သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားများ လွတ်လာဖို့ မိသားစုတွေ မျှော်လင့်


နိုင်ငံရေး အကျဉ်းသားများ လွတ်လာဖို့ မိသားစုတွေ မျှော်လင့်
နိုင်ငံရေး အကျဉ်းသားများ လွတ်လာဖို့ မိသားစုတွေ မျှော်လင့်

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မကြာခင်မှာ ပြန်လည် လွတ်မြောက်လာကြဖို့ မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။ နိုင်ငံအုပ်ချုပ်ရေးပိုင်းမှာ တစုံတရာ အပြောင်းအလဲ ဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီအပြောင်းအလဲဟာ စစ်မှန်တယ်လို့ ပေါ်လွင်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရမှာပဲလို့လည်း ပြောကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ကျင်းပပြီးစီးသွားတဲ့ လွှတ်တော် အစည်းအဝေးတွေအတွင်း အကျဉ်းသားတွေကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်း ပြောဆိုတာတွေ ရှိခဲ့ပြီးတဲ့နောက် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာလေတော့ မလားဆိုတဲ့ မျှော်လင့်ချက်တွေ ပြန်ပြီး ရှင်သန်လာတယ်လို့ ဆိုရမှာပါ။

မခိုင်ချိုဇော်ဝင်းတင်ဟာ တောင်ကြီးထောင်မှာ အကျဉ်းကျနေတဲ့ အယ်ဒီတာ၊ ဇာတ်ညွှန်းရေးဆရာ ကိုဇော်သက်ထွေးရဲ့ဇနီး ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ပြန်လွတ်လာမယ့် အချိန်ကို အမြဲ စောင့်နေတာပါလို့ သူက ပြောပါတယ်။

“ကျမ တယောက်တည်းရဲ့ အမြင်ကို ပြောရရင် ကျမတို့ မိသားစု တစုလုံးကတော့ အပြည့်အ၀ မျှော်လင့်ထားတာပဲ၊ ဒီအချိန်ကိုပဲ စောင့်နေတာပဲလေ။ ဘာပဲပြောပြော အစိုးရသစ် တရပ်လည်း သူတို့ဘာသာ သူတို့ ပီပီပြင်ပြင် ဖြစ်လာပြီ၊ လုပ်စရာရှိတာတွေ ဆက်လုပ်ရမယ်ဆိုရင် ဒီလူတွေကို လွှတ်ဖို့အပြင် ဘာမှ သိပ်မရှိတော့လောက်ဘူးလို့ ထင်တာပဲ။ အခြေအနေတခုပေါ့၊ ဒီလို ရွေးကောက်ပွဲတွေပြီးပြီ၊ နိုင်ငံရေး အခြေအနေတွေလည်း တည်ငြိမ်သင့်သလောက် တည်ငြိမ်တယ်လို့လည်း ပြောလို့ရမှာပေါ့၊ အဲဒီလိုဆိုတော့ လုပ်မယ်လို့ မျှော်လင့်ထားတာပဲ။ ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့။”

မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ အနိမ့်ဆုံးတော့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရမယ်လို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုးလို သိသာထင်ရှားတဲ့ တိုးတက်မှု တခုခု မရှိဘဲနဲ့တော့ ဒဏ်ခတ် အရေးယူထားတာတွေကို ရုပ်သိမ်းပေးရေး စဉ်းစားဖို့ရာ မဖြစ်နိုင်ဘူးလို့ အမေရိကန် အပါအဝင် အရေးယူထားတဲ့ နိုင်ငံတွေက ပြောကြပါတယ်။

အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကိစ္စဟာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ သမ္မတက လုပ်ဆောင်ရမှာ ဖြစ်တာကြောင့် အချိန်စောင့်ပါဦးလို့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးက ပြောခဲ့ဖူးပါတယ်။ အခုတော့ လုံခြုံရေးကောင်စီလည်း ဖွဲ့စည်းပြီး သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့လည်း ပေါ်ပေါက်လာပြီမို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ပေးလို့ရတဲ့ အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။

မျှော်လင့်ချက်ကတော့ ထားပေမဲ့ အပြောင်းအလဲကလည်း သိပ်မထူးလှတဲ့ အပြောင်းအလဲမို့ အဆုံးစွန် မမျှော်လင့်ရဲသလို တကယ် ပြောင်းလဲတာဆိုရင် လွှတ်ပေးရမှာပဲလို့ ပြောသူက နိုင်ငံရေး အကျဉ်းသူ ဒေါ်စန်းစန်းတင်ရဲ့ ညီမဖြစ်သူနဲ့ နောက် နိုင်ငံရေး အကျဉ်းသူ တယောက်ဖြစ်တဲ့ မသက်သက်အောင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်စုစုကြည်ပါ။

“အန်တီတို့က မျှော်လင့်ချက် ဆိုတာကတော့ မျှော်လင့်ထားတာပေါ့။ ဒါပေမဲ့ အစိုးရ အပြောင်းအလဲက ကုလားကြီးနဲ့ အရာကြီး ဖြစ်နေတော့ အန်တီတို့က သိပ်လည်း အရမ်းကြီး မမျှော်ရဲဘူး။ မျှော်လင့်ချက်ကတော့၊ သူတို့ပုံစံ တကယ် အမှန်အကန် ဆိုရင်တော့ ဒါ လွတ်ကို လွတ်ရမယ်လို့ အန်တီတို့က တွက်ထားတယ်။ လွှတ်ပေးသင့်တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံရေးက တကယ် အပြောင်းအလဲ ရှိပြီဆိုရင်၊ သူတို့ တကယ် မှန်ကန်တယ်ဆိုရင် ဒီနိုင်ငံရေးသမားတွေ လွှတ်ကိုလွှတ်ရမယ်။”

အရင် တော်လှန်ရေးကောင်စီ လက်ထက်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွေတုန်းကလည်း ပုံသဏ္ဌာန် တမျိုးမျိုးနဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာတွေ၊ ပြစ်ဒဏ် လျှော့ပေါ့ပေးတာတွေ ရှိခဲ့ဖူးပါတယ်။

အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကိစ္စကို အသစ်ပေါ်လာတဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို ထောက်ခံချက် ပေးမှာလား၊ သမ္မတက တကယ်တမ်း လွှတ်ပေးမှာလား ဆိုတာကတော့ အခုချိန်ထိ မရေမရာ ဖြစ်နေဆဲပါ။ အကျဉ်းသားတချို့ကို လွှတ်ပေးနိုင်ဖွယ်ရှိပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသား တချို့လည်း ပါလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပေမဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မဲ့ ပြန်လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ရှိသူကတော့ နည်းလှပါတယ်။

XS
SM
MD
LG