွဲ ကော်မရှင်မှာ ကျပ်ငွေ ၁,၀၀၀,၀၀၀ နဲ့ ထုချေလွှာ တင်ခဲ့ပါတယ်။ သူမဟာ မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး တရားစွဲသူက ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမြဝင်း ဖြစ်ပါတယ်။ ဒီအမှုကို လာမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စတင် စစ်ဆေးမယ်လို့ သိရပါတယ်။

အမှုကိစ္စအတွက် မန္တလေးကို ရောက်နေတဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဒေါ်တင်တင်မာရဲ့ အနေအထားအပေါ် အခုလို ရှင်းပြပါတယ်။

“ဒေါ်တင်တင်မာက တော်တော်ဖြောင့်မှန်တဲ့ ပုဂ္ဂိုလ်တယောက်ပေါ့နော်။ ဘယ်တော့မှ ငွေပေးပြီး မဲဝယ်တဲ့ အဆင့်အတန်းထဲကလည်း မဟုတ်ဘူး။ နောက် သူကိုယ်တိုင်ကလည်း မဲဝယ်နိုင်တဲ့ ငွေကြေးလည်း တတ်နိုင်မှာ မဟုတ်ဘူး။ နှစ်ဘက်စလုံးပေါ့။ သူက မှန်မှန်ကန်ကန် လုပ်တဲ့လူပဲ။ ဒီစွဲချက်တခုတည်းကတော့ ကျနော်တို့ဘက်က အများကြီး မှန်တာပေါ့။ ဘာမှ စိုးရိမ်စရာ မရှိဘူးထင်တယ်။”

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမြဝင်းဟာ ဒေါ်တင်တင်မာအပြင် အဲဒီ မဲဆန္ဒနယ်မှာရှိတဲ့ မဲရုံမှူးတွေကိုလည်း တရားစွဲထားပါသေးတယ်။

“သူ့ရဲ့စွဲချက်က ဒီလို၊ သူတို့မဲဆန္ဒနယ်မှာ မဲရုံ ၃၄ ရုံရှိတယ်။ အဲဒီ ၃၄ ရုံက မဲရုံမှူးတွေက မဲလာပေးတဲ့အထဲမှာ ပယ်မဲတွေ လုပ်လိုက်တာ ရှိတယ်။ အဲဒီ ပယ်မဲတွေဟာ မလုပ်သင့်ဘဲ လုပ်တယ်ဆိုပြီး မဲရုံမှူးတွေ အားလုံးကို စွဲချက်တင်တာ။ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းကပေါ့နော်၊ သူက စွဲချက်တင်တယ်။ အဖြစ်အပျက်မှန်က တပြည်လုံးမှာ မဲရုံမှူးတွေက ကြံ့ခိုင်ရေးအတွက်ပဲ လုပ်တာ တပြည်လုံး သိနေတာပေ့ါနော်။ အခုတော့ သူက ပြောင်းပြန်ကြီးဗျ။ မဲရုံမှူးတွေက ကျနော်တို့ ဒီမိုကရက်တစ်ပါတီအတွက် ပယ်မဲတွေ လုပ်ပေးတယ်။ အဲဒါကြောင့် သူရှုံးပါတယ်ဆိုပြီး တင်တာပေါ့နော်။”

တချိန်တည်းမှာပဲ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) လွှတ်တော်ကိုယ်စားလှယ်ကို ရှမ်းလက်နက်ကိုင် အဖွဲ့နဲ့ ဆက်စပ်တယ်လို့ ကြံ့ခိုင်ရေးပါတီက စွပ်စွဲပြီး တရားစွဲတာ ရှိသလို SNDP ကလည်း မဲမသမာမှုနဲ့ အနိုင်ယူသွားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ကို ပြန်လည် တရားစွဲဖို့ ပြင်ဆင်နေပါတယ်။

SNDP ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းဆောင်ဆီက ကွမ်ဟိန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာစိုင်းခမ်းလှိုင်ရဲ့ စွပ်စွဲချက်ကို မနေ့က စတင် ကြားနာတယ်လို့ ပြောပါတယ်။

“အဲဒီတမှုတော့ မနေ့က First hearing ပေါ့နော်၊ စကြားနာတယ်။ ၃၁ ရက်နေ့ ပြန်ချိန်းတယ်။ စွဲချက်က ကျနော်သိသလောက် လက်နက်ကိုင် အဖွဲ့အစည်း အားကိုးပြီး အတင်းမဲထည့်ခိုင်းတယ်တို့ ဘာတို့၊ ကျနော်တော့ မယူဆဘူးဗျ။ ဘာလို့ဆိုတော့ ဒီရွေးကောက်ပွဲကို အစကတည်းက ရိုးရိုးလေးနဲ့ ကိုယ့်ရဲ့ ပြည်သူလူထုရယ်၊ ကိုယ့်ပါတီဝင်တွေရယ်နဲ့ သွားတာ။ ကျန်တဲ့ အဖွဲ့အစည်းနဲ့လည်း ကျနော်တို့က ဘာမှ အဆက်အသွယ် ရှိတာလည်း မဟုတ်ဘူး။”

အလားတူပဲ ကျားဖြူပါတီဘက်ကလည်း ကွမ်ဟိန်းမြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၂ မှာ အနိုင်ရသွားတဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ကို ကြိုတင်မဲ မသမာမှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။

ရွေးကောက်ပွဲ မသမာမှုတွေကြောင့် အပြန်အလှန် တရားစွဲကြရာမှာ အမှုအများစုက အနိုင်ရ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ တရားစွဲခံရတာဖြစ်ပြီး တရားရုံး အဆုံးအဖြတ်ကလည်း ဘယ်လောက်ထိ တရားမျှတမယ် ဆိုတာ အများက စိတ်ဝင်တစား ရှိကြပါတယ်။

XS
SM
MD
LG