သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံ နိုင်ငံရေး အကျဉ်းသား အခြေအနေ HRW အနီးကပ်စောင့်ကြည့်


အစာငတ်ခံ နိုင်ငံရေး အကျဉ်းသား အခြေအနေ HRW အနီးကပ်စောင့်ကြည့်
အစာငတ်ခံ နိုင်ငံရေး အကျဉ်းသား အခြေအနေ HRW အနီးကပ်စောင့်ကြည့်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မေလ ၂၂ ရက်နေ့ကစလို့ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုချက် ၆ ချက်ကို တောင်းပြီး အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို အနီးကပ် သေချာ စောင့်ကြည့်သွားမယ်ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ဒီနေ့ ပြောဆိုလိုက်ပါတယ်။ အခု အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၇ ယောက်ကိုလည်း အင်းစိန်ထောင်မှာရှိတဲ့ စစ်ခွေးတိုက်ကို မနေ့ကစပြီး ပို့ဆောင်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB က အတည်ပြု ပြောဆိုခဲ့သလို ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ထောင်ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရသစ် အဖွဲ့ရဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တဲ့ နောက်ပိုင်း အင်းစိန် အကျဉ်းထောင်ထဲမှာ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ ထောင်အာဏာပိုင်တွေက တုံ့ပြန်မှု မရှိတဲ့အတွက် အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသား ၂၇ ဦးလောက် ရှိနေပြီဆိုတဲ့ သတင်းတွေ ရနေသလို ဒီလို ဆန္ဒပြသူတွေကို စစ်ခွေးတိုက်ထဲ ပို့တာလို အပြစ်ဒဏ်ပေးတာတွေ ရှိလာတာမို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ကြီးက စိုးရိမ် စိတ်ပူမှုနဲ့အတူ အနီးကပ် စောင့်ကြည့်နေတယ်လို့ Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဖိလစ် ရောဘတ်စန်က ပြောပါတယ်။

“အခု အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အဖွဲ့ရဲ့ တုံ့ပြန် လုပ်ဆောင်မှုတွေကို ကျနော်တို့ သေသေချာချာ စောင့်ကြည့်နေပါတယ်။ အခုရထားတဲ့ သတင်းတွေအရ ၂၇ ဦး အစာငတ်ခံ ဆန္ဒပြနေတာမို့ သူတို့အတွက် သိပ်ကို စိတ်ပူပါတယ်။ အခုဆိုရင် သီးခြား ခွဲထားတဲ့နေရာမှာ တိုက်ပိတ်ခံနေရတာနဲ့ နယ်ဝေးအကျဉ်းထောင် ပို့တာလို ပြစ်ဒဏ်ပေး ခံရတာတွေ ရှိနေပါတယ်။

“အရင် မြန်မာစစ်အစိုးရ အနေနဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က တောင်းဆိုခဲ့တဲ့ အကျဉ်းသား ရပိုင်ခွင့်တွေကို မထီမဲ့မြင် ဂရုမစိုက် လုပ်ခဲ့တဲ့အတွက် အခု ဒီလိုအပ်ချက်တွေကို အကျဉ်းသားတွေက ထပ်ပြီး တောင်းနေရတာပါ။ ဒီတောင်းဆိုတဲ့ အကျဉ်းသားတွေကို အခုလို ပြစ်ဒဏ်ပေးတာကို ကြည့်ရင် အစိုးရသစ် အဖွဲ့ဟာ အရင် စစ်အစိုးရ ပုံစံအတိုင်း လုပ်နေတာမို့ မကြာခင်ကမှ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေတွေအတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းဖို့ အရေးတကြီး လုပ်သင့်ပြီ။” လို့ ပြောသွားတာ ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့-မြန်မာနိုင်ငံကလည်း ဒီအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ AAPPB အဖွဲ့ တာဝန်ခံတဦး ဖြစ်တဲ့ ကိုဘိုကြည်ကို အစာငတ်ခံ ဆန္ဒပြသူတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို သိရအောင် မေးကြည့်ပါတယ်။

“အခု ကျနော်တို့ သိရသလောက်က အစာငတ်ခံ ဆန္ဒပြနေတဲ့ အထဲက ၇ ယောက်ကို စစ်ခွေးတိုက်ကို ပို့လိုက်တယ်လို့ သိရတယ်။ စစ်ခွေးတိုက်ဆိုတာက ပုံမှန်အားဖြင့် ပြစ်ဒဏ်ဆိုပြီး သူတို့ လုပ်လေ့ရှိတယ်။ အဲဒါဆိုရင် ပုံစံမောင်းတာတို့၊ ရိုက်တာနှက်တာတို့ ရှိလာနိုင်တယ်။ အဲဒီတော့ ဒီလူတွေရဲ့ ကျန်းမာရေးရော၊ အသက်အန္တရာယ်ရော ကျနော်တို့ အတော်လေး စိုးရိမ်ပါတယ်။

“အခု ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး နောက်ပိုင်းမှာဆိုရင် နယ်ဝေး အကျဉ်းထောင်တွေကိုလည်း ပြောင်းလေ့ရှိတယ်။ အဲဒီအတွက် မိသားစုတွေ အနေနဲ့ကလည်း အခုဆိုရင် သူတို့သားသမီးတွေ ဘယ်ထောင်ကို ပြောင်းမလဲ၊ အင်းစိန်ထောင်မှာပဲ ရှိသေးသလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။”

AAPPB ရဲ့ သဘောထားကို သိပါရစေ၊ ဒီအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့။

“တကယ်တမ်းဆိုရင်တော့ အခု တောင်းဆိုတယ်ဆိုတဲ့ အချက်တွေက အကျဉ်းသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး တောင်းဆိုရုံနဲ့တော့ အကျဉ်းသားတွေကို ရိုက်တာ၊ မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းတာတွေ၊ နယ်ဝေးထောင်တွေ ပို့တာတွေတော့ မလုပ်သင့်ဘူး။ နောက် သူတို့ တောင်းဆိုနေတဲ့ အခြေခံ တောင်းဆိုချက်တွေကို လိုက်လျောသင့်တယ်။

“အဲဒါက ဘာကိုပြသလဲဆိုတော့ လက်ရှိ ရှိနေတဲ့ ဦးသိန်းစိန် အစိုးရက ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းတဲ့ အခါမှာ ညင်ညင်သာသာနဲ့ ကိုင်တွယ် ဖြေရှင်းတယ်ဆိုတာ ပြသရာ ရောက်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အရင် နအဖအစိုးရနဲ့ အတူတူပဲ၊ ပြဿနာတွေကို ညင်ညင်သာသာနဲ့ ကိုင်တွယ် ဖြေရှင်းတာမျိုး မလုပ်ချင်ဘူး၊ တခုခုဖြစ်တိုင်း အကြမ်းဖက်တဲ့ ပုံစံမျိုးနဲ့ ဖြေရှင်းမယ်ဆိုရင် တိုင်းပြည်အနာဂတ် အတွက်လည်း ကောင်းတဲ့ အနာဂတ် မဟုတ်ဘူး။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သွားနေပါတယ်လို့ ကျနော်တို့အတွက် ယုံကြည်ဖို့ အရမ်းခက်သွားလိမ့်မယ်။”

အကျဉ်းသားတွေ အခုတောင်းနေတဲ့ တောင်းဆိုမှုတွေဟာ အာဏာပိုင်တွေဘက်က မလိုက်လျောရလောက်အောင် ခက်ခဲနေပါလား။

“ဒီတောင်းဆိုချက်တွေက ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ တကယ်တမ်းဆို တောင်းဆိုစရာ မလိုဘဲကို ဒါတွေက ပြည့်စုံအောင် လုပ်ပေးရမှာ ဖြစ်တယ်။ ဒါက အကျဉ်းထောင် အာဏာပိုင်တွေဘက်က ပျက်ကွက်လို့၊ ဒါမှမဟုတ် လာဘ်ပေးလာဘ်ယူတွေ ဖြစ်နေလို့ ဒီလိုမျိုး ဆန္ဒပြတယ်ဆိုတဲ့ အဆင့်အထိ ရောက်လာရတာပါ။ တကယ်တမ်းဆို ဒီအဆင့်ထိ ရောက်လာစရာအကြောင်း မရှိဘူး။”

ကိုဘိုကြည် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို အစာငတ်ခံ ဆန္ဒပြနေသူတွေနဲ့ တကွ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုနေသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက်ပြီး စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ US Campaign အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

XS
SM
MD
LG