သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေ စုတာထက် မူဝါဒ ပြင်ဖို့လို


မြန်မာ့ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေ စုတာထက် မူဝါဒ ပြင်ဖို့လို
မြန်မာ့ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေ စုတာထက် မူဝါဒ ပြင်ဖို့လို

သမ္မတ ဦးသိန်းစိန်ရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်အတွက် မုံရွာကုန်စည်ဒိုင် အဖွဲ့ဝင် ကုန်သည်ပွဲစား အယောက် ၇၀၀ နီးပါးကို ကျပ် ၂၀၀,၀၀၀ စီ ထည့်ဝင်ကြရမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက ညွှန်ကြားလိုက်ပါတယ်။ ကုန်သည်ပွဲစား တချို့က ထည့်ဝင်နိုင်ပေမဲ့ အများစုက မထည့်နိုင်ကြဘူးလို့ ပြောကြပါတယ်။ ဒီလို ချမ်းသာသူတွေဆီက အလှူခံပြီး ဆင်းရဲသားကို မျှပေးတဲ့ ယာယီနည်းနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး ဖြေရှင်းလို့ မရနိုင်ဘဲ ရေရှည်အတွက် အစိုးရ အနေနဲ့ မူဝါဒတွေ ပြောင်းလဲသင့်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်အတွက် မုံရွာ ကုန်သည်ပွဲစားတွေက ကျပ်သိန်း ၁,၀၀၀ ထည့်ဝင်ရမှာ ဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင် စာရင်းအရ ကုန်သည်ပွဲစား ၇၀၀ နီးပါးရှိတယ် ဆိုပေမဲ့ တကယ်တမ်း ကုန်စည်ဒိုင်နဲ့ ဆက်စပ် အလုပ်လုပ်သူက ၃၀၀ လောက် ရှိမယ်လို့ ကုန်စည်ဒိုင် တာဝန်ရှိသူတွေကို ကိုးကားပြီး The Voice weekly online သတင်းက ဆိုပါတယ်။

မုံရွာကုန်စည်ဒိုင်နဲ့ နီးစပ်တဲ့ ကုန်သည် အမျိုးသမီးတယောက်က သတ်မှတ်ငွေရဖို့ မသေချာသေးဘူးလို့ ပြောပါတယ်။

“အားလုံး ဖြစ်နိုင်ကြရဲ့လား ဆိုတာက အားလုံးတော့ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ အဖွဲ့အစည်းမှာကတော့ ဦးရေ ၇၀၀ လောက်က မှတ်ပုံတင်ထားတာ ရှိတာပေါ့ရှင်။ ဦးရေ ၇၀၀ စလုံးကလည်း ပွဲစား ကြီး ငယ် ရွယ်လတ် အားလုံးကလည်း ၂၀၀,၀၀၀ ကို တန်းတူ ထည့်နိုင်တဲ့လူလည်း ရှိတယ်၊ တန်းတူ မထည့်နိုင်တဲ့လူလည်း ရှိတယ်။ အဲဒီတော့ အခုချိန်ထိ စာရင်းကောက်တုန်းပဲ ရှိသေးတယ်။ ပြည့်စုံ၊ မပြည့်စုံ ဆိုတာတော့ မသေချာသေးဘူးရှင့်။”

ပြီးခဲ့တဲ့ လကုန်ပိုင်း အစည်းအဝေးမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ ကုန်သည်တွေ ကျပ်သိန်း ၁,၀၀၀ ထည့်ဝင်ရမယ်လို့ ကုန်စည်ဒိုင် ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ အစည်းအဝေးမှာ ၃၀၀,၀၀၀ သတ်မှတ်ပေမဲ့ အဖွဲ့ဝင်ဦးရေအရ နောက်ပိုင်းမှာ လျှော့လိုက်တယ်လို့ အဆိုပါ ကုန်သည်အမျိုးသမီးက ပြောပါတယ်။

“စောစောကတော့ ၃၀၀,၀၀၀၊ ၃၀၀,၀၀၀ ကနေ သူတို့ ညှိလိုက်တဲ့အခါကျ ကုန်စည်ဒိုင်က သူတို့ သိန်း ၁,၀၀၀ ပံ့ပိုးရမယ်လို့ ပြောပါတယ်ရှင့်။ အဲဒါကို ၃၀၀,၀၀၀ ကနေ ၂၀၀,၀၀၀၊ ဟိုတပတ်လောက်က အစည်းအဝေးပြီးတော့ ၂၀၀,၀၀၀ သတ်မှတ်တယ်လို့ ပြောပါတယ်ရှင့်။”

The Voice weekly online သတင်းမှာတော့ မုံရွာ ကုန်သည်ပွဲစားတွေ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့ကို နောက်ဆုံးထား ထည့်ဝင်ရမှာဖြစ်ပြီး ပျက်ကွက်သူတွေ ကုန်စည်ဒိုင်ဝင်ခွင့် ပိတ်မယ်လို့ ဖော်ပြထားပါတယ်။

မုံရွာ ကုန်သည်ပွဲစား အများစုရဲ့ အခြေအနေကို သူမက အခုလို ပြောပြပါသေးတယ်။

“ပွဲစားတွေက ဒီ ၇၀၀ အားလုံးဟာ ချမ်းသာတဲ့ လူတွေချည်းတော့ မဟုတ်ဘူး။ လက်လုပ်လက်စားဘဝက ပွဲစားလုပ်တာ၊ နေရာလေးငှားပြီး ပွဲစားလုပ်ကြတာ။ တောကတက်လာပြီးတော့မှ သူ့ရာသီလေးနဲ့သူ ပဲရာသီလေး လာလုပ်ကြတာ။ ဒီလိုဟာလေးတွေလည်း အများကြီးပါပဲ။ အားလုံးလိုလိုက ဒီ ၂၀၀,၀၀၀ ကို အကုန်လုံးလိုလို တတ်နိုင်ပါတယ် ဆိုတဲ့လူကတော့ အရေအတွက် မပြည့်စုံနိုင်လောက်ဘူး ထင်ပါတယ်ရှင့်။ တချို့တလေ မထည့်နိုင်တဲ့လူလည်း ရှိပါတယ်။”

အခုလို ငွေကောက်ခံဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ကစပြီး ကုန်သည်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ချင်းရေးရာဝန်ကြီး နိုထန်ကပ်ကို မေးကြည့်တော့ သူက အခုလို ပြောပါတယ်။

“ကျနော်လည်း သေချာမသိလို့နော်၊ ဖြေလို့မရဘူး။ ကျနော် နေမကောင်းလို့ အခု ရန်ကုန်မှာ ရှိနေတာ။ သေချာမသိတဲ့ဟာ ကျနော် ပြောလို့လည်း မသင့်တော်ဘူးလေ။ ကျနော်လည်း စုံစမ်းကြည့်မယ်လေ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ နိုင်ငံခြားရေး ကော်မတီဝင် ဦးညိုအုံးမြင့်က ဆင်းရဲမွဲတေမှု လျှော့ချဖို့ ငွေကောက်ခံတဲ့အပေါ် အခုလို ဝေဖန်လိုက်ပါတယ်။

“အဲဒီလို ကုန်သည်တွေဆီက ပိုက်ဆံကောက်ပြီး ဆင်းရဲမွဲတေတဲ့၊ ပိုက်ဆံမရှိတဲ့ လူတွေကို ပေးတယ်ဆိုတာ မုန့်ဖိုးပေးတဲ့ သဘောလို့ ထင်ပါတယ်။ တကယ့်တကယ် စီးပွားရေး ပြဿနာက အလုပ်အကိုင် ရှားပါးမှု၊ ရင်းနှီးမြှုပ်နှံမှု မရှိတဲ့ ပြဿနာအပေါ် အခြေခံပြီးတော့ လူတွေ ဆင်းရဲတဲ့ဘဝကို ရောက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ တိုင်းပြည်မှာ တကယ်တမ်း ဒီ ဆင်းရဲမွဲတေမှုကို ပပျောက်ချင်တယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ၊ ဒါမှမဟုတ် ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဒီ တကျပ်တပြားနဲ့ ဘာမှလုပ်လို့ မရဘူးလို့ ထင်ပါတယ်။

“တကယ်လုပ်ရမယ့် ပြဿနာက အစိုးရရဲ့ ပေါ်လစီ၊ စီးပွားရေး ပေါ်လစီကို ပြုပြင်ပြောင်းလဲပြီးတော့ အလုပ်တွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒီလို မုန့်ဖိုးပေးသလို တယောက်ဆီက တကျပ်ယူပြီး နောက်တယောက်ကို ၁၀ ပြားပေးတဲ့ ပုံစံမျိုးက ဒါ ဆင်းရဲမွဲတေမှု ပျောက်တာ မဟုတ်ဘဲ လူတွေက ဒီလိုပဲ အလှူဒါနကနေပြီး ရတယ်ဆိုတဲ့ မှားယွင်းတဲ့ အတွေးအခေါ်မျိုး ဝင်သွားမှာတောင် စိုးရိမ်စရာ ကောင်းတယ်လို့ ပြောလို့ရပါတယ်။”

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အများဆုံး ဒေသတွေဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၂၆% ဟာ ဆင်းရဲမွဲတေနေတယ်လို့ ပါရှိပါတယ်။

XS
SM
MD
LG