သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့လိုအပ်


ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့လိုအပ်
ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့လိုအပ်

ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့အတူ အကျဉ်းသားတွေ အများစု ကြားမှာလည်း မကြာခင်ပဲ သူတို့ ပြန်လွတ်တော့မလားဆိုတဲ့ ပြောဆိုမှုတွေ တော်တော်များများ ထွက်ပေါ်နေပါတယ်။ အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုတာ မရှိသေးပါဘူး။ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ တော်တော်များများနဲ့ လူ့အခွင့်အရေး အုပ်စုတွေကတော့ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး တောင်းဆိုနေကြတဲ့အကြောင်း ဘန်ကောက်မြို့ကနေ ကိုကျော်အောင်လွင် သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲမှာ အခုရက်ပိုင်းတွေအတွင်း မကြာခင် အကျဉ်းသားတွေ တော်တော်များများ ပြန်လွတ်လိမ့်မယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပါတယ်။ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၇ ရက်ကျရင် ကျင်းပမယ်လို့ တရားဝင် ကြေညာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အခုလို ကောလာဟလတွေ ပျံ့နှံ့နေတာပါ။ စစ်အစိုးရဘက်ကတော့ အကျဉ်းသားတွေ ပြန်လွှတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင် ပြောဆိုတာမျိုးတွေ လုပ်လေ့မရှိပါဘူး။

ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ တော်တော်များများကတော့ အဖမ်းအဆီး ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် ပြန်လွှတ်ပေးစေချင်နေတာပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကပဲ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ဆိုတာ အင်မတန်ပဲ အရေးကြီးပါတယ်။ ရွေးကောက်ပွဲနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။ ရွေးကောက်ပွဲကြီးက တကယ်ပဲ တရားမျှတ လွတ်လပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ နိုင်ငံ ဂုဏ်သိက္ခာရှိအောင် လုပ်ချင်တယ် ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုပါတယ်။ နိုင်ငံရေးမှာ အဆင့်ဆင့် ပါဝင်လာတဲ့ ပုဂ္ဂိုလ်တွေကို ချန်ထားပြီး ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း သွားနိုင်မယ့်လမ်းကို အဟန့်အတား အားနည်းစေမှာ ဖြစ်ပါတယ်။

“ဒါကြောင့် ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ လုပ်သင့်တယ်ဆိုတာ အလေးအနက် ခံယူပြီးတော့ တိုက်တွန်းထားတဲ့ ကြေညာချက်လည်း ဖြစ်ပါတယ်။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေ ပြောခဲ့တာ ဖြစ်ပါတယ်။

ဦးခင်မောင်ဆွေ ကိုယ်တိုင်ကလည်း နှစ်ရှည် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့သူပါ။ သူကျခံခဲ့ရတဲ့ အမှုနဲ့ ပတ်သက်ပြီး အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် မရှိဘူးဆိုလို့ ဦးခင်မောင်ဆွေ အပါအဝင် NDF ပါတီက ခေါင်းဆောင် ၄ ဦး ရွေးကောက်ပွဲ ဝင်နိုင်ရေး ကော်မရှင်နဲ့ အပြန်အလှန် ပြောဆိုနေကြတုန်းပါ။

လူ့အခွင့်အရေး ဆောင်ရွက်လို့ အဖမ်းခံနေရတဲ့ သူတွေအတွက် ဥပဒေကြောင်းအရ အကူအညီ ပေးနေတဲ့ ရှေ့နေကြီး ဦးအောင်သိန်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ရေးကို တောက်လျှောက် ပြောဆိုနေသူပါ။

“နိုင်ငံရေး အကျဉ်းသား သို့မဟုတ် ယုံကြည်ချက်အရ ထောင်ကျနေလျက် ရှိတဲ့သူတွေပေါ့ဗျာ။ သူတို့ကလည်း ဘာပဲပြောပြော နိုင်ငံတော်ရဲ့ အရေးအရာ တခုမှာ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ မဲဆန္ဒ ပေးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေလို့ပဲ ကျနော် ယုံကြည်ပါတယ်။ နိုင်ငံရေး ယုံကြည်ချက်ရှိတဲ့ သူတွေကို နိုင်ငံရေး အခွင့်အလမ်းအရ ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးသင့်တယ်၊ ဖြစ်နိုင်ရင်လည်း ရွေးကောက်ပွဲမှာ သူတို့ ဆန္ဒရှိတယ်ဆိုရင် သူတို့ကို မဲပေးပိုင်ခွင့် ပေးသင့်တယ်လို့ ကျနော် မြင်ပါတယ်။”

လက်ရှိ ဥပဒေတွေအရဆို အကျဉ်းကျနေသူ မှန်သမျှ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိပါဘူး။ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများက မြန်မာပြည်က အရေးကြီးတဲ့ နိုင်ငံရေးဖြစ်စဉ် တခုမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အင်အားစုတွေ အားလုံး ပါဝင်နိုင်ရေးအတွက် အဖမ်းအဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်နေတာပါ။ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုရှိတယ် ဆိုတာကို ပြသဖို့ အချက်တခု အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်း တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရကတော့ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား တယောက်မှ မရှိဘူးလို့ ပြောထားပါတယ်။

နေအိမ်မှာ အကျယ်ချုပ် ချခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာပြည်မှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့သူပေါင်း ၂,၁၀၀ ကျော် ရှိတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ဆိုပါတယ်။

XS
SM
MD
LG