သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်ရာထူးတွေ ခန့်အပ်မှု ဝေဖန်ခံရ


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ဝန်ကြီးတွေ ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိသလို၊ တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းနေသေးတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်လိုက်ပါတယ်။

ပြည်သူအများစုက ရွေးချယ်တင်မြှောက်လိုက်တဲ့ NLD ပါတီဟာ စိန်ခေါ်မှုတွေ အများကြီးရှိနေပြီး တိုင်းရင်းသားဒေသတွေ တိုးတက်လာအောင် ဘယ်လို ချဉ်းကပ်လုပ်သွားမလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးကလည်း ထောက်ပြလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ် ဒေသကြီးအစိုးရအဖွဲ့ရဲ့ ဝန်ကြီးအဖွဲ့ အမည်စာရင်း အတော်များများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီက မဟုတ်တဲ့ ပြင်ပပညာရှင်တွေ၊ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေနဲ့ ၈၈ မျိုးဆက် နိုင်ငံရေးလှုပ်ရှားသူ တချို့လည်း ဝန်ကြီးအဖွဲ့ထဲ ပါဝင်လာကြပါတယ်။ ဒီလို ဝန်ကြီးတွေကို အမျိုးသားဒီကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်ရာမှာ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေကို ရွေးချယ်တဲ့နေရာမှာ သိပ်ပြီးတော့ ပွင့်လင်းမြင်သာမှုတော့ မရှိဘူး။ အများစုက နီးစပ်ပတ်သက်မှုနဲ့ လက်သင့်ရာ စပေါ်ခေါ်တဲ့သဘောတော့ တွေ့ရတယ်။ ဥပမာ - ပြင်ပက ပညာရှင်တွေကို ဝန်ကြီးအဖွဲ့ထဲမှာ ခေါ်ယူထည့်သွင်းတဲ့နေရာမှာလည်းပဲ အဲဒီပညာရှင်တွေကို ဘယ်လို စံနှုန်း သတ်မှတ်ချက်တွေနဲ့ ရွေးချယ်ခဲ့တယ်ဆိုတာကို တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေရော ဝန်ကြီးတွေ ကိုယ်တိုင်ရော ရှင်းရှင်းလင်းလင်း သိပုံမရဘူး။ ဒါပေမဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ နောက်ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးအများစု ကတော့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ပုဂ္ဂိုလ်တွေ အများစုလို့တော့ သုံးသပ်လို့ရတယ်။”

ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တဦးဖြစ်သူ ဦးဇော်အေးမောင်ဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ထဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ပြန်လည် အရွေးချယ်ခံရသူ ဖြစ်ပါတယ်။ လူအများစုက တင်မြှောက်လိုက်တဲ့ NLD ပါတီအစိုးရမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ် ဆိုပေမဲ့ တိုင်းရင်းသားဒေသ တိုးတက်ဖွံ့ဖြိုးရေးကို ဘယ်လို ချဉ်းကပ် လုပ်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“NLD ပါတီကလည်း သူ့မှာလည်း စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ တိုင်းပြည်ဆင်းရဲမွဲတေနေတာကို အရင်ဆုံး ထူထောင်ရမယ်။ အကျင့်ပျက်ခြစားနေတာ နှစ်ပေါင်းများစွာ ဒါတွေကို လုပ်ဖို့အတွက်က သူ့မှာလည်း အားလိုတယ်။ အားလိုတော့ သူလည်းပဲ သူ့ရဲ့ Capacity, သူ့ရဲ့ Institution တွေ ခိုင်မာအောင် လုပ်ရမယ်။ သူ့ရဲ့ ပလက်ဖောင်းကို ခိုင်မာအောင် တည်ဆောက်ရတာ ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ဘာမှတော့ မှားတယ်၊ မှန်တယ် မဝေဖန်လိုဘူး။ အခုလာမယ့် အခင်းအကျင်းမှာ သူတို့ရဲ့ ဆောင်ရွက်ချက်ကိုပဲ ကြည့်ရမှာ။ တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လိုမျိုး ဆက်ဆံသွားမလဲ။ ဘယ်လိုမျိုး ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုမျိုး လုပ်ပေးသွားမလဲ။ ရခိုင်ဒေသမှာ power sharing, resource sharing တွေ ဘယ်လိုဘယ်လိုမျိုး လုပ်သွားမလဲဆိုတာကိုပဲ ကျနော်တို့ ဒါ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

လက်ရှိရွေးချယ်ထားတဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ထဲမှာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ ပါတယ်ဆိုပေမဲ့ လက်တွေ့မှာတော့ NLD ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းနေကြောင်း ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပါတယ်။

“ပြည်နယ်အစိုးရအဖွဲ့တွေမှာ သူက တိုင်းရင်းသားလူမျိုးစုပေါ့လေ ဥပမာ - NLD ပါတီထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ တိုင်းရင်းသားပါတီထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို နေရာပေးတာတော့ တွေ့ရပါတယ်။ အဲဒီ NLD ပါတီက ရွေးချယ်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ အများစုကတော့ အရှုပ်အရှင်းနဲပါးတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေကိုတော့ တွေ့ရတယ်။ တကယ်တမ်းကတော့ NLD ပါတီအနေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ ဆက်ဆံမှုအပိုင်းကို ကြည့်မယ်ဆိုရင်တော့ လက်ရှိ အခြေအနေမှာ အားရစရာ နဲတယ်လို့ ပြောလို့ရတယ်။ အဲတော့ လာမယ့် ၅ နှစ်အတွင်းမှာ NLD ပါတီအနေနဲ့ ဒီထက်ပိုမို ထိတွေ့ပြီးတော့ ယုံကြည်မှု၊ နားလည်မှု တည်ဆောက်နိုင်ဖို့ လိုအပ်နေတုန်းပဲလို့ ပြောလို့ရတယ်ဗျ။”

တချို့ပြည်နယ်အစိုးရထဲမှာတော့ ဒေသခံတိုင်းရင်းသားပါတီရဲ့ကိုယ်စားလှယ်တွေကို ဝန်ကြီးအဖြစ် ခန့်အပ်မှု နည်းပါးတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရမှာ ဝန်ကြီးဌာန ၇ ခုအတွက် ဝန်ကြီးအမည်စာရင်း တင်သွင်းရာမှာ ဒေသခံ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ကိုယ်စားလှယ်တဦးသာ ဝန်ကြီးအမည်စာရင်းထဲ ပါလာတာတွေ့ရပါတယ်။ NLD ပါတီအစိုးရကတော့ အစိုးရအသုံးစရိတ် ဖြတ်တောက်တဲ့အနေနဲ့ ဧရာဝတီတိုင်းမှာတော့ အရင်က ဝန်ကြီးဌာန ၁၃ ခုရှိခဲ့ရာက အခုတော့ ဝန်ကြီးဌာန ၁၀ ခုသာ ထားရှိမှာဖြစ်ပါတယ်။

XS
SM
MD
LG