သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး မိသားစုတွေ ဆွေးနွေး


နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး မိသားစုတွေ ဆွေးနွေး
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး မိသားစုတွေ ဆွေးနွေး

မကြာခင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကျဉ်းကျခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံကြပြီး တရားဥပဒေကြောင်း အရ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို နည်းလမ်း ရှာခဲ့ကြပါတယ်။ လတ်တလော လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့လည်း ထောင်တွင်း အခြေအနေကို မေးမြန်းပြီး ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေကို အကူအညီ ပေးနိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် တနင်္ဂနွေနေ့မှာ နိုင်ငံရေး အကျဉ်းသား ကိုပဏ္ဍိတ်ထွန်းရဲ့ နေအိမ်မှာ စုပေါင်း တွေ့ဆုံပွဲလေး လုပ်ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ လက်ရှိ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တရားဥပဒေကြောင်းကနေ ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရသစ် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် မတရား မှားယွင်း ဖမ်းဆီး အကျဉ်းချထား ခံရသူတွေကို ဥပဒေကြောင်းအရ ပြန်လည်စစ်ဆေးပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး လုပ်ကိုင်နိုင်မယ့် နည်းလမ်းတွေကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“တရားရေးဆိုင်ရာအရ မလျော်မကန်မှုတွေ ရှိနိုင်တယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အပေါ်ကို။ ရှိနေတယ် ဆိုတာလည်း ကျနော်တို့ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က အချက်အရဆိုရင် အစိုးရ ကိုယ်တိုင်က ဝန်ခံထားတာ ရှိတယ်။ မလျော်မကန် လုပ်ခဲ့ရတဲ့အတွက် ပြန်လွှတ်ပေးခဲ့ရတဲ့ ၁၄,၃၁၈ ယောက် ရှိခဲ့ဖူးတယ်။ အဲဒါကြောင့် အခုလည်း ရှိနေမှာပဲ။

“အဲဒါကို ပြန်လည် ဆန်းစစ်ပေးဖို့ ဆိုတဲ့ဟာ ဥပဒေကြောင်းအရ တောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ အကျဉ်းကျ မိသားစုတွေ ကိုယ်တိုင် ဆိုင်ရာဆိုင်ရာ ဥပဒေ ဘောင်ထဲကနေပြီးတော့ ဥပဒေအရ ပြန်လည်ဆန်းစစ် သုံးသပ်ပေးဖို့ ဆိုတာကို သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဝိုင်းဝန်းပြီး တပြိုင်တည်း လုပ်ဆောင်ဖို့။ အခြေအနေ ပေးတယ်ဆိုရင်ပေါ့လေ၊ စီးပွားရေး၊ လူမှုရေး အခြေအနေပေးတယ် ဆိုတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုများက ဦးဆောင်ပြီး လုပ်ဖို့အတွက် ကျနော်တို့ အနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒါ့အပြင် မကြာခင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေဆီကနေ ထောင်တွင်း အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်လို့ နိုင်ငံရေး အကျဉ်းသား ကိုပဏ္ဍိတ်ထွန်းရဲ့ မိခင်ဖြစ်သူ ဒေါ်ညွန့်ညွန့်ဦးက ပြောပါတယ်။

“နိုင်ငံရေး မိသားစုတွေကလည်း ထောင်ကျနှစ် တနှစ်လျှော့လိုက်တဲ့ အပေါ်မှာ အများကြီးပဲ ခံစားချက်တွေ ဖြစ်တယ်။ အဲဒီကျတော့ တယောက်နဲ့တယောက် အားပေးကြတာပါ။ ကျမတို့ အချင်းချင်းက တယောက်ခံစားချက်ကို တယောက်က နားလည်တယ်။ တယောက်အခက်အခဲ၊ တယောက်ဒုက္ခကို တယောက်က သိတယ်။ အဲဒီလို တွေ့ကြတယ်။ နောက် လွတ်လာတဲ့ သူတွေကိုလည်း ကျမတို့က တွေ့ချင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့သားတွေ မလွတ်ပေမဲ့ သူတို့လွတ်လာတာကို ကျမတို့က အရမ်းဝမ်းသာတယ်။”

မိသားစုနဲ့ဝေးတဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်တာမျိုးတွေကို အာဏာပိုင်တွေက လုပ်ဆောင်နေတဲ့အတွက် မိသားစုနဲ့ ထောင်ဝင်စာတွေ့ဖို့ ခက်ခဲပြီး လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာမျိုးတွေ နိုင်ငံရေး အကျဉ်းသားတွေ ရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် အာဏာပိုင်တွေဘက်က ဒီကန့်သတ်မှုတွေကို လျှော့ပေးမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေအတွက် ပိုပြီး ကူညီစောင့်ရှောက်မှု ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“ကျနော်တို့ဘက်က အခု လုပ်ပေးနိုင်တယ်ဆိုတဲ့ အချက်တွေက အခုရှိနေတဲ့ အခက်အခဲ၊ အတားအဆီးတွေက နေပြီးတော့ပဲ ဖောက်ထွက်ပြီး လုပ်နေရတာ ဖြစ်တဲ့အတွက် ထိရောက်မှု သိပ်မရှိဘူး။ ထိရောက်မှု ပိုမိုရှိလာဖို့ဆိုရင် အစိုးရဘက် အပိုင်းက ပိတ်ဆို့ထားတဲ့ အချက်အလက်တချို့၊ ဆီလျော်မှု မရှိတော့တဲ့၊ အခြေအနေအရလည်း အကျိုးဖြစ်ထွန်းမှု မရှိတော့တဲ့ဟာတွေ ပြင်ဆင်ပြီးတော့ ထောင်ရဲ့ စည်းမျဉ်းစည်းကမ်း တချို့မှာ ဧည့်တွေ့ခွင့်တွေ၊ အစားအသောက် ပေးခွင့်တွေ၊ ပြီးတော့ ရုံးထွက်တွေအပေါ်မှာ အကျဉ်းထောင်တွင်း မျက်ကွယ် တရားစီရင်မှုတွေ၊ ကန့်သတ် တရားစီရင်မှုတွေ မလုပ်ဘဲနဲ့ ပွင့်လင်းမြင်သာတဲ့ တရားရုံးစနစ်တွေ၊ တရားစီရင်ရေး စနစ်တွေကနေ လုပ်မယ်ဆိုရင် ကျနော်တို့ ပိုပြီးတော့ ထိထိရောက်ရောက် ကူညီနိုင်မှာပါ။

“သို့သော်လည်း ဘယ်လိုပင် အတားအဆီးတွေ ရှိနေပါစေ၊ အထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျနော်တို့ အထိရောက်ဆုံး ကူညီနိုင်မယ့် လမ်းကြောင်းတွေကို ရှာဖွေပြီးတော့ အခု လုပ်နေပါတယ်။”

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစိုးရသစ် အပါအဝင် နိုင်ငံတကာကပါ ထိထိရောက်ရောက် လုပ်ဆောင်ပေးရေးအတွက် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ အပါအဝင် တက်ကြွ လှုပ်ရှားသူတွေက လုပ်ဆောင်နေကြတာပါ။

မကြာခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ကတော့ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) ကို အကျဉ်းထောင်တွေမှာ ဝင်ရောက်စစ်ဆေးခွင့် ပြန်ပေးကောင်း ပေးနိုင်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရက ၂၀၀၆ ခုနှစ်ကတည်းက ICRC ကို အကျဉ်းထောင်တွေမှာ ဝင်ရောက် စစ်ဆေးခွင့် ပိတ်ပင်ခဲ့တာ ဖြစ်တဲ့အတွက် အကျဉ်းသားတွေဟာ ပိုပြီး အခွင့်အရေး ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့လည်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောဆိုနေကြပါတယ်။

XS
SM
MD
LG