သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးညီလာခံ အတွက် ဒေါ်စုနဲ့ MPC ဆွေးနွေး


ဒေါ်စုနဲ့ MPC တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးစဉ် (Photo-NLD Chairperson facebook )
ဒေါ်စုနဲ့ MPC တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးစဉ် (Photo-NLD Chairperson facebook )

ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဖွဲ့နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး ရှေ့လထဲ ကျင်းပမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ရှေ့ဆန်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေချိန်မှာပဲ တွေ့ဆုံမှုတွေ ထွက်ပေါ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

ဒီတွေ့ဆုံပွဲကို ဒီကနေ့မနက် ၉ နာရီ လောက်မှာ နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း အတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် မှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

(Photo-NLD Chairperson facebook)
(Photo-NLD Chairperson facebook)

ဒီဆွေးနွေးပွဲမှာ အဓိကဆွေးနွေးတဲ့ အချက်တွေကို မြန်မာ ငြိမ်းချမ်းရေး စင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“အဓိကတော့ အခုကျတော်တို့လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မကြာမီကျင်းပတော့မယ့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာကိစ္စ အဲဒီခေါင်းစဉ် ၂ ခုကိုပဲ ကျနော်တို့ဆွေးနွေးခဲ့တာပါ။”

ဒီတွေ့ဆုံပွဲမှာ လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် မကြာခင် ကျင်းပဖို့ရှိတဲ့ နိုင်ငံရေး ဆွေး နွေးပွဲဆိုင်ရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ဆက်လက်လက်တွဲ လုပ်ဆောင်သွား မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ဒီကနေ့ထိ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ ရှေ့အနာဂတ်နဲ့ ပတ်သက်လို့ မဆွေးနွေးဖြစ်ဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“လောလောဆယ်တော့ MPC ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ Detail (အသေးစိတ်) ဆွေးနွေးတာမရှိပါဘူး။ အဓိက သူတို့ ဆွေးနွေးတာကတော့ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မကြာခင် ကျင်းပမယ့်ဟာ အပေါ်မှာလည်း အဓိက ဦးတည်ပြီးတော့ ဆွေးနွေးခဲ့တာရှိပါတယ်။”

ဒီကနေ့ ဆွေးနွေးပွဲမှာတော့ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဗဟိုကော်မတီဝင် ဦးနိုင်ငံလင်း၊ ဦးဖြိုးဇေယ ျာသော်နဲ့ ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာတင်မာအောင်တို့ တက်ရောက်ခဲ့ကြသလို မြန်မာငြိမ်းချမ်းရေးစင်တာဘက်က ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦးတို ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံခဲ့ဖူးပါတယ်။

ဒီနေ့တွေ့ဆုံမှုဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်တွေက မကြာခင် ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်လို့ လာရောက် ရှင်းပြခြင်းသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“သူတို့ ဒီကြားထဲမှာ Union Congress ကို ဇန်နဝါရီမှာ လုပ်မယ်ဆိုတဲ့ ကြေညာချက်ကို ဘယ်ရက် ဘယ်ရက် လုပ်မယ်ဆိုတာကို လာပြီး ပြောတာပါပဲ။ ထွေထွေထူးထူး မပါပါဘူးခင်ဗျာ။”

ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ NCA စာချုပ်ဟာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လမ်းဖွင့်ပေးထားတဲ့ စာချုပ်ဖြစ်ဖို့လိုပြီး နောက်အစိုးရအတွက် ပြောင်းလွယ်ပြင်လွယ်တဲ့ မူဘောင်မျိုး ဖြစ်ဖို့လိုကြောင်း ပြောဆိုတယ်လို့ သူက ပြောပါတယ်။

“ဒီ NCA စာချုပ်က နောက်လူတွေ လက်မှတ်မထိုးတဲ့ လူတွေပါဝင်အောင် ဟ ထားတဲ့စာချုပ် ဖြစ်ရမယ်။ Inclusive ဖြစ်အောင် ကြိုးပမ်းရမယ်။ နောက်ပြီးတော့ နောင်တက်လာမယ့် အစိုးရအတွက် Flexible ဖြစ်တဲ့ မူဘောင်တွေ ဖြစ်ဖို့ဆိုတာကို အရင်ကတည်းကိုက ရက် ၃၀၊ ရက် ၆၀၊ ရက် ၉၀ တို့ Frame သက်မှတ်ထားတာတွေကို ကျနော်တို့ ဥက္ကဋ္ဌက တခါတည်းပြောပြီးသားပဲ။ အဲဒါတွေက ရွေးကောက်ပွဲနဲ့ တိုက်နေတယ်။ ရွေးကောက်ပွဲပြီးလို့ရှိရင် အစိုးရသစ်ပေါ်လာမှာ ဖြစ်တဲ့အတွက်ဆိုတာ ပြောပြီးသားပါပဲ။ အရေးကြီးတာက နောက်တက်လာမယ့် အစိုးရအတွက် Flexible ဖြစ်တဲ့ မူဘောင်တွေ ဖြစ်သင့်တယ်ဆိုတာပါပဲ။”

လာမယ့် ၂၀၁၆ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလို့ ခေါ်တဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတွေကို လက်ရှိအစိုးရ သက်တမ်းအတွင်းမှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်ကိုအောက်တိုဘာ ၁၅ ရက်နေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ပါဝင်လက်မှတ် ရေးထိုးခဲ့တာဖြစ်ပြီး စာချုပ်ပါ သဘောတူ ညီချက်အရ လက်မှတ်ရေးထိုးပြီး ရက် ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG