သုံးရလွယ်ကူစေသည့် Link များ

သမ္မတ ဦးထင်ကျော်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်


သမ္မတဦးထင်ကျော်ဟာ ဒီကနေ့မနက်ပိုင်းက လာအိုနိုင်ငံကို နေ့ချင်းပြန် ခရီးစဉ်တခု သွားပြီး ညနေပိုင်းက ပြန်ရောက်လာပါပြီ။ မြန်မာနိုင်ငံမှာ အရပ်သားဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီးနောက်ပိုင်း ပထမဆုံးသွားတဲ့ ပြည်ပခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားပါတယ်။

သမ္မတဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်တို့ကို လာအိုနိုင်ငံခရီးစဉ် အသွားအပြန်မှာ ဒုတိယသမ္မတနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား အဆင့်မြင့် တာဝန်ရှိသူတွေက နေပြည်တော်လေဆိပ်မှာ အသွားတုန်းက လိုက်ပို့ကြသလို အပြန်မှာ လည်း ကြိုဆိုကြပါတယ်။

သမ္မတဦးထင်ကျော်နဲ့အဖွဲ့ကို လာအိုသမ္မတ Bounnhang Vorachit (ဘွန်ညန်း ဗိုရာချစ်တ်) က ဗီယန်ကျင်းမြို့တော်လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်တာကို လာအိုနိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနက ထုတ်လွှင့်ပြသပါတယ်။ လာအိုသမ္မတဟာ ပြီးခဲ့တဲ့ ဧပြီလ က ရွေးကောက် တင်မြှောက်ခံထားရတာပါ။

ကြိုဆိုပွဲအခမ်းအနားပြီးတဲ့နောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြတာမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေပါဝင်တယ်လို့ လာအိုနိုင်ငံ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ လာအိုနိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ လက်ရှိ အလှည့်ကျဥက္ကဌဖြစ်ပြီး စက်တင်ဘာလ ကျရင် အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိပါတယ်။

XS
SM
MD
LG