သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး အလားအလာနဲ့ စိုးရိမ်မှုများ


မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် တုံ့ဆိုင်းသွားမှာကို သုံးသပ်သူတွေက စိုးရိမ်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည် စီးပွားရေးဖွံ့ဖြိုးမှု အလားအလာတွေနဲ့ ပတ်သက်လို့ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အသိုင်းအဝိုင်းမှာ အကြီးအကျယ် စိတ်ဝင်စားနေကြပေမယ့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကြားမှာတော့ စိုးရိမ်မှုတွေ တိုးလာနေတဲ့အကြောင်း ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Rom Corben က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဟာ သူ့ရဲ့ နှစ်စဉ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ၆ % အထက်နဲ့ ပုံမှန်ထားရှိသွားနိုင်မယ်ဆိုရင် ၂ဝ၃ဝ ခုနှစ်ကိုရောက်ရင် အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံတခု ဖြစ်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ် ADB က ပြောပါတယ်။ ၂ဝ၁၁ ခုနှစ်က စတင်ခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေကြောင့် မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရအပေါ် နှစ်ပေါင်းများစွာ ချမှတ်လာခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို နိုင်ငံတော်တော်များများက ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံရဲ့ အလားအလာကောင်းတွေကို အသိအမှတ်ပြုရာ ရောက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးတဦးဖြစ်တဲ့ သြစတြေးလျ ရှေ့နေ John Hancock က ပြောပါတယ်။

"လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ် ၇ နှစ်လောက်က မြန်မာနိုင်ငံမှာ ဘယ်လို အခြေအနေရှိခဲ့လဲ ဆိုတာကိုကြည့်ရင် တကယ်ကို အံ့သြစရာပါ။ ပြောင်းလဲ ပွင့်လင်းလာတဲ့ အခြေအနေက တကယ့်ကို ထူးခြားပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ အလားအလာတွေ အများကြီး ရှိလာပါပြီ။ လူတိုင်းက မြန်မာနိုင်ငံကို သွားချင်နေကြပြီး သူတို့ရဲ့ စိတ်ဝင်စားမှုတွေကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ အဲဒီမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ဆန္ဒတွေ ရှိနေကြပါတယ်။"

ဒါပေမယ့် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အုံ တည်ဆောက်ရေး၊ တိုင်းပြည်ရဲ့ အရပ်သားလူမှု ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည် ထူထောင်ရေး အပါအဝင် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်း မစ္စတာ Hancock က ပြောပါတယ်။
မြန်မာနိုင်ငံ လူဦးရေ ၆၁ သန်းမှာ လေးပုံ တပုံကျော်ဟာ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုသတ်မှတ်ချက် မျဉ်းအောက်မှာ ရောက်နေပြီး မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမျာ အဆင်းရဲဆုံး နိုင်ငံတခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဆင်းရဲသားအများစုဟာ ကျေးလပ်တောရွာတွေမှာ နေထိုင်သူတွေ ဖြစ်ကြပြီး မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အထောက်အထား ပြည့်ပြည့်စုံစုံ မရှိကြတဲ့အတွက် သန်းနဲ့ချီတဲ့ ဒီလို ဆင်းရဲသားတွေ အချိန်မရွေး ဒုက္ခရောက်နိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။

မြန်မာပြည်သူအများအပြားဟာ ပြုပြင်ပြောင်းလဲရေး ကာလမှာ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရမှာကို စိုးရိမ်နေကြတယ်လို့ ဧရာဝတီသတင်း အယ်ဒီတာ ဦးအောင်ဇော်က ပြောပါတယ်။

"အခုဆိုရင် သုံးနှစ်ကျော်သွားပါပြီ။ အခုမြန်မာနိုင်ငံကလူတွေ ပြောနေတာက နေရာတိုင်းမှာ အထူးသဖြင့် စီးပွားရေးအရ လက်ဦးမှုယူဖို့ အလုအယက် ရောက်လာကြတဲ့အခါမျိုးမှာ ဆုံးရှုံးမှုတွေ တွေ့လာရတယ်လို့ ပြောကြပါတယ်။ တကမ္ဘာလုံးက မြန်မာနိုင်ငံထဲကို လာနေကြတယ်။ အစိုးရကို အပြောင်းအလဲတွေ ဖော်ဆောင်တဲ့အတွက်လည်း ချီးကျူးသြဘာပေး နေကြတယ်။ တကယ်တော့ သူတို့ဟာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေနဲ့ လှည့်စားခံနေကြရတာပါ။ ဒါကိုကြည့်ရင် တကယ့်ကို ရှုပ်ထွေးလွန်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လယ်ယာမြေတွေ အတင်း အဓမ္မသိမ်းယူတဲ့ ကိစ္စတွေကို ခုထိ မဖြေရှင်းနိုင်သေးပါဘူး။ ဒါဟာ တိုင်းပြည်မှာရှိနေတဲ့ တကယ့်ကို ကြီးမားလှတဲ့ ပြဿနာကြီးပါ။"

နယ်စပ်ဒေသတွေမှာဆိုရင် စစ်တပ်က အရာရာကို သိမ်းယူပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လို့ရအောင် ဒေသခံ ရွာသားတွေကို ရွှေ့ပြောင်း နေရာချတဲ့ကိစ္စက သက်သေအဖြစ် ဖော်ပြနေတယ်လို့လည်း ဦးအောင်ဇော်က ပြောပါတယ်။

မြန်မာနိုင်ငံ တောင်ပိုင်းဒေသက ထားဝယ် ရေနက်ဆိပ်ကမ်းလို အထူး စီးပွားရေးဇုံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေကို ဆွဲဆောင်နေပြီး ဒါပေမဲ့ ဒေသခံပြည်သူတွေကတော့ နစ်နာကြေး လုံလုံလောက်လောက် မရဘဲ သူတို့ ရပ်ရွာနေအိမ်တွေကနေ ရွှေ့ပြောင်းပေးနေကြရသလို ဒီလိုစီမံကိန်းကြီးတွေကြောင့် ဖြစ်လာတဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေက ကြီးမားလွန်းလှတယ်လို့လည်း ဦးအောင်ဇော်က ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေကပဲ ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ သစ်လုပ်ငန်း အပါအဝင် စီးပွားရေး နေရာတိုင်းမှာ လွှမ်းမိုးချုပ်ကိုင် ထားတုန်းပဲ ဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သိထားဖို့ သြစတြေးလျ အစိုးရက သတိပေးထားပါတယ်။

ဆစ်ဒနီအခြေစိုက် Macquarie တက္ကသိုလ်က စီးပွားရေးပညာရှင် Sean Turnell ကလည်း မြန်မာ့လူဦးရေ ၆၅ ရာခိုင်နှုန်း၊ အများစုသော ပြည်သူတွေ အဓိက အသက်မွေးရာ စိုက်ပျိုးရေးကဏ္ဍအတွက် ပြုပြင်ပြောင်းလဲမှုတွေဟာ နှေးကွေးလွန်းတယ်လို့ ဆိုပါတယ်။

"ကျနော့် သတိပြုမိတဲ့အချက်က စိုက်ပျိုးရေးကဏ္ဍမျာ တိုးတက်ပြောင်းလဲမှု နည်းပါးနေတာပါ။ မြန်မာပြည်သူတွေ ရဲ့ လူနေမှုဘဝတွေကို ဘယ်အရာက ကြီးကြီးမားမား ပြောင်းလဲပစ်နိုင်မှာလဲ။ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ တခုက လယ်ယာမြေ ကိစ္စပါ။ လယ်ယာမြေ သိမ်းဆည်းခံရတဲ့အခြေအနေတွေ မဖြစ်အောင် လုပ်ရမှာပါ။ တကယ်တမ်းကျတော့ ဒီကိစ္စတခုတည်းမှာတင် တိုးတက်မှုထက် ဆုတ်ယုတ်မှုတွေပဲ ကြုံနေရပါတယ်။"

လယ်ယာမြေ အခွင့်အရေး မရှိဘဲ လယ်သမားတွေ အတွက် အကျိုးအမြတ် သိပ်မရှိနိုင်ဘဲ၊ ကြွေးမြီတွေသာ အကြီးအကျယ် ပြန်မဆပ်နိုင်တဲ့ အခြေအနေ ဆိုက်သွားနိုင်တယ်လို့လည်း Sean Turnell က သုံးသပ်ပါတယ်။ တချိန်တည်းမှာ ပြုပြင်ပြောင်းရေးကို မလိုလားတဲ့ ရှေးရိုးစွဲ သမားတွေကလည်း အစိုးရတွင်းမှာ ရှိနေတာပါ။

လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အဓိက အဆုံးအဖြတ်ဟာ လာမယ့် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွေရဲ့ ရလဒ်အပေါ်မှာ မူတည် နေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ရှေ့ဆက် အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပြီး မြန်မာနိုင်ငံတွင်း လူမျိုးရေးနဲ့ ဘာသာရေး ကွဲပြားမှုတွေရဲ့ လှုံ့ဆော်မှုတွေကနေ တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ထိခိုက်စေနိုင်တယ်လို့လည်း သုံးသပ်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်ရှင်။
XS
SM
MD
LG