သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာ့နိုင်ငံရေးနှင့်တပ်မတော်" စာအုပ် ဓာတ်ပုံအထောက်အထား လွဲမှား


တပ်မတော်က ထုတ်တဲ့ စာအုပ်မှ ဓာတ်ပုံအလွဲ
တပ်မတော်က ထုတ်တဲ့ စာအုပ်မှ ဓာတ်ပုံအလွဲ

မြန်မာ့နိုင်ငံရေးနှင့်တပ်မတော်ဆိုတဲ့ မြန်မာစစ်တပ်ကရေးသားတဲ့စာအုပ်ထဲမှာ ရိုဟင်ဂျာမူဆလင်ပြဿနာနဲ့ ဆက်စပ်ပတ် သက်တဲ့အကြောင်းအရာတွေကို ဓါတ်ပုံတွေနဲ့တကွဖေါ်ပြထားပါတယ်။ အဲဒီဓါတ်ပုံတွေထဲမှာ အငြင်းပွါးစရာဓါတ်ပုံတွေပါ ဝင်နေပြီး ဒီစာအုပ်ကို သဘောကျထောက်ခံသူတွေရှိသလို လက်မခံသူတွေလည်းရှိနေပါတယ်။ ဒီစာအုပ်နဲ့ပတ်သက်လို့ Reuters သတင်းမှာမနေ့တုန်းက ဖေါ်ပြထားတဲ့အကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

စာမျက်နှာ၁၁၇မျက်နှာပါတဲ့ မြန်မာ့နိုင်ငံရေးနှင့်တပ်မတော် ဆိုတဲ့စာအုပ်ဟာ အပိုင်းတစ်အဖြစ်ထွက်လာပါတယ်။ စာအုပ်ဟာ မြန်မာလိုရော အင်္ဂလိပ်လိုပါတွဲပြီး ဖေါ် ပြထားတဲ့စာအုပ်ပါ။ ဒီစာအုပ်ကို မြန်မာစစ်တပ်ကရေးသားထားတာဖြစ်ပြီး ရိုဟင်ဂျာမူဆလင်ပြဿနာနဲ့ပတ်သက်လို့ ဓါတ် ပုံတွေနဲ့တကွရေး သားဖေါ်ပြထားတာပါ။ ဒီစာအုပ်မှာဓါတ်ပုံ ပေါင်း၈၀ ပါဝင်ပြီး ရန်ကုန်မြို့ကစာအုပ်အရောင်း ဆိုင် တွေမှာအခုတင်ထားပါပြီ။ စာအုပ်ဆိုင်တခုမှာ ဒီစာအုပ်ကိုဖတ်ကြည့်နေတဲ့ အသက်၆၉နှစ်အရွယ် ဦးသန်းဝင်းတင် ကတော့ ဘာသာစကား၂ မျိုးနဲ့ဖေါ်ပြထားတာကြောင့် ဒီစာအုပ်ကို သဘောကျတယ်လို့ဆိုပါတယ်။

“ဒါ အများကြီး အကျိုးကျေးဇူးရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဗမာလိုတင်ရေးထားတာမဟုတ်ဘူး၊ အင်္ဂလိပ်လိုလည်း ရေးထားတယ်ဆိုတော့ ကမ္ဘာကပါ သိတယ်။ ကျနော်တို့ မီဒီယာက ပြည်တွင်းမှာသာ အားကောင်းတာ။ ကမ္ဘာမှာဆို မသိကြဘူး။ ”

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးမရခင် ၁၉၄၀ပြည့်နှစ်တွေတုန်းကဖြစ်ပွါးခဲ့တဲ့ လူမျိုးရေးအဓိဂရုဏ်းများဆိုတဲ့ အခန်းကဏ္ဍမှာ ရိုဟင် ဂျာမူဆလင်တွေနဲ့ဆိုင်တဲ့ဓါတ်ပုံတွေကိုဖေါ်ပြထားပြီး မြန်မာနိုင်ငံကိုတရားမဝင်ရောက်ရှိလာတဲ့ ဘင်္ဂလီတွေလို့ ညွှန်းဆို ထားပါတယ်။ စာအုပ်ထဲမှာဖေါ်ပြထားတဲ့ ဓါတ်ပုံတွေထဲမှာ အငြင်းပွါးစရာဓါတ်ပုံတွေပါဝင်နေတဲ့ အကြောင်း တချို့ဓါတ်ပုံ တွေက မြန်မာနိုင်ငံအတွင်းမှာ တကယ်ဖြစ်ပျက်ခဲ့တာတွေမဟုတ်ကြောင်း ရိုက်တာစ်သတင်းက ရေးပါတယ်။ စာအုပ်ထဲမှာဖေါ်ပြထားတဲ့ ဘင်္ဂလီတွေက ဒေသခံတွေကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ဓါတ်ပုံဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ချ် လွတ်လပ် ရေးစစ်ပွဲကာလအတွင်း ပါကစ္စတန်တပ်ဖွဲ့တွေရဲ့သတ်ဖြတ်မှုကြောင့် ထောင်နဲ့ချီတဲ့ ဘင်္ဂလား ဒေ့ချ်တွေသေဆုံးခဲ့ ရတဲ့ပုံ ဖြစ်နေတာကိုတွေရတယ်လို့ဆိုပါတယ်။ နောက်တပုံကတော့ နယ်ချဲ့အင်္ဂလိပ်တို့ အောက်မြန်မာ ပြည်သိမ်းပိုက်ပြီးနောက် ဘင်္ဂလီများ မြန်မာနိုင်ငံအတွင်းဝင်ရောက်လာပုံဆိုတဲ့ ဓါတ်ပုံပါပဲ။ ဒီဓါတ်ပုံက အဖြူအမဲဓါတ်ပုံပါ။ တကယ်တော့ ဒီဓါတ်ပုံဟာ ၁၉၉၆ ခုနှစ်တုန်းက ရဝမ်ဒါနိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်ပွါးလို့ ဒုက္ခသည်တွေအမြောက် အများထွက်ပြေးနေကြတဲ့ ရောင်စုံဓါတ်ပုံကို မြန်မာစာအုပ်ထဲမှာ အဖြူအမဲဓါတ်ပုံအဖြစ်အသွင်ပြောင်းထားတာလို့ဆိုပါ တယ်။ ဒီဓါတ်ပုံကို ရိုက်တဲ့သူက Pittsburgh Post- Gazette သတင်းစာက Martha Rial ဆိုတဲ့အမျိုးသမီးဓါတ်ပုံသမား ဖြစ်ပြီးသူက ဒီဓါတ်ပုံနဲ့ ပူလစ်ဇာဆုကိုရရှိခဲ့သူပါ။ ဦးသန်းဝင်းတင်ကတော့ မြန်မာ့နိုင်ငံရေးနှင့်တပ်မတော်ဆိုတဲ့စာအုပ် ထဲမှာ အတုလုပ် တာတခုမှမပါဘူးလို့ယုံကြည်တဲ့အကြောင်း ရိုက်တာစ်သတင်းဌာနကိုပြောပါတယ်။

“ဒီထဲမှာတော့ အတုလုပ်တာ တခုမှမပါဘူး။ ကျနော် တပ်မတော်နဲ့လည်း ဘာမှမဆိုင်ပါဘူး။ ကျနော် စာဖတ်တဲ့လူတယောက်ပါ။ ကျနော် ဟိုမှာ သုံးခေါက် လေးခေါက်လောက် သွားနေခဲ့ဖူးတယ်။ ကျောက်တော်တို့ အကုန် ရောက်ခဲ့တယ်။ ကျနော်တို့က …..အကုန်လုံးသိတယ်။”

နောက်ဓါတ်ပုံ တခုကတော့ ပင်လယ်ရေးကြောင်းကတဆင့် မြန်မာနိုင်ငံကို ဘင်္ဂါလီများဝင်ရောက်လာပုံဆိုတဲ့ အဖြူအမဲဓါတ်ပုံပါ။ တကယ်တော့ဒီဓါတ်ပုံဟာ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသားတွေ ၂၀၁၅ခုနှစ်တုန်းက မြန်မာပြည် ကနေမလေးရှားနဲ့ ထိုင်းနိုင်ငံတွေဆီကိုထွက်ပြေးကြတဲ့ပုံဖြစ်နေတယ်လို့ဆိုပါတယ်။ Human Rights Watch လူ့အခွင့် အရေးစောင့်ကြည့် မှုအဖွဲ့ရဲ့ အာရှရေးရာ ဒုညွှန်ကြားရေးမှုး Phil Robertsonကတော့ ဒီစာအုပ်ဟာ လူတွေကို အယုံသွင်း တဲ့ဝါဒဖြန့်ချိရေး စာအုပ်တအုပ်ပဲလို့ဆိုပါတယ်။

“လူတွေအုပ်စုလိုက် ထောင်နဲ့ချီပြီးထွက်ပြေးနေကြတဲ့ပုံ၊ သင်္ဘောနဲ့အပြည့်အကျပ်ထွက်ပြေးနေတဲ့ ပုံတွေ၊ သူတို့လိုတဲ့ ပုံတွေကိုရှာပြီး လူတွေကိုယုံအောင်လုပ်တာပါ။ တကယ့်အစစ်အမှန်တွေမဟုတ်ပါဘူး၊ ဝါဒဖြန့်ချိရေးလုပ်နေတာပါပဲ။ ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာစစ်တပ်ကလူမျိုးတုန်းသတ်ဖြတ်မှုလုပ်တာကို ဖုံးကွယ်နိုင်အောင် ရိုဟင်ဂျာမကောင်း ကြောင်းပုံဖေါ်ပြီး ရိုဟင်ဂျာတွေကိုတိုင်းပြည်ထဲကနေမောင်းထုတ်ဖို့လုပ်ကြံနေတာမျိုးတွေကို ကျနော်တို့မြင်နေရပါတယ်။”

မြန်မာ့နိုင်ငံရေးနှင့်တပ်မတော်အပိုင်းတစ်စာအုပ်ထဲမှာဖေါ်ပြထားတဲ့ ဓါတ်ပုံတွေနဲ့ပတ်သက်ပြီး မှတ်ချက်တွေပေးဖို့၊ တုန့် ပြန်ချက်တွေပေးဖို့ မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကိုရိုက်တာစ်က ဆက်သွယ်ခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။ ပြန် ကြားရေးဝန်ကြီးဌာနရဲ့ အမြဲတန်းအတွင်းဝန် ဦးမျိုးမြင့်မောင်ကလည်း ဒီစာအုပ်ကိုသူမဖတ်ရသေးလို့ မှတ်ချက်မပေးနိုင် ဘူးလို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG