သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား


နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား နေပြည်တော်မှာ ကျင်းပနေစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား နေပြည်တော်မှာ ကျင်းပနေစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
မနေ့တုန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆုချီးမြှင့်ပွဲမှာ နိုင်ငံတော်ရဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့သူတွေကို ဆု အမျိုးအစားပေါင်း ၁၄ မျိုးကို ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုကြဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက်တွန်းပြောကြားသွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေးမှာဖြစ်ပါတယ်။

မနေ့တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆု ချီးမြှင့်ပွဲမှာတော့ ဆုအမျိုးပေါင်း ၁၄ မျိုးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးကို နိုင်ငံစွမ်းဆောင် ရည်ဆုတွေဆိုပြီး ချီးမြှင့်သွားခဲ့တာပါ။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ အားကစား စတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်သူတွေ တိုင်းပြည်အတွက် ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူတွေကို ရွေးချယ်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ယှဉ်ရင် အဘက်ဘက်က နောက်ကျ
နေပေမဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်မနှောင်းသေးဘူးလို့ သမ္မတဦးသိန်းစိန်က ဆုချီးမြှင့်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ နိုင်ငံဟာ အဘက်ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန်မနှောင်းသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကျနော်တို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှလည်း တခြားနိုင်ငံတွေလို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိပက္ခဖြစ်မယ့်နေရာတွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမယ်ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန် ဆောင်ရွက်ကြဖို့နဲ့ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။”

အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်အဖြစ် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးချစ်ခင်ကတော့ အခုလို ဆုရရှိလို့ ဝမ်းမြောက်မိတယ် လို့ ပြောပါတယ်။

“နိုင်ငံတော်က ချီးမြှင့်တဲ့ဆုကို ရရှိတော့ အင်မတန်မှ ဝမ်းသာပါတယ်။ သမ္မတကြီး ချီးမြှင့်တဲ့ဆုကို ရရှိတာ။ ဒါပေမဲ့ ကျနော်တို့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် နောက်ထပ် ထပ်ပြီးတော့ အများကြီး ကြိုးစားဖို့ရှိပါတယ်။”

နိုင်ငံကို အခွန်ဘဏ္ဍာ အများဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကတော့ သူ့အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဈေးကွက်မှာ ဝင်ရာက်လုပ်ကိုင်နိုင်ဖို့အပြင် မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်သစ် ဖန်တီးရေးတို့အတွက်လည်း ကြိုးပမ်းသွားမယ်လို့ ပြောသွားပါတယ်။

“မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိပြီးတော့ ဘဏ္ဍာအခွန်ငွေတွေကိုလည်း ကျနော်တို့ ဆောင်မယ်။ နောက်ပြီးရင်လည်း နိုင်ငံတကာ စီးပွားရေးဈေးကွက်မှာ ဝင်ပြီးတော့ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်လူတွေအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးဖို့အတွက်ရယ် အဲ့ဒါတွေအတွက်လည်း ကျနော်တို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ နေရာတိုင်းကို တတ်နိုင်သမျှ ကျနော် ဖြည့်ဆည်းပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင်တဲ့သမျှ အသက်ရှင်သေးသ၍ ကြိုးစားဆောင်ရွက်သွားမှာပါ။”

အရင်တုန်းကတော့ ဒီလိုဆုမျိုးတွေကို လွတ်လပ်ရေးနေ့မှာ လူမှုထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆုလိုမျိုး ပေးအပ်လေ့ရှိပေမဲ့၊ ဒီတခေါက်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့
နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်တာကတော့ ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။
XS
SM
MD
LG