သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ခွေးတိုက်ရောက် နိုင်ငံရေး အကျဉ်းသားတွေ မူလအဆောင် ပြန်ရပြီ


စစ်ခွေးတိုက်ရောက် နိုင်ငံရေး အကျဉ်းသားတွေ မူလအဆောင် ပြန်ရပြီ
စစ်ခွေးတိုက်ရောက် နိုင်ငံရေး အကျဉ်းသားတွေ မူလအဆောင် ပြန်ရပြီ

ရန်ကုန် အင်းစိန်ထောင် အတွင်းမှာ အကျဉ်းသား ရပိုင်ခွင့် အခွင့်အရေးတွေကို တောင်းဆိုတဲ့ အနေနဲ့ တနင်္ဂနွေနေ့ မေလ ၂၂ ရက်နေ့ကစလို့ အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပြေလည်မှု တစုံတရာ ရရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားတွေရဲ့အကျိုး ဆောင်ရွက်သူတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ခွေးတိုက် ပို့ဆောင်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း သူတို့နေထိုင်ရာ အဆောင်ကို ပြန်ပို့ခဲ့သလို မိသားစုတွေနဲ့လည်း ဒီနေ့မှာ ထောင်ဝင်စာတွေ့ခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

အကျဉ်းထောင်တွင်း စာဖတ်ခွင့်၊ မိသားစုတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု ရရှိခွင့်တွေပါတဲ့ အချက် ၆ ချက်ကို တောင်းဆိုပြီး အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းဦးစီးဌာနနဲ့ ထောင်အာဏာပိုင်တွေက ညှိနှိုင်းမှုတွေ လုပ်ပေးပြီး အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေက သူတို့ အဆင်ပြေပြီဖြစ်ကြောင်း မိသားစုတွေကို ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသား အကျိုးဆောင်ကွန်ရက်က ကိုအောင်ထွန်းဇော်က အခုလို ပြောပြပါတယ်။

“၂၆ ရက်နေ့ ဒီနေ့ ၁ နာရီလောက်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ မိသားစုဝင်ထဲက တယောက် ထောင်ဝင်စာ သွားတွေ့တယ်။ ၂ ယောက်က အဲဒီ အစာငတ်ခံ ဆန္ဒပြနေတဲ့ မိသားစုဝင်က ပါဆယ် သွားပို့တယ်။ အဲဒီအခါမှာ ပါဆယ်ပို့ခွင့်လည်း ရခဲ့တယ်၊ ထောင်ဝင်စာ တွေ့ခွင့်လည်း ရခဲ့တယ်။ ဒီနေ့မနက် ထောင်ဝင်စာ သွားတွေ့တော့ စစ်ခွေးတိုက်က ၁၄ ယောက်လုံး အဆောင်ကို ပြန်ရောက်လာတယ်၊ အခြေအနေတွေ ပြေလည်သွားတယ်လို့ အကြမ်းဖျင်း သိရှိထားရတယ်။”

ဒီလို အဆင်ပြေပြီဆိုတဲ့ သတင်းမထွက်ခင် မေလ ၂၅ ရက်နေ့ကတော့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ထောင်အာဏာပိုင်တွေ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ လာရောက်ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့လည်း အခုလို ပြောပြပါတယ်။

“နေ့ခင်းပိုင်းလောက်မှာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းရယ်၊ ထောင်ပိုင် ဦးသက်ရှည်တို့က ထောင်ရဲ့ အုပ်ချုပ်ရေးရုံးက မိန်းဂျေးကို ဆင်းလာပြီးတော့ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသား ၁၀ ယောက်နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်သွားတယ်လို့ မနေ့ညနေက ကျနော်တို့ သတင်းရရှိထားတယ်။ အဲဒီအချိန်ထိကို စစ်ခွေးတိုက်ကို ရောက်ရှိနေတာ နိုင်ငံရေး အကျဉ်းသား ၁၄ ယောက်၊ အဆောင်မှာ ကျန်ခဲ့တဲ့ သူကလည်း သူတို့ဘာသာသူတို့ ဆက်လုပ်နေတယ်လို့ နောက်ဆုံးမှာ သိရတယ်။”

ဒီလို အဆင်ပြေပြီလို့ အထဲက နိုင်ငံရေး အကျဉ်းသားတွေက ပြောပေမဲ့ ဘယ်အချက်တွေကို လိုက်လျောလိုက်တယ် ဆိုတာကိုတော့ တိတိကျကျ သိရှိခြင်း မရှိသေးတာကြောင့် စောင့်ကြည့် အကဲခတ်နေဆဲပဲလို့ ဆိုပါတယ်။

“ဘယ်အချက်တွေကို လိုက်လျောလိုက်တယ်၊ ဘယ်လိုသဘောတူညီချက်တွေ ရလဲဆိုတာ ကျနော်တို့ အသေးစိတ် မသိရသေးဘူး။ ဒါပေမဲ့ အထဲက ပြန်ကြားလိုက်တဲ့ဟာက အဆင်ပြေသွားတယ်ဆိုတဲ့ အခြေအနေကိုပဲ သိရသေးတယ်။ ကျနော်တို့က အခု အပြင်မှာရှိနေတဲ့ အင်အားစုတွေနဲ့ ဘယ်လိုအခြေအနေ၊ ဘာဆက်လုပ်ရမယ်ဆိုတာ ဆက်လက်ပြီး စောင့်ကြည့်လေ့လာနေကြတယ်။”

မေလ ၂၅ ရက်နေ့ကတော့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့ကြီးက အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို အနီးကပ် သေချာ စောင့်ကြည့်သွားမယ်ဆိုပြီး ပြောဆိုထားသလို ကုလသမဂ္ဂ အနေနဲ့ အနီးကပ် စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) ကလည်း ဒီရက်ပိုင်းမှာပဲ ပြောဆိုခဲ့ပါတယ်။

အစာငတ်ခံ ဆန္ဒပြနေသူတွေရဲ့ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက်ပြီး စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ US Campaign အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို ကူညီနိုင်ဖို့အတွက် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကြိုးပမ်းနေသူတွေနဲ့ ရန်ကုန်အခြေစိုက် ICRC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို စိုးရိမ်ပူပန်တယ်လို့ ရန်ကုန်အခြေစိုက် ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောဆိုထားပါတယ်။ အခုလို နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ဖြစ်လာအပြီးမှာတော့ မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်အပြီး လိုက်လျောမှုတွေ ပေးခဲ့တာ ဖြစ်နိုင်တယ်လို့လည်း အကျဉ်းသားတွေအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက ယူဆနေကြပါတယ်။

XS
SM
MD
LG