သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးဌာနလျှော့ချရေး လွှတ်တော်အတည်ပြု


သမ္မတသစ် ဝန်ကြီးဌာနလျှော့ချရေး လွှတ်တော်မှာ တင်ပြ
သမ္မတသစ် ဝန်ကြီးဌာနလျှော့ချရေး လွှတ်တော်မှာ တင်ပြ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသစ်မှာ ဝန်ကြီးဌာနတွေ လျှော့ချဖွဲ့စည်းမယ့် အစီအစဉ်ကို ဒီကနေ့ပဲ လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ဝန်ကြီးဌာနတွေ လျှော့ချလိုက်တဲ့အတွက် အသုံးစရိတ်တွေ ပိုထွက်လာတဲ့အတွက် လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်မှာဖြစ်သလို၊ ဝန်ထမ်းတွေ အနေနဲ့ အလုပ်အကိုင် ဆုံးရှုံးမှာကို မစိုးရိမ်ကြဖို့လည်း ဒီကနေ့ လွှတ်တော်မှာ အစိုးရသစ်ရဲ့ အစီအစဉ်တွေကို တင်ပြရာမှာ သမ္မတသစ် ဦးထင်ကျော်က ကတိပြုပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတသစ်က ဝန်ကြီးဌာနတွေ လျော့ချတာနဲ့ပတ်သတ်ပြီး ပထမဦးဆုံးအကြိမ် လွှတ်တော်မှာ လာရောက်ရှင်းလင်းတင်ပြခဲ့တဲ့အပေါ် လွှတ်တော်က အတည်ပြုလက်ခံလိုက်တာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေလျှော့ချတာဟာ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးဖို့ ရည်ရွယ်တာသာဖြစ်ပြီး ဝန်ထမ်းတွေ အလုပ်အကိုင် ဆုံးရှုံးမှာကို မစိုးရိမ်ဖို့လည်း အာမခံလိုက်ပါတယ်။

“ဒီနေရာမှာ တချို့ဝန်ထမ်းများက ဝန်ကြီးဌာနများလျှော့နည်းသွားလို့ အလုပ်လက်မဲ့ဖြစ်မှာကို စိုးရိမ်ကြောင်း ကြားသိရပါတယ်။ ဝန်ကြီးဌာနများကို ပေါင်းစည်းလိုက်ခြင်းအားဖြင့် ဝန်ကြီးဌာနနဲ့ ဝန်ကြီးဦးရေ လျှော့နည်းသွားတာပဲ ရှိပါတယ်။ ဝန်ထမ်းများကို သင့်တော်သလို ပြောင်းရွေ့နေရာ ချထားခြင်း အားဖြင့် အလုပ်အကိုင်လုံခြုံမှုပေးမှာဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းများအနေနဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့ ညီညွှတ်ခြင်းရှိတဲ့အလုပ်မျိုးကိုသာ လုပ်ကိုင်မည်ဆိုပါက အလုပ်လက်မဲ့ဖြစ်စရာအကြောင်းလုံးဝမရှိပါကြောင်းကို ပြောကြားလိုပါတယ်။”

သမ္မတသစ် ဦးထင်ကျော်က သူဦးဆောင်မယ့်အစိုးရသစ်ရဲ့ လုပ်ဆောင်သွားမယ့် ရှေ့လုပ်ငန်းစဉ်မူဝါဒ တချို့ကိုလည်း ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပါသေးတယ်။

“ကျနော့်အနေနဲ့ အရေအတွက်ထက် အရည်အချင်းကိုဦးစားပေးရေး၊ အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်းဖော်ဆော်ရေး အမျိုးသားအကျိုးစီးပွားကို ရှေးရှု့ရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည်ပြည့်ဝ၍ ကျစ်လစ်ခိုင်မာသော ပြည်ထောင်စုအစိုးရတရပ် ဖွဲ့စည်းနိုင်ရေး ကိစ္စတို့ကို ဦးတည်၍ဆောင်ရွက်ပါကြောင်း ပြည်ထောင်စု လွှတ်တော်ကြီးသို့ အလေးအနက်ရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျာ။”

လက်ရှိမှာ ဝန်ကြီး တဦး လစာ သိန်း ၃၀၊ ဒုဝန်ကြီးတဦး လစာ သိန်း ၂၀ ကို နိုင်ငံ တော်က ပေးနေရပြီး အခြားသောအဆောင်အယောင်တွေဖြစ်တဲ့ အိမ်ကားစတဲ့ အဆောင်အယောင် တွေအတွက်လည်း နိုင်ငံတော်က ကျခံရတဲ့ စရိတ်တွေရှိပါတယ်။ ဝန်ကြီးဌာနတွေကို လျော့ချလိုက်တဲ့အတွက် သန်း ၅၀၀၀လောက်ကို သက်သာ သွားမယ်လို့ သမ္မတသစ်ကပြောဆိုလိုက်ပါတယ်။သမ္မတက ပိုထွက်လာမယ့် ငွေတွေကို ပညာရေးနဲ့ ဖွံ့ဖြိုးရေးပိုင်းတွေမှာသုံးမယ့် အပေါ် NNER အမျိုးသားပညာရေးကွန်ယက်က ဦးစိုးဝင်းကတော့ ပညာရေး မြင့်တင်မှုအပိုင်းမှာ လုပ်ဆောင်သင့်တာနဲ့ပတ်သတ်ပြီး သူ့အမြင်ကို ခုလိုပြောပါတယ်။

“ဘားဂျက်က အခြေခံပညာရေးကို ကျနော်တို့ မသင်မနေရ ၊ အလယ်တန်းပညာရေးပေ့ါနော် အဆင့်မြင့်ဖို့လိုတယ်။ နိုင်ငံတကာမှာ အထက်တန်းအထိကို မသင်မနေရ အဆင့်မှီတဲ့ နိုင်ငံတွေမှာ လုပ်နေကြပြီပေါ့နော်။ ကလေးတွေကို ကျနော်တို့ စပြီး ပြုပြင်မယ်၊ မသင်မနေရ အလယ်တန်းပညာရေးမှာ ကလေးတွေ ကျောင်းမသင်ရတာမျိုးမဖြစ်အောင် ။ ကျောင်းထွက်ပြီးတော့ အလုပ်လုပ်နေရတဲ့ ရင်နာစရာ ကလေးအလုပ်သမားတွေ အများကြီးပဲ တနိုင်ငံလုံး အဲဒါတွေမဖြစ်အောင် ကျနော်တို့ အစွမ်းကုန် ပြုပြင်ဆောင်ရွက်ကြဖို့လိုတယ်ပေါ့။”

လာမယ့် အစိုးရသစ်ကို ဖွဲ့စည်းတာမှာ လက်ရှိ ထားရှိထားတဲ့ ဝန်ကြီးဌာန ၁၀ ခုကျော်ကို သက်ဆိုင်ရာဌာနတွေအလိုက်ပေါင်းစပ်လိုက်တာကြောင့် ရှိနေတဲ့ ဝန်ကြီးဌာန ၃၀ ကနေ့အစိုးရသစ်လက်ထပ်မှာ ဝန်ကြီးဌာန အခု ၂၀ ဘဲထားရှိတော့မှာပါ။ ဒါကိုအများစုက လက်ခံကြိုဆိုခဲ့ကြပေမယ့် အချို့ကတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ယဉ်ကျေးမှုနဲ့သာသနာရေးဝန်ကြီးဌာနလို့ ပြင်ဆင်တာမှာလည်း သာသနာရေးကိုနောက်ချန် ထားတဲ့အပေါ် ဝေဖန်တာတွေရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ယဉ်ကျေးမှုနဲ့သာသနာရေးဝန်ကြီးဌာနအမည်စာရင်းကို သာသနာရေး နဲ့ယဉ်ကျေးမှုဝန်ကြီး ဌာနလို့ နာမည်ပြောင်းလဲလိုက်တယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားတွေနဲ့ပတ်သတ်ပြီးတော့လည်း အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ဆောင်ရွက်လုပ်ဆောင်မယ်လို့ သမ္မတကတိပြုပြောဆိုလိုက်တဲ့ အပေါ် ရခိုင်အမျိုးသားပါ တီက ဒေါက်တာ အေးမောင်က အခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။

“သမ္မတကြီးပြောတယ် တိုင်းရင်းသားတွေနဲ့ အခွင့်အရေးတူသွားလိုတဲ့ ဆန္ဒတွေကို ဦးဆောင်တဲ့ သမ္မတအတိုင်း အစိုးရအဖွဲ့တိုင်းက အလေးအနက်ထားပြီးမှ စည်းရုံးဖို့လိုတယ်။ စည်းရုံးတဲ့အခါမှာလည်း ကိုယ်လိုချင်တာကြီးပဲ လုပ်လို့မရဘူး။ တိုင်းရင်းသားတွေဘာလိုချင်သလဲဆိုတဲ့ Root cause ပေါ့။ အဲဒီအကြောင်းအရင်းကို ချဉ်းကပ်တဲ့အခါမှာလည်း တိုင်းရင်းသားတွေရဲ့ မျက်လုံးထဲကို ဝင်ကြည့်ဖို့လိုတယ်။ ပြည်ထောင်စုဆိုတဲ့ ဝေါဟာရအောက်မှာ တိုင်းရင်းသားတွေရဲ့ခံစားချက်ကို မေ့ပစ်ထားတဲ့ ကာလပတ်လုံး ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု၊ တိုင်းရင်းသား အရေးကို ဆောင်ရွက်မယ်ဆိုတဲ့ ဆောင်ရွက်ချက်အားလုံးဟာ စိတ်ကူးယဉ်တာပဲ ဖြစ်သွားလိမ့်မယ်။”

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က သမ္မတသစ် ဦးထင်ကျော်က နောင်လာမယ့် အစိုးရသစ်ရဲ့ ဖွဲ့စည်းပုံနဲ့ပတ်သတ်ပြီး လွှတ်တော်မှာတင်ပြခဲ့ပါတယ်။ ဒီလိုတင်ပြခဲ့ တဲ့အပေါ် ဒီကနေ့မှာ မဲခွဲ ဆုံး ဖြတ်အတည်ပြုလိုက်ပါတယ်။ လက်ရှိ ထားရှိမယ့် ဝန်ကြီးဌာန ၂၁ ခုမှာ ကာကွယ်ရေး၊ နယ်စပ်ရေး ရာဝန်ကြီးဌာနနဲ့ ပြည်ထဲရေး တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီး ချုပ်က ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ သမ္မတ သစ် ဦးထင်ကျော်က ခန့်အပ်မယ့် ဝန်ကြီး ဌာန ၁၈ခုက ဝန်ကြီးတွေရဲ့ အမည်စာရင်းတွေကို မနက်ဖြန်ပြည်ထောင်စုလွှတ်တော်မှာ ထုတ်ပြန်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကကဒီကနေ့ လွှတ်တော်မှာကြေညာလိုက်တာကြောင့် မနက်ဖြန်မှာ ဝန်ကြီးအမည်စာရင်းတွေထွက်ပေါ် လာတော့မှာဖြစ်ပါတယ်။

XS
SM
MD
LG