သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးဝင်းမြင့်ရဲ့ တရားစီရင်ရေးတည့်မတ်မယ့်မိန့်ခွန်း ဥပဒေပညာရှင်များကြိုဆို


သမ္မတဦးဝင်းမြင့်မိန့်ခွန်းပြောကြားစဉ် (Myanmar President Office)
သမ္မတဦးဝင်းမြင့်မိန့်ခွန်းပြောကြားစဉ် (Myanmar President Office)

“ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်မယ်၊ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျတိုက်ဖျက်မယ်။ ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ကြပ်မတ်မယ်”လို့ သမ္မတသစ်က ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲအခမ်းအနားမှာ ကတိပေးပြောဆိုလိုက်ပါတယ်။ ဒီအပေါ် ဥပဒေပညာရှင်တွေနဲ့ ရှေ့နေတွေက ကြိုဆိုလိုက်ပြီး သမ္မတသစ်အနေနဲ့ အပြောနဲ့အလုပ်ညီတဲ့ ယိမ်းယိုင်နေတဲ့တရားရေးမဏ္ဍိုင် တည့်မတ်အောင်လက်တွေ့ကျတဲ့ အကောင်အထည်ဖော် လုပ်ဆောင်မှုတွေဆောင်ရွက်သွားဖို့မျှော်လင့်တယ်လို့ပြောပါတယ်။ ဒါ့အပြင် တရားစီရင်ရေးကို အမိန့်အာဏာသုံးပြီး မလျော်သြဇာတွေနဲ့ လွှမ်းမိုးဖို့လုပ်နေတာတွေကိုလည်း ထိထိရောက်ရောက်ဟန့်တားဖို့လိုတယ်လို့ ရှေ့နေတွေက အကြံပြုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ မတ်လ ၃၀ရက်နေ့ သောကြာနေ့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာကျင်းပတဲ့ ကတိသစ္စာပြုပွဲအခမ်းအနားမှာ ရွေးချယ်တင်မြှောက်ခံ သမ္မတသစ် ဦးဝင်းမြင့် နိုင်ငံကိုပြောခဲ့တဲ့မိန့်ခွန်းထဲမှာ ယိမ်းယိုင်နေတဲ့တရားစီရင်ရေးတည့်မတ်ဖို့၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင်ကြိုးပမ်းဖို့နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အဓိကထားထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

“ ယိမ်းယိုင်နေတဲ့တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ် ရပါလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကြိုးနီစနစ်တွေ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားပြီး ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားကြ ရမှာ ဖြစ်ပါတယ်။”

တရားရေးမဏ္ဍိုင်နဲ့ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ဖို့ ကြိုးစားမယ်လို့ သမ္မတသစ်က ပြောဆိုခဲ့တဲ့အပေါ် ကြိုဆိုပြီး သမ္မတသစ်ဦးဝင်းမြင့်ဟာ ရှေ့နေတဦးလည်းဖြစ်တဲ့အတွက် လက်တွေ့ကျတဲ့ဆောင်ရွက်ချက်တွေ လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဖော်ဆောင်ရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင် နိုတြီပတ်ပလစ် တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

" ဦးဝင်းမြင့် သမ္မတဖြစ်တာ ကျနော်တို့အတွက် အားတက်စရာပေါ့နော် ကျနော်တို့နိုင်ငံမှာ အဓိက အရေးကြီးတာက ဘယ်အစိုးရပဲတက်တက် ဘယ်လိုစီးပွားရေးပေါ်လစီပဲ ချချ၊ နိုင်ငံတော်တခု အောင်မြင်ဖို့ိဆိုတာ တရားဥပဒေစိုးမိုးရေးက အဓိကပဲ။ အဲ့ဒီ့တော့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်မယ်ဆိုတဲ့အတွက် ကျေးဇူးတင်တယ် မျှော်လည်းမျှော်လင့်တယ်ပေါ့။ အားတက်တယ်ပေါ့နော် သူတကယ်ပဲ ဆောင်ရွက်လိမ့်မယ်လို့လည်း ယုံကြည်တယ်ပေါ့နော်။ အားလုံးကလည်း ဝိုင်းပြီးတော့ တက်ညီလက်ညီနဲ့ ကူညီကြဖို့ လိုလိမ့်မယ်။ တရားဥပဒေစိုးမိုးရေးဆိုတာက တကယ်တမ်းကျတော့ အစိုးရတရပ်တည်းပဲလည်း လုပ်လို့မရပါဘူး။ ဌာနဆိုင်ရာတွေချည်းပဲလည်း လုပ်လို့မရဘူး။ အဖွဲ့အစည်းတွေကလည်း လုပ်လို့မရဘူး။ အဓိကကတော့ တယောက်ချင်းက စရလိမ့်မယ်။ မိသားစုတစုချင်းက စရမယ်။ တရားဥပဒေစိုးမိုးရေးမိသားစုတွေ စုပေါင်းလိုက်မယ်ဆိုရင် အဲ့ဒီ့ရပ်ကွက်၊ အဲ့ဒီ့မြို့နယ်၊ အဲ့ဒီ့ခရိုင် အဲ့ဒီ့ပြည်နယ် အဲ့ဒီ့နိုင်ငံ တရားဥပဒေစိုးမိုးမှုဖြစ်မှာပေါ့။ မိမိကစပြီးတော့ ဗဟိုပြုပြီးတော့ ပြည်သူပြည်သားတွေလည်း ဆောင်ရွက်ကြစေချင်တယ်။ အဲ့သမ္မတသစ်ကလည်း သူဆောင်ရွက်ပ့ါမယ်လို့ ကတိကဝတ်ပြုထားတဲ့အတွက် ဆရာတို့က ဝမ်းသာပါတယ်။"

ဒါ့အပြင် ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် ကြိုးနီစနစ်နဲ့ လူ့အဖွဲ့အစည်းတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျတိုက်ဖျက်မယ်လို့ ပြောဆိုခဲ့တဲ့အပေါ်မှာတော့ တရားစီရင်ရေးတွေမှာ အုပ်ချုပ်တဲ့အာဏာပိုင်တွေ အဖွဲ့အစည်းတွေဘက်က အမိန့်အာဏာသုံးပြီး မလျော်သြဇာတွေနဲ့ လွှမ်းမိုးဖို့လုပ်နေတာတွေကိုလည်း ထိထိရောက်ရောက်ဟန့်တားဖို့လိုတယ်လို့လည်း တိုင်းရင်းဒေသက လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ နစ်နာမှုတွေကို ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကချင်ရှေ့နေတဦးဖြစ်တဲ့ ဦးခွန်နောင်ကလည်း ပြောဆိုလိုက်ပါတယ်။

"မဏ္ဍိုင်ကြီးသုံးရပ်ထဲက တရားစီရင်ရေးကတော့ ယိမ်းယိုင်နေတာတော့ နှစ်ပေါင်းများစွာရှိနေပြီပေါ့။ အခုက သမ္မတသစ်က သူကိုယ်တိုင်ကလည်း ရှေ့နေဖြစ်တဲ့အခါကျတော့ သူ ဥပဒေလည်း တတ်ကျွမ်းတယ်။ နားလည်တယ် ဆိုတဲ့အခါကျတော့ ဒီတရားစီရင်ရေးကို ကိုင်တွယ်လာမယ်လို့ဆိုတဲ့အပေါ်မှာ ကျနော်တို့က အများကြီး ဝမ်းမြောက်ဝမ်းသာကြိုဆိုတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ထိထိရောက်ရောက်လည်း ကိုင်တွယ်စေချင်တယ်ဗျ။ ဟို အပြောချည်းပဲ မဟုတ်ပဲနဲ့ အမှန်တကယ် ထိထိရောက်ရောက် တရားစီရင်ရေးကို လွတ်လွတ်လပ်လပ် ဥပဒေနဲ့အညီ ကိုင်တွယ်ပြီးတော့ ဖြေရှင်းစေချင်တယ် နောက်တခုက တရားစီရင်ရေးတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ တရားသူကြီးတွေ ဥပဒေအရာရှိတွေ ကိုလည်း ဥပဒေနဲ့ မညီပဲ ဖိအားတွေပေးတာတွေ ဖြစ်ပေါ်လာရင်လည်း သမ္မတသစ်အနေနဲ့ ထိထိရောက်ရောက်ပေါ့နော် တရားစီရင်ရေးမှာ လွတ်လပ်စွာဆောင်ရွက်နေတဲ့ သူတွေကို အကာအကွယ်ပေးဖို့လည်း လိုအပ်မယ်လို့ ကျနော်တို့ကတော့ ယူဆတယ်။

လက်တွေ့လုပ်ဖို့ကတော့ အခက်အခဲကတော့ အများကြီးပဲ ရှိပါလိမ့်မယ်။ စိန်ခေါ်မှုတွေကတော့ အများကြီးရှိပါလိမ့်မယ်။ ဆိုတော့ အဂတိဆိုတဲ့တရားထဲမှာ ကျနော်တို့ တရားစီရင်ရေးထဲမှာ အဓိကဖြစ်နေတဲ့ အဂတိက ဘယာကတိပေါ့။ ဘယာဂတိနဲ့ သွားနေတဲ့အတွက် တရားစီရင်ရေးက ယိမ်းယိုင်နေရတာပေါ့နော်။ အဲ့တာကြောင့်မို့လို့ အဲ့ဒီ့ဘယာဂတိတွေကို လျှော့ချဖို့အတွက် သမ္မတကိုယ်တိုင် မားမားမတ်မတ် တရားစီရင်နေတဲ့သူတွေကို ရပ်တည်ပြီးတော့မှာ သူ့အနေနဲ့ အကာအကွယ်ပေးဖို့လိုတယ်။"

နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးစနစ် ပိုမို တိုးတက်လာရေးတွေအတွက် မြန်မာနိုင်ငံတဝှမ်းက ဥပဒေပညာရှင်တွေ ရှေ့နေအသင်းတွေ ရှေ့နေကွန်ရက်တွေဘက်ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့အသင့်ဖြစ်သလို သမ္မတသစ်ဘက်ကလည်း မိန့်ခွန်းထဲမှာပါတဲ့ ကတိပြုချက်တွေကို အပြောနဲ့အလုပ်လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြဖို့လိုတယ်လို့လည်း ရှေ့နေတွေကပြောပါတယ်။

XS
SM
MD
LG