သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဆိပ်ကမ်းတွေရဲ့ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း


မြန်မာ့ ဆိပ်ကမ်းတွေမှာ အခွန်အကောက် နှုန်းထားတွေက ဒေသတွင်းမှာ ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း မရှိ ဖြစ်နေရပြီး ပို့ကုန်သွင်းကုန် ဈေးနှုန်းတွေ အပေါ်မှာ ရိုက်ခတ်မှု ရှိတယ်လို့ ဆယ်စုနှစ် ၂ ခုကျော် လုပ်ငန်းအတွေ့အကြုံရှိသူ ကပ္ပတိန် ဟင်နရီ ခင်မောင်က ထောက်ပြပါတယ်။ အဓိကကတော့ မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းက လက်ရှိ ဈေးကွက်ပေါက်ဈေးနဲ့ အဆများစွာ ကွာခြားနေသလို ဆယ်စုနှစ်နဲ့ချီပြီး ဆိပ်ကမ်း အခွန် အကောက်တွေကို ပြုပြင်ပြောင်းလဲမှု မရှိတာကြောင့်လိ့ု ပြောဆိုလာတဲ့ ကပ္ပတိန် ဟင်နရီ ခင်မောင်နဲ့ ဆက်သွယ် မေးမြန်းပြီး မသိင်္ဂ ီထိုက်က စီးပွားရေး အစီအစဉ်မှာ တင်ပြထားပါတယ်။

သိင်္ဂ ီထိုက်။ ။ မြန်မာ့ ဆိပ်ကမ်းနဲ့ သဘောၤလုပ်ငန်းတွေ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးရခြင်းရဲ့ အဓိက အခက်အခဲ တခုက ဆိပ်ကမ်း အခွန်အကောက်တွေ ကြီးမြင့်လွန်းနေတာ ဖြစ်တယ်လို့ ကပ္ပတိန် ဟင်နရီ ခင်မောင်က ပြောပါတယ်။ ဒေသတွင်း ဆိပ်ကမ်းတွေက နှုန်းထားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားမရှိဘူးလို့လည်း ပြောပါတယ်။

ကပ္ပတိန် ဟင်နရီ ခင်မောင်။ ။ အဓိက ပြသနာ ဘာလဲလို့ ဖြေရမယ်ဆိုရင် နံပတ် ၁ ဒီနားတဝိုက်မှာ ဗမာပြည် ရန်ကုန်ဆိပ်ကမ်းဟာ Asia မှာ Port Due လို့ ခေါ်တဲ့ ဆိပ်ကမ်းစာရိတ်တွေက အများဆုံး ဖြစ်နေတာကို တွေ့ရတယ်။ နောက်ပြီးတော့ Sea ခလို့ ခေါ်တဲ့ ကုန်တင်ကုန်ချ ခတွေကလည်း ဒီနားတဝိုက်မှာ အများဆုံးဘဲ။ ကွန်တိန်နာမှာလည်း အများဆုံးဘဲ။ နောက်ပြီးတော့ bulk carrier လို့ ခေါ်တဲ့ဟာတွေမှာလည်း အများဆုံးဘဲ။ အဲလို ဘာကြောင့် ဖြစ်ရတာလဲ ဆိုတော့ အဓိကကတော့ US ဒေါ်လာ တဒေါ်လာကို ၆ ကျပ်နဲ့ စားပြီးတော့မှ ထွက်လာတဲ့ US ဒေါ်လာကို အခြေခံထားတာ ဖြစ်ပါတယ်။

သိင်္ဂ ီထိုက်။ ။ ဒီလို ဆိပ်ကမ်း အခွန်အကောက်တွေကို ဆယ်စုနှစ်နဲ့ချီ မပြင်နိုင်တဲ့ အတွက် ခေတ်နဲ့ မလျော်ညီဘူး ဖြစ်နေတာလို့လည်း ကပ္ပတိန် ဟင်နရီ ခင်မောင်က ပြောပါတယ်။

ကပ္ပတိန် ဟင်နရီ ခင်မောင်။ ။ သေချာတာ တခုတော့ ရှိတယ်။ ၁၀ နှစ်ကျော်ကျော်ထိ ဘာတခုမှ ပြန်ပြီး Review လုပ်မထားတဲ့ Port Tariff တွေဖြစ်တယ်။ အဲဒီ Tariff ထွက်လာတာ အားလုံးကလည်း ကနေ့လိုဘဲ အဲလို ၆ ကျပ်နဲ့ စားပြီး ထွက်လာတာဘဲ။ ဟို ဘယ်လောက်ထိ ထူးဆန်းဖို့ ကောင်းလဲ ဆိုတော့ အဲဒီမှာ ရေးထားတဲ့ Tariff တွေမှာကိုက ဗမာငွေ Quotation ပါတယ်။ ဘေးမှာ ကပ်ရပ်က US ဒေါ်လာ Quotation ပါတယ်။ အဲဒါကြောင့်မို့ အခုအချိန်ထိ ဘာမှ ပြောင်းလဲမှု မရှိတာ တွေ့ရတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ မြန်မာကျပ်ငွေနဲ့ ပေးချေရမယ်ဆိုရင်တော့ ဈေးမကြီးပေမယ့် အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ထားတဲ့ နှုန်းထားက ဈေးကွက်ပေါက်ဈေးနဲ့ အဆများစွာ ကွာခြားနေပါတယ်။ အပြင် ဈေးကွက်မှာရော ဗဟိုဘဏ် ငွေလဲနှုန်းအရတော့ အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၀၀ ကျော် ရှိနေတာပါ။ ဒါပေမယ့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အဖွဲ့ရဲ့၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလို့ ပုံနှိပ်ထားတဲ့ ဆိပ်ကမ်း အခွန် အကောက် နှုန်းထားတွေမှာတော့ ငွေလဲနှုန်း ဘယ်လောက် ဆိုတာကို အတိအကျ မရှိပါဘူး။ ဆိပ်ကမ်း အခွန်အကောက် အဖြစ် မြန်မာ ကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာကို တွဲပြီး ဖော်ပြထားတာမှာ တချို့ နှုန်းထားတွေမှာ တဒေါ်လာ ၆ ကျပ်လောက်နဲ့ တွက်ထားပြီး တချို့ နှုန်းထားတွေမှာတော့ အမေရိကန် တဒေါ်လာကို ၅ ကျပ် ပြား ၈၀ လောက်နဲ့ တွက်ထားပါတယ်။

ဒီလို ဆိပ်ကမ်း အခွန် အကောက်တွေ အပြင် ဆိပ်ကမ်း ဆိုင်ရာ လုပ်ငန်းတွေ လုပ်ထုံးလုပ်နည်းတွေကို စိစစ်လျှော့ချပြီး အလွယ်တကူ ဖြစ်လာအောင် လုပ်ဖို့ကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

ကပ္ပတိန် ဟင်နရီ ခင်မောင်။ ။ နံပတ် ၁ မြန်မာနိုင်ငံ အခု ရန်ကုန်မြို့ တခုလုံးမှာပေါ့နော် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် သို့မဟုတ် အစိုးရက ပိုင်တယ်ဆိုတဲ့ Jetty က ၃ခုဘဲ ရှိတော့တယ်။ အဲတော့ အခုအချိန်ထိ အတွင်း ဆိပ်ကမ်းတွေကိုပေါ့လေ ပိုက်ဆံပို့နေရတဲ့ Port DA ဆိုတာကြီးကို ကျနော်တို့က ရန်ကုန်မှာရှိတဲ့ SAD –Shipping Agency Department ဆိုရှယ်လစ် System ကနေ ပေါ်လာတဲ့ ဟာကိုဘဲ ပို့နေရတုန်းဘဲ။ ဒါတွေဟာ အများကြီး ပျောက်ဖို့ လိုတယ်။ ခက်တာက အဲဒါကို လုပ်လိုက်လို့ ရှိရင် ပေါ့နော် ဘာတွေ ဖြစ်လာမလဲ ဆိုတဲ့ Consequences ကို ကြောက်တာ။ အမှန်က ဘာမှ မဖြစ်ဘူး။ ဖြစ်စရာ အကြောင်းလည်း မရှိဘူး။ နိုင်ငံတိုင်းမှာလည်း ဒီလိုဘဲ လုပ်နေကြတာ။ ဒါပေမယ့် တခုခုကို စိုးရိမ်စိတ်များ နေတဲ့ အခါကျတော့ သွားလုပ်လိုက်တယ် တခုခု ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဘာမှ မလုပ်ဘဲ ထိုင်နေတာ ဖြစ်တယ်။ အဲလို ဖြစ်နေတာ။ အဲလို ဖြစ်တော့ ဘာဖြစ်တာလဲ ဆိုတော့ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ဆိပ်ကမ်းရဲ့ တိုးတက်မှုက အင်မတန် ဒီဧရိယာ တခုလုံးမှာ ရှင်းရှင်း ပြောရရင် ဘင်္ဂလားဒေရှ့် နိုင်ငံက စစ်တကောင်းတို့ ဘာတို့ လောက်တောင်မှ တိုးတက်မှု မရှိတာကို ဝမ်းနည်းစွာ တွေ့ရတယ်။

သိင်္ဂ ီထိုက်။ ။ ဆိပ်ကမ်း အခွန်အကောက်တွေ များတာကြောင့် ပို့ကုန် သွင်းကုန် လုပ်ငန်းတွေ အပေါ်မှာ သက်ရောက်မှုရှိပြီး နောက်ဆုံးတော့ စားသုံးသူတွေ၊ ပြည်တွင်းက စိုက်ပျိုး ထုတ်လုပ်သူတွေ အတွက် အကျိုးနည်းစေတယ်လို့လည်း ကပ္ပတိန် ဟင်နရီ ခင်မောင်က သုံးသပ်ပါတယ်။

ကပ္ပတိန် ဟင်နရီ ခင်မောင်။ ။ အဲဒီဟာက ကနေ့ အချိန်ထိ အများဆုံး ဖြစ်တဲ့ အခါမှာ လက်ခနဲ့ ကုန်ကို ဒီကနေ ဗမာပြည်ကနေ ကုန်ပို့တဲ့ ဆန်တို့ ပဲတို့ သမားတွေ ရသင့်သလောက် မရကြသလို အဲလို ဆိပ်ကမ်း အခွန်အခတွေ များနေတယ်။ Sea-going အခတွေ များနေတဲ့ အတွက် ဝင်လာတဲ့ ပစ္စည်းတွေ အပေါ်မှာလည်း စားသုံးတဲ့ သူတွေက ပိုပေးနေရတယ်။ အဲဒါကြောင့် မို့လို့ ဆိပ်ကမ်းမှာ ကျနော်တို့ ပထမဆုံး ပြန်လုပ်ရမယ့် အချက်က ခုနက ပြောတဲ့ Asian နိုင်ငံတွေမှာ ရှိတဲ့ စကာၤပူတော့ မပါဘူးပေါ့နော်။ အာရှ နိုင်ငံတွေမှာ ရှိတဲ့ ခုနက ယိုးဒယားတို့ ဗီယက်နမ်တို့နဲ့ ပြန်ပြီးတော့ ဆိပ်ကမ်း ကုန်ကျခံတဲ့ အခတွေရယ်၊ Stevedoring ခတွေကို ချပေးလိုက်မယ်ဆိုရင်တော့ Competitive ဖြစ်လာမယ်လို့ သုံးသပ်ပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ သဘောၤနဲ့ သယ်ယူပို့ဆောင်ရေး စာရိတ်စကတွေ များနေတာကြောင့် ပြည်ပ တင်ပို့ကုန်တွေ ဈေးကြီးကုန်ပြီး နိုင်ငံတကာနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို လျော့ကျသွားစေတယ်၊ နောက် ပြည်ပ အဝယ်ကိုလည်း လျော့စေတယ်လို့လည်း ဆိုပါတယ်။

ကပ္ပတိန် ဟင်နရီ ခင်မောင်။ ။ ဥပမာဗျာ ကျနော် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဆန် က ဥပမာ ကျနော်တို့ ရန်ကုန်က နေပြီးတော့ ဆန်တင်မယ်ဗျာ။ ကျနော်တို့ Stevedoring Cost က ဒီ ၆ ကျပ်နဲ့ စားထားတယ်ဆိုတော့ US ဒေါ်လာ ၃ ကျပ်လောက် ကျတယ်ဗျာ။ ယိုးဒယားက တင်လိုက်တဲ့ ဥစ္စာက တတန်ကို Stevedoring ခက တကျပ် ပြား ၃၀ (1.3 US ) ဒေါ်လာဆို ပြီးပြီ။ ဆိုတော့ စဉ်းစားကြည့်လေ ဝယ်တဲ့ End User က West Africa က လူက ယိုးဒယား ဆန်ကို ဝယ်မလား၊ ကျနော်တို့ မြန်မာဆန်ကို ဝယ်မလား။ မြန်မာ့ဆန်က Cost က ဘာဖြစ်နေပြီလဲ ဆိုတော့ ဒီ Port DA နဲ့ Stevedoring Cost မှာကိုက များနေပြီ ဖြစ်တဲ့ အတွက် ကမ္ဘာမှာ ယှဉ်ပြိုင်တဲ့ အခါမှာ ကျနော်တို့က မျက်နှာငယ်နေရတာဘဲ။ ဈေးနည်းနေတာဘဲ။ အဲဒီ ဈေးနည်းနေတယ်ဆိုတာရဲ့ နောက်ကွယ်က ဘယ်သူဘဲ ခံစားရလဲ ဆိုတော့ ဥပမာ လယ်သမား။ နောက်ဆုံးတော့ ကုန်သည်ကတော့ သူ့ Margin နဲ့သူ အလုပ်လုပ်သွားမှာဘဲ။ နောက်ဆုံးတော့ လယ်သမားကဘဲ နာမှာဘဲ။ ရောင်းတဲ့ ပစ္စည်းမှာ လယ်သမား နာမယ်။ ဝယ်တဲ့ ပစ္စည်းမှာ စားသုံးသူ ပိုပေးရမယ်။ ဘာကြောင့်လဲ ဆိုတော့ အလယ်မှာ ရှိတဲ့ ခုနက Post Cost တွေ တက်နေလို့ဘဲ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဒေသတွင်းမှာလည်း အလားတူ ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်မှုတွေ ရှိနေတာကိုလည်း ကပ္ပတိန် ဟင်နရီ ခင်မောင်က အခုလို ထောက်ပြ ပြောဆိုသွားပါတယ်။

ကပ္ပတိန် ဟင်နရီ ခင်မောင်။ ။ ဆိပ်ကမ်းရဲ့ ကုန်ကျစာရိတ်တွေ အားလုံးက Very Competitive ဖြစ်နေရမယ်။ ကျနော်တို့က သူတို့ အားလုံးကိုလည်း အကြံပေးနေတာ ရှင်းတယ်။ ကျနော်တို့က လွယ်လွယ်လေး။ ဗီယက်နမ်ကို လေ့လာ။ ကျန်တာ ဘယ်နေရာမှ သွားပြီး အတုမခိုးနဲ့။ ဗီယက်နမ်က ဒီလိုဘဲ Mindset ပုံစံ အတူတူဘဲ။ ကွန်မြူနစ် ဘာညာနဲ့ အခု ဖောက်ထွက်လာလိုက်တာ ဆိုတာ ဗီယက်နမ်မှာ မတရား တိုးတက်လာတယ်။ ကျနော်တို့ ဘယ်သူ့ကိုမှ အတုသိပ်ယူနေစရာ မလိုဘူး။ ဗီယက်နမ်လောက်ကို ယူလိုက်။ သူ ဘာလို့ တိုးတက်သွားနေလဲ။ ဘယ်နေရာတွေမှာ သူသက်သာအောင် လုပ်ပေးနိုင်သလဲ။ ဘယ်လိုကုန်တင် ကုန်ချ လုပ်ငန်းတွေကို ဘယ်လို မြန်အောင် လုပ်ပေးနိုင်သလဲ။ အဲဒီပေါ်မှာ မူတည်သွားပြီးတော့ ကျနော်တို့က တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်လာမှာဘဲ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG