မြန်မာနိုင်ငံမှာ ဆယ်ယောက်မြောက် သမ္မတကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် ဆယ်နာရီမှာ ရွေးချယ်ကြတော့မှာ ဖြစ်ပါတယ်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၆၀ (က) အရ နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်ရေးတင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ် တင်မြှောက်ရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၆၀ (ခ) အရ အမျိုးသားလွှတ်တော်အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်အစုအဖွဲ့နဲ့ တပ်မတော်သား လွှတ်တော်အစုအဖွဲ့ စုစုပေါင်း ၃ ဖွဲ့ကနေ ဒုသမ္မတ တယောက်စီကို တင်မြှောက်ပေးရမှာ ဖြစ်ပြီး ပုဒ်မ ၆၀ ဃ အရ ဒုသမ္မတတွေ သမ္မတအရည်ချင်းနဲ့ ပြည့်စုံမှုရှိမရှိ စိစစ်ပေးရတာပါ။
သမ္မတဟောင်း ဦးထင်ကျော် အနားယူခဲ့ပြီးတဲ့နောက်မှာ မတ်လ ၂၃ ရက်နေ့က ဒုသမ္မတအသစ်အဖြစ်ရွေးချယ်ခဲ့တဲ့ ဦးဝင်းမြင့်ကို သမ္မတအရည်ချင်းနဲ့ ပြည့်စုံမှုရှိကြောင်း မတ်လ ၂၆ ရက်နေ့မှာ ကြေညာခဲ့တာကြောင့် အခု ဒုသမ္မတ ၃ ဦးဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးဟင်နရီ ဗန်ထီးယူနဲ့ ဦးဝင်းမြင့်တို့အထဲကနေ တဦးကို သမ္မတအဖြစ်ရွေးချယ် ကြရမှာ ဖြစ်ပါတယ်။
ဒုသမ္မတသုံးဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက တပြိုင်နက်တည်း လျှို့ဝှက်ဆန္ဒမဲနဲ့ မဲပေးရမှာဖြစ်ပြီး မဲအရေအတွက်အများဆုံးရတဲ့သူက သမ္မတဖြစ်ပါတယ်။ ဒုတိယအအများဆုံးရတဲ့သူက ဒုသမ္မတ(၁) ဖြစ်ပြီးနောက်ဆုံးတယောက်ကတော့ ဒုသမ္မတ(၂) ဖြစ်မှာပါ။
၂၀၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲအပြီး ၂၀၁၆ခုနှစ် မတ်လ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်မှုမှာ ဦးထင်ကျော်က ထောက်ခံမဲအများစုနဲ့သမ္မတဖြစ်လာပြီး၊ ဒုသမ္မတ (၁)အဖြစ် ဦးမြင့်ဆွေနဲ့ ဒုသမ္မတ(၂)အဖြစ် ဦးဟင်နရီဗန်ထီးယူက တာဝန်ယူခဲ့ကြပြီး ဦးထင်ကျော်နုတ်ထွက်ထားတဲ့အလုပ်ရက် (၇)ရက်အတွင်းမှာတော့ ဒုသမ္မတ (၁) ဦးမြင့်ဆွေက ခေတ္တသမ္မတရာထူးကို ယူထားတာဖြစ်ပါတယ်။
အခု နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်ပွဲကို မတ်လ ၂၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာရွေးချယ်ပြီး မတ်လ ၂၉ ရက်မှာတော့ ရွေးချယ်ခံနိုင်ငံတော်သမ္မတသစ်က ကျမ်းသစ္စာကျိန်ဆိုကာ ပြည်သူတွေကို ပထမဆုံးမိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒုသမ္မတ ၃ ဦးထဲက ဦးဝင်းမြင့်ကို ရွေးချယ်ကြမယ်လို့ အများက ခန့်မှန်းနေကြတာပါ။