သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရင့်နိုင်ငံရေးသမားကြီး ဇိုမီးခေါင်းဆောင်ပူကျင့်ရှန်းထန်ကွယ်လွန်


ပူကျင့်ရှင်းထန် - Pu Chin Sian Thang
ပူကျင့်ရှင်းထန် - Pu Chin Sian Thang

Zawgyi/Unicode

ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပူကျင့်ရှန်းထန်ဟာ ဇူလိုင်လ (၃၁) ရက်၊ ဒီကနေ့ စစ်ကိုင်းတိုင်း ကလေးမြို့နေအိမ်မှာကွယ်လွန်သွားပြီးလို့ ပါတီတာဝန်ရှိသူတွေကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တီးတိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပူးကျင်ရှန်းထန်ဟာ ဇူလိုင် (၃၁) ရက်နေ့ ညနေ (၅) နာရီမှာ ကလေးမြို့နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဂင်ကန်းလျံကပြောပါတယ်။

“ကျနော်တို့ဥက္ကဋ္ဌ ပူကျင့်ရှန်းထန် ဒီနေ့ (၅) နာရီခွဲမှာ ကလေးမြို့သူ့နေအိမ်မှာ ဆုံးသွားပါတယ်။ ပထမတော့ ကိုဗစ်ဖြစ်တယ်။ ဒါနဲ့ ကောင်းသွားတော့ အဲဒီကိုဗစ်အရှိန်ကြောင့် ထမင်းမစားနိုင်ဘူး။ အစား အသောက်လျော့တယ်။ ပြီးတော့ သူရဲ့အသက်က (၉၀) လောက်ရှိပြီဆိုတော့ အားမရှိဘူးလေ။ အဲဒါကြောင့် ဆုံးသွားတာပါ။”

ပူကျင့်ရှန်းထန်ဟာ ၁၉၆၁ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားဘဝနဲ့ ဖက်ဒရယ်အရေးဆွေးနွေးတဲ့ တောင်ကြီး ညီလာခံမှာ တက်ရောက်ခြင်းဖြင့် မြန်မာ့နိုင်ငံရေးတွင်စတင်ပါဝင်လာတာပါ။

၁၉၉၀ ခုနှစ်မှာ အာဏာသိမ်းစစ်အစိုးရကကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ တီးတိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရသလို စစ်တပ်ကအာဏာလွှဲမပေးတဲ့အတွက် CRPP လွှတ်တော်ကိုယ်စားပြုကော်မီတီထဲမှာ ပါဝင်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း တီးတိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။

သူရဲ့နိုင်ငံရေးလှုပ်ရှားမှုသက်တမ်းမှာ ထောင်အကြိမ်ကြိမ်ကျခဲ့တယ်လို့လည်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဂင်ကန်းလျံက ပြောပါတယ်။

“၁၉၇၂-၇၄ မဆလအခြေခံဥပဒေကိုရေးဆွဲဖို့ သူတို့က လူထုကိုချပြပါတယ်။ အဲဒီတုန်းက ဦးဆောင်တဲ့သူက ဗိုလ်မှူးကြီးစိန်မြပေါ့နော်။ တီးတိန်ကိုလာတယ်။ သူကတော့အဲဒီမှာဆွေးနွေးတယ်။ ဆိုရှယ်လစ်နဲ့ သွားမယ်ဆိုရင် ရုရှားတို့၊ ချက်တို့၊ ယူဂိုတို့၊ ဂျာမနီတို့၊ ဆိုရှယ်လစ်နိုင်ငံတွေနဲ့ ဖက်ဒရယ်နဲ့သွားနေတယ်။ ဖွဲ့စည်းပုံကိုပြန်ဆွဲမယ်ဆိုရင် ဖက်ဒရယ်နဲ့သွားပါဆိုပြီး ဆွေးနွေးတယ်။ နောက်ဆုံး သူတို့ကိုဖမ်းပြီးတော့ အဲဒီမှာချင်းအမျိုးသား (၅၀) ကျော်လောက်ဖမ်းပြီးတော့ သူနဲ့တယောက်တော့ ရန်ကုန်မင်္ဂလာဒုံ ရေကြည်အိုင်မှာ တနှစ်လောက်ထားလိုက်ပါတယ်။ ပြီးတော့အင်းစိန်ပို့တယ်။ အားလုံးပေါင်း (၁၂) ကြိမ်လောက်ကျပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲအလွန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဘဝနဲ့ ၂၁ ရာစုပင်လုံညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။

ပူကျင့်ရှန်းထန်ကို ၁၉၃၁ ဧပြီလ(၆)ရက် ချင်းပြည်နယ်တွန်းဇံမြို့နယ် ဇမ်တီးကျေးရွာမှာ အဘဦးစွမ်းဟန် အမိဒေါ်ညောင်ခန့်ကျင်တို့ကနေမွေးဖွားခဲ့တာပါ။

ကွယ်လွန်သွားတဲ့ ပူကျင့်ရှန်းထန်ရဲ့ရုပ်အလောင်းကို မနက်ဖြန်သြဂုတ်လ (၁) ရက်နေ့မှာ သင်္ဂြိုဟ်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=====

Unicode













XS
SM
MD
LG