သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှု နိုင်ငံတကာ စုံစမ်းစစ်ဆေးဖို့ အေအေပီပီ တိုက်တွန်း


နိုင်ငံရေး အကျဉ်းသားတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှု နိုင်ငံတကာ စုံစမ်းစစ်ဆေးဖို့ အေအေပီပီ တိုက်တွန်း

မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျဉ်းသားတွေကို ညှဉ်းပန်း နှိပ်စက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှုး မစ္စတာ ကင်တားနားရဲ့ အခု ကုလသမဂ္ဂ အထွေထွေ ညီလာခံ တင်သွင်းထားတဲ့ အစီရင်ခံစာထဲမှာလည်း အခုလို နိုင်ငံရေး အကျဉ်းသားတွေအပေါ် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်တယ်ဆိုတဲ့ အချက်အလက်တွေ ထည့်သွင်းထားပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မစ္စတာ ကင်တားနား အနေနဲ့ကတော့ အခု ကျင်းပနေဆဲ အထွေထွေ ညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာထဲ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရော အခြား အကျဉ်းသားတွေပါ သူတို့ စစ်ဆေးမေးမြန်း ခံနေရစဉ်အတွင်း ညှဉ်းပန်း နှိပ်စက်မှုတွေ လုပ်ခံရတဲ့အပေါ် စိုးရိမ်ကြောင်း သူ အထပ်ထပ် ပြောခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဒီလိုမျိုး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အရပါ နှိပ်စက်ညှဉ်းပန်း ခံရတဲ့အပေါ် သူ့မှာ အထောက်အထား အချက်အလက် ခိုင်ခိုင်လုံလုံ ရှိတယ် ဆိုတာကို သူ့အစီရင်ခံစာထဲ အဖြစ်အပျက် တချို့ကို ဖော်ပြထားပါတယ်။

အေအေပီပီ ခေါ် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းကလည်း အလားတူ အစီရင်ခံစာကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ဒေသတွင်း ပထမဆုံး ကျင်းပတဲ့ လူ့အခွင့်အရေး ညီလာခံမှာ တင်သွင်းပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်တဲ့ အခြေအနေတွေကို ဒေသတွင်းရော နိုင်ငံတကာမှာပါ ကျယ်ကျယ်ပြန့်ပြန့် သိလာစေဖို့ ရည်ရွယ်တယ်လို့ စာတမ်းရေးသားသူ တဦးဖြစ်တဲ့ ကိုဘိုကြည်က ဗွီအိုအေကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ ရက် ဘန်ကောက်မှာ အရှေ့တောင်အာရှ နိုင်ငံများ အသင်းက ပထမဆုံးအကြိမ် ကျင်းပတဲ့ လူ့အခွင့်အရေး ညီလာခံ ရှိပါတယ်။ အဲဒီ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ နှိပ်စက် ညှဉ်းပန်းခြင်း ဆိုင်ရာတွေနဲ့ ပတ်သက်တာ စာတမ်းလေးတစောင် ပြုစုပြီး ကျနော်တို့ တင်ပါတယ်။”

ဒီစာတမ်းမှာ အဓိက အချက်အလက်တွေကို ဘာတွေများ ထည့်သွင်းထားပါလဲ။

“အဓိက စာတမ်းထဲမှာ ရေးထားတာက မြန်မာနိုင်ငံရဲ့ နောက်ခံ အခြေအနေ၊ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ အခြေအနေတွေ၊ အဲဒီထဲမှာ နှိပ်စက်ညှဉ်းပန်းမှုက ဘယ်သူတွေက လုပ်တာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်သလဲ၊ နှိပ်စက်ညှဉ်းပန်းမှုဆိုတာ ဘယ်လိုလူမျိုးတွေကို လုပ်တာလဲ၊ အဲဒီလို ပုံစံမျိုးနဲ့ ကျနော်တို့ စာတမ်းလေးတစောင် ရေးတယ်။ အထူးသဖြင့်တော့ နိုင်ငံရေး အကျဉ်းသားတွေ အကြောင်းပေါ့။ စစ်ကြောရေး စခန်းမှာ နှိပ်စက်ခံရတဲ့ အကြောင်းတွေကို ကျနော်တို့ အခြေခံပြီး ရေးထားတာ ဖြစ်ပါတယ်။

“နောက်တခုက နှိပ်စက်ညှန်းပန်းတယ်ဆိုတာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာက အခုမှ ဖြစ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း မြောက်မြားစွာကတည်းက အခုချိန်ထိ ဆက်တိုက် ဖြစ်နေတာပေါ့။ တကယ် စနစ်တကျနဲ့ နအဖကနေပြီးတော့ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်နေတယ် ဆိုတဲ့ဟာကို ပေါ်အောင် စာတမ်းလေးတစောင် ပြုစုထားတာပါ။

“ပြီးတော့ နှိပ်စက်ညှဉ်းပန်းမှု ဆိုတာကလည်း Crime against Humanity ပေါ့၊ နိုင်ငံတကာရဲ့ စည်းမျဉ်း စည်းကမ်းတွေအရ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှု ကျူးလွန်ရာ ရောက်တယ် ဆိုတာကို ကျနော်တို့ ကောက်ချချထားတာပါ။”

အခု မစ္စတာ ကင်တားနားကလည်း နိုင်ငံတကာကို တိုက်တွန်းနေတာ Commission of Enquiry၊ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု ဟုတ် မဟုတ် စုံစမ်း စစ်ဆေးပေးဖို့ပေါ့၊ တိုက်တွန်းထားတာရှိတော့ အခု ကိုဘိုကြည်တို့ တွေ့ရှိချက်တွေက အဲဒီကိစ္စနဲ့ ဘယ်လောက်အထိ အကျုံးဝင်လဲခင်ဗျ။

“ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်း တော်တော်များများနဲ့ အင်တာဗျူး လုပ်ထားတာ ရှိတယ်။ ဥပမာ ၁၉၉၀ လောက်က အဖမ်းခံရတဲ့ လူကလည်း နှိပ်စက် ညှဉ်းပန်းခံရတယ်။ နောက်ဆုံး ၂၀၀၉-၂၀၁၀ မှာ အဖမ်းခံရတဲ့ လူတွေကလည်း နှိပ်စက် ညှဉ်းပန်းခံရတယ်။ ရိုးရိုးတန်းတန်း နှိပ်စက်ညှဉ်းပန်းရုံ မဟုတ်ဘဲ နောက်ပိုင်းမှာဆိုရင် ယောက်ျားလေးတွေပေါ်ကအစ Rape ဆန်ဆန်မျိုးလုပ်တဲ့ ကိစ္စမျိုးတွေပါ ဖြစ်လာတယ်။ ဒါ အင်မတန်မှ လူသားမဆန်တဲ့ဟာမျိုး ဖြစ်နေတယ်။ ဘာပဲပြောပြော တွေ့ရှိချက်တွေကို ကျနော်တို့က ပညာရှင်တွေလည်း တက်တဲ့ လူ့အခွင့်အရေး ညီလာခံမှာ ဒါကို တင်ပြခြင်း ဖြစ်ပါတယ်။”

အခုလိုမျိုး နှိပ်စက် ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံမှာလည်း တည်ဆဲဥပဒေအရ တားမြစ်မှုတချို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြန်ပြီးတော့ တရားစွဲဆိုတာ၊ ပြန်ပြီးတော့ တိုင်ကြားတာမျိုးတွေရော ရှိပါသလားခင်ဗျ။

“အခု ၂၀၁၀ ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတချို့မှာဆိုရင် မိသားစုတွေက သက်ဆိုင်ရာကို တိုင်ကြားတာတွေ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်ထိ တာဝန်ရှိတဲ့၊ နှိပ်စက်ညှဉ်းပန်းတဲ့ သူတွေက တယောက်မှ အရေးယူခံရတယ်လို့ ကျနော်တို့ မကြားသေးပါဘူး။”

အခုလို ညှဉ်းပန်းနှိပ်စက်တဲ့၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ တာဝန်ရှိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားဖို့ ၂၀၀၈ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားတာကို မစ္စတာ ကင်တားနားရဲ့ အခု အစီရင်ခံစာထဲမှာ ပြန်လည် ထောက်ပြပါတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မမှန်ကန်ဘူးလို့ မြန်မာအစိုးရကတော့ တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့လည်း မစ္စတာ ကင်တားနားကတော့ မြန်မာအစိုးရဘက်က အခုလို ငြင်းဆိုနေတဲ့အပေါ်မှာ ခိုင်မာစေချင်ရင် နိုင်ငံတကာက စုံစမ်းရေးမှူးတွေ၊ နိုင်ငံတကာ စုံစမ်းရေး အဖွဲ့တွေကို မြန်မာနိုင်ငံကို ဖိတ်ကြားဖို့ လိုတယ်လို့ အခု အထွေထွေ ညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ အကြံပြုထားပါတယ်။

XS
SM
MD
LG