သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရသစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းမရှိ၊ ကင်တားနား ဝေဖန်


မြန်မာအစိုးရသစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းမရှိ၊ ကင်တားနား ဝေဖန်
မြန်မာအစိုးရသစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းမရှိ၊ ကင်တားနား ဝေဖန်

မြန်မာအစိုးရသစ် အနေနဲ့ အရေးအကြီးဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောဆိုလိုက်ချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာမှ လုပ်ဆောင်ပေးတာမျိုး မတွေ့ရသေးဘူးလို့ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို မစ္စတာ ကင်တားနားနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်ပြီး လွှတ်ပေးဖို့အတွက် သောကြာနေ့မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေထဲက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအဝင် ၉ ဦးရဲ့ မိသားစုဝင်တွေကလည်း သူတို့တွေ မတရား ပြစ်ဒဏ်ကျခံနေရတာတွေကို ပြန်ပြီး စိစစ်ပေးနိုင်အောင် မြန်မာအစိုးရသစ် အဖွဲ့ကို တင်ပြဖို့အတွက် ကြိုးပမ်းနေကြပါတယ်။

ဒီနိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကလည်း သူတို့ကို ပြန်ပြီး လွှတ်ပေးဖို့အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတာပါ။ ဒါပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က အခုထိ ဘာမှ လုပ်ဆောင်ပေးတာမျိုး မတွေ့ရသေးဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက ပြောပါတယ်။

“အခုချိန်ထိ မြန်မာအာဏာပိုင်တွေဘက်က နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာမှ လုပ်ဆောင်ပေးတာမျိုး မရှိသေးပါဘူး။ တက်လာတဲ့ အစိုးရသစ်အဖွဲ့ အနေနဲ့ သူတို့ကို ဆက်ပြီး ချုပ်နှောင်ထားစရာအကြောင်း မရှိပါဘူး။ သူတို့ကို ပြန်ပြီး လွှတ်ပေးဖို့ ကမ္ဘာတဝန်းကရော၊ ပြည်တွင်းကပါ မကျန် ဆက်နွယ်ပတ်သက်နေသူ အားလုံးက တောင်းဆိုခဲ့ကြတာပါ။

“ဒါပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မကြာသေးခင်ကပဲ ထုတ်ဖော် တောင်းဆိုချက်တွေ၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကျနော် တောင်းဆိုထားတာတွေနဲ့ အာဆီယံ အဖွဲ့ဝင်တွေရဲ့ တောင်းဆိုချက် အားလုံးကို အစိုးရသစ် အဖွဲ့က အခုချိန်ထိ မတုံ့ပြန်သေးပါဘူး။” လို့ ပြောသွားပါတယ်။

ဒါ့အပြင် စစ်အစိုးရလက်ထက် တရားရေးစနစ်ကို ပြန်ပြီး ပြုပြင်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့ဘ၀ ရှင်သန်လာအောင် အစိုးရသစ်က လုပ်ဆောင်ပေးဖို့လည်း ပန်ကြားလိုက်ပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဘဝတွေ ရှင်သန်လာဖို့အတွက် လုပ်ရပ်တွေကို အစိုးရသစ် အဖွဲ့က လုပ်ဆောင်လာမယ်လို့ ကျနော် ယုံကြည် မျှော်လင့်ထားသလို လုပ်ပေးပါလို့လည်း ကျနော် ပန်ကြားချင်ပါတယ်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ပေးဖို့တွေနဲ့ စတင်ပြီး တရားရေးစနစ်ကို ပြန်လည် ပြုပြင်ပေးဖို့ပါ။ စစ်အစိုးရလက်ထက်က တရားရေးစနစ်မှာ တရားသူကြီးတွေအဖို့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် မရှိခဲ့တဲ့အတွက် အခုအစိုးရသစ် အနေနဲ့ ဒီကိစ္စကို အရေးတကြီး ချက်ချင်း လုပ်ဆောင်ပေးဖို့ ကျနော် အကြံပြုချင်ပါတယ်။” လို့ ပြောသွားပါတယ်။

မစ္စတာ ကင်တားနား အနေနဲ့ မြန်မာနိုင်ငံကို နောက်တကြိမ် လာရောက်နိုင်ဖို့အတွက် အစိုးရသစ်အဖွဲ့နဲ့ ဆွေးနွေး ညှိနှိုင်းနေပြီး လာရောက်ခွင့် ရခဲ့ရင် ဒီအကျဉ်းသားတွေအတွက် အဓိက လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ အားလုံးအတွက် တရားရေးဆိုင်ရာ တိုင်ပင်ခွင့်တွေရဖို့ လိုပါတယ်။ ဒါ့အပြင် ဒီအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ စားသောက် နေထိုင်ရတဲ့ အခြေအနေတွေအတွက် ကျနော် သိပ်ကို စိုးရိမ်ပါတယ်။ တချို့ဆို မိသားစု ထောင်ဝင်စာတွေ့ခွင့် မပေးတာမျိုးတွေ ရှိနေတာမို့ မိသားစုနဲ့ တွေ့ခွင့်တွေလည်း ပေးဖို့ လိုပါတယ်။ တကယ်လို့ ကျနော် နောက်တခေါက် မြန်မာနိုင်ငံထဲကို ပြန်ပြီးသွားခွင့်သာ ရလာခဲ့ရင် ဒီကိစ္စဟာ ကျနော် အရေးတကြီး လုပ်ရမယ့် အလုပ်တွေ ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံကို လာရောက်ခွင့်ရဖို့ အာဏာပိုင်တွေနဲ့ ဆွေးနွေး ညှိနှိုင်းနေမှုတွေအတွက် အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တွေ ရထားတာမို့ မကြာခင်လတွေ အတွင်းမှာပဲ လာရောက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း မစ္စတာ ကင်တားနားက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG